သတင်း

ပြည်သူကို အကြမ်းဖက်မှု အဆုံးသတ်ရန် စစ်ကောင်စီ သဘောတူဟုဆို 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ယနေ့ (ဧပြီ ၂၄) ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့အရေး အာဆီယံအထူးထိပ်သီးအစည်းအဝေးတွင် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရန် မြန်မာဘက်က သဘောတူခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ်၏ ပြောဆိုချက်ကို ကိုးကားလျက် မလေးရှားနိုင်ငံပိုင် Bernama သတင်းအေဂျင်စီက ရေးသားထားသည်။ 

“ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ ဒီနေ့အစည်းအဝေးရဲ့ ရလဒ်က ကျွန်တော်တို့မျှော်လင့်ထားတာထက် ကောင်းခဲ့ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် Muhyinddin က ပြောကြားသည်။ 

အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် မလေးရှား၊ စင်ကာပူ ဝန်ကြီးချုပ်များနှင့် အင်ဒိုနီးရှားသမ္မတတို့က အစည်းအဝေးတွင် တောင်းဆိုခဲ့ကြောင်းလည်း The Straits Times သတင်းစာတွင် ရေးသားထားသည်။ 

ထို့ပြင် သက်ဆိုင်သူများအကြား နိုင်ငံရေးစကားဝိုင်းပြန်လည်ကျင်းပရေး၊ အာဆီယံကိုယ်စားလှယ်အဖွဲ့ကို ဝင်ရောက်ခွင့်ပြုရေး၊ လူသားချင်းစာနာမှုအကူအညီများ လက်ခံရေး၊ အာဆီယံအထွေထွေအတွင်းရေးမှူးနှင့် AHA စင်တာတို့က ကြီးမှူးပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးပို့​ရန် လမ်းကြောင်းအားလုံးဖွင့်လှစ်​ရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မြန်မာ့အကျပ်အတည်းတွင် အာဆီယံသည် ကွဲပြားခြားနား၍မရဘဲ အတူတကွ စုပေါင်းလုပ်ဆောင်ရန် တာဝန်ရှိကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အပြုသဘောဆောင်သည့် အခန်းကဏ္ဍနှင့် မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရန် နိုင်ငံအတွင်းသို့ အာဆီယံကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်ခွင့်ပြုရေးတို့ကို မကန့်ကွက်ကြောင်း ထည့်သွင်းပြောကြားသည်ဟု စင်ကာပူဝန်ကြီးချုပ်က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

အစည်းအ​ဝေးတွင် ဘုံသ​ဘောတူညီချက် ငါးချက် ရရှိခဲ့ပြီး ထိုငါးချက်ကို အာဆီယံအ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်ရုံးက သီးသန့်ထုတ်ပြန်မည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏ ထုတ်ပြန်ချက်က ဆိုသည်။

“ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာတွေက လက်ခံနိုင်စရာ မရှိပါဘူး၊ ရပ်တန့်ရပါမယ်။ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဒီမိုကရေစီ၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ပြန်လည်အသက်သွင်းရပါမယ်။ မြန်မာပြည်သူလူထုရဲ့ အကျိုးစီးပွားက အမြဲတမ်းဦးစားပေးဖြစ်ရပါမယ်” ဟု အင်ဒိုနီးရှားသမ္မတ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

အစည်းအဝေးသို့ အာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်သော်လည်း မြန်မာခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းမပြုဘဲ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကိုသာ ခေါင်းဆောင်များအဖြစ် The Straits Times သတင်းဌာနက ဖော်ပြသည်။ 

အာဆီယံထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှနေ၍ နေ့ချင်းပြန်ခရီး တက်ရောက်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်လည်းဖြစ်သည်။ 

အစည်းအဝေးကျင်းပမည့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှေ့တွင် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ အင်ဒိုနီးရှားပြည်သူများက စုဝေးဆန္ဒပြကြပြီး မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံသားများနှင့်အတူ ရပ်တည်ကြောင်း၊ စစ်ကောင်စီက ဖမ်းဆီးထားသူများကို ချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်း တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မည့် ဂျာကာတာခရီးစဉ်အတွင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီးရန် အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ (INTERPOL) သို့ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုခဲ့သည်။ 

အစည်းအဝေးစတင်ကျင်းပသည့် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်က ရန်ကုန်အပါအဝင် မြို့ကြီးများတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရည်ရွယ်ချက်ဖြင့်  သံပုံးတီးဆန္ဒပြကြသည်။ ယနေ့မနက်ပိုင်း ဂျာကာတာခရီးစဉ်မတိုင်မီ စစ်အာဏာသိမ်းခေါင်းဆောင်၏ နာရေးအတွက် ရေအိုးခွဲသပိတ်ကို မြို့နယ်အနှံ့အပြားမှ ပြည်သူများက ပြုလုပ်ခဲ့သည်။ 

အာဏာသိမ်းအပြီး ရက်ပေါင်း ၈၀ ကျော်အတွင်း စစ်ကောင်စီ၏ အင်အားသုံးအကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် အရပ်သားပြည်သူ ၇၄၅ ဦး သေဆုံးခဲ့ရကာ ၃၃၀၀ ကျော် ဖမ်းဆီးတရားစွဲဆိုခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button