မကွေးတိုင်း၊ ဆောမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ ၂၄) က စစ်ကောင်စီစစ်ကြောင်း လာရောက်နိုင်သည်ဟု ယူဆရသည့် လမ်းပိုင်းတစ်ခုတွင် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲခဲ့သဖြင့် အသက် ၃၀ အရွယ် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲခဲ့ခြင်းဖြစ်ကာ သေဆုံးသူ တပ်ဖွဲ့ဝင်နှစ်ဦးအတွက် အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမိန့်ပြန်တမ်းထုတ်ပြန်ပြီးနောက် ယမန်နေ့မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုဟ်ပေးခဲ့ကာ ကျန်ရစ်သူမိသားစုများကိုလည်း ထောက်ပံ့မှုများပြုလုပ်ပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
မတော်တဆမိုင်းပေါက်ကွဲမှုဖြစ်စဉ်၊ သေဆုံးသူတို့၏ ကိုယ်ရေးအချက်အလက်နှင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေ စသည့် အသေးစိတ်ကိုမူ မသိရပေ။
“ကျွန်တော်တို့က နိုင်ငံအတွက် ကောင်းအောင်လုပ်တာ၊ နိုင်ငံအတွက် တိုက်ပွဲဝင်တာပေါ့၊ ကျွန်တော်တို့က လူသာသေဆုံးသွားလိမ့်မယ်။ နာမည်ကတော့ ဘယ်တော့မှ သေဆုံးသွားမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ဆော PDF တာဝန်ရှိသူက ဆိုသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ တိုးပွားလာချိန်တွင် ဒေသအလိုက် PDF များအကြား ကိုယ်ပိုင်လေ့လာမှုဖြင့် ပြုလုပ်သည့် မိုင်းများကို တွင်ကျယ်စွာအသုံးပြုနေကြသည်။
“မိုင်းမှာ ဆရာမရှိဘူးဗျ၊ အန္တရာယ်အရမ်းများတယ်။ သေချာဂရုစိုက်လုပ်ရင်တောင်မှ ဖြစ်တတ်တဲ့ အလေ့အထလေးတွေလည်း ရှိတတ်တယ်။ ဆရာပါဆိုတဲ့လူတွေလည်း ရှေ့မှာတင် သေခဲ့ကြပြီးပြီ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီထက်ပိုပြီးမှ လုံခြုံစိတ်ချရအောင်ရယ်၊ စမ်းသပ်တဲ့ ကိရိယာလေးတွေလည်း ပါစေချင်တယ်” ဟု ဆော PDF တာဝန်ရှိသူက တိုက်တွန်းသည်။
ဆော PDF သည် အခြားသော ဒေသတွင်းအဖွဲ့များအပြင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်ရှိ မင်းတပ်၊ ကန်ပက်လက်မြို့များတွင် အခြေစိုက်သည့် ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံနေသည်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ ဆော-ကျောက်ထု လမ်းပိုင်းကို ထိုဒေသအတွင်း ပြုလုပ်သည့် စစ်ဆင်ရေးများ၊ ချင်းပြည်နယ်သို့ စစ်အင်အားဖြည့်တင်းမှုများတွင် စစ်ကောင်စီက အဓိကအသုံးပြုနေပြီး ဒေသကာကွယ်ရေးအဖွဲ့များကလည်း မိုင်းကို သုံး၍ မကြာခဏတိုက်ခိုက်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်