အာဆီယံထိပ်သီးအစည်းအဝေးရလဒ်တွင် ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန်အချက်ကို ထည့်သွင်းတောင်းဆိုခြင်း မပြုသော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် ဥရောပသမဂ္ဂက ဆက်လက်တောင်းဆိုလိုက်သည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအထူးအစည်းအဝေး၏ ရလဒ်အပေါ် ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရယ်၏ ယမန်နေ့ (ဧပြီ ၂၄) ထုတ်ပြန်ကြေညာချက်၌ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးရန် ထည့်သွင်းတောင်းဆိုထားသည်။
“အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေးနဲ့ ငြိမ်းချမ်းစွာအဖြေရှာရန် CRPH၊ NUG အပါအဝင် နိုင်ငံရေးပါတီအားလုံးပါဝင်သော အပြုသဘောဆွေးနွေးပွဲစတင်ရေး အာဆီယံအထူးအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ ကတိကဝတ်တွေကို ထောက်ပံ့ပေးဖို့ အာဆီယံနဲ့အတူ ဥရောပသမဂ္ဂက ပါဝင်ပါတယ်” ဟု ဂျိုးဆက်ဘော်ရယ်က ပြောသည်။
ဥရောပသမဂ္ဂသည် တရားဝင်ဒီမိုကရက်တစ်အင်စတီကျူးရှင်းထံ ချောမွေ့စွာ အာဏာပြန်လွှဲရေးအမြင်ဖြင့် အခြေအနေကို စိတ်ရင်းမှန်စွာ ဖြေရှင်းရေးအတွက် အဓိက ပါဝင်ပတ်သက်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးပွဲကိုလည်း ကူညီရန် အသင့်ရှိနေသည်ဟု ဆိုသည်။
အာဆီယံခေါင်းဆောင်များ သဘောတူဆုံးဖြတ်ခဲ့သော အချက်ငါးချက်သည် မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် အားတက်ဖွယ်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဥရောပသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဂျိုးဆက်ဘော်ရယ်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အဖွဲ့အစည်းများအကြား စေ့စပ်ညှိနှိုင်းပေးရန် အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်မှုသည် အရေးကြီးသည့် ကတိကဝတ်ဖြစ်ပြီး ယင်းအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ညှိနှိုင်းဆွေးနွေးရန် မဖြစ်မနေလိုအပ်မည်ဟု ဂျိုးဆက်ဘော်ရယ်က တိုက်တွန်းသည်။ ထပ်မံလိုအပ်သော လူသားချင်းစာနာမှုအကူအညီများအတွက် အာဆီယံက ပိုမိုကူညီရန်လည်း ၎င်းက တိုက်တွန်းသည်။
သို့ရာတွင် အာဆီယံခေါင်းဆောင်များ၏ သဘောတူဆုံးဖြတ်ချက်ငါးရပ်အပေါ် ပြည်တွင်း၊ ပြည်ပ မြန်မာ့အရေးလေ့လာသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကျွမ်းကျင်သူများက ဝေဖန်လျက်ရှိရာ အထူးသဖြင့် သဘောတူဆုံးဖြတ်ချက်ငါးရပ်တွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားခြင်း မရှိသည့်အပေါ် ထောက်ပြဝေဖန်ကြသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က အာဆီယံဆွေးနွေးပွဲ၏ ရလဒ်သည် စာရွက်ပေါ်တွင် ရှိမနေဘဲ မြန်မာပြည်တွင်း၌သာ ရှိနေမည်ဟု ယနေ့ (ဧပြီ ၂၅ ရက်) တွင် ၎င်း၏တွစ်တာ၌ ရေးသားဖော်ပြထားသည်။
အရပ်သားများကို သတ်ဖြတ်ခြင်းကို ရပ်တန့်မည်လား၊ လူနေရပ်ကွက်အတွင်းအကြမ်းဖက်ခြင်းများကို အဆုံးသတ်မည်လား၊ ထောင်နှင့်ချီသော မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးမည်လား၊ အပြစ်ကျူးလွန်သူများ ကင်းလွတ်ခွင့်ဆက်ဖြစ်နေမည်လား စသည်ဖြင့်လည်း Tom Andrews က မေးခွန်းထုတ်ထားသည်။
ထို့အပြင် အာဆီယံအထူးကိုယ်စားလှယ်နှင့်အတူ အလုပ်လုပ်ရန်နှင့် အာဆီယံအထူးအစည်းအဝေး၏ တကယ့်ရလဒ်များကို စောင့်ကြည့်ရန် အထူးစောင့်မျှော်နေသည်ဟု Tom Andrews က ဆိုသည်။
အာဏာသိမ်းပြီး ရက်ပေါင်း ၈၀ ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၇၄၅ ဦး သေဆုံးခဲ့ရကာ ၃၃၀၀ ကျော် ဖမ်းဆီးတရားစွဲဆိုခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။



