“ဝုန်း” ခနဲ အသံကြီး ထွက်ပေါ်လာပြီးနောက် တစ်ခဏချင်းအတွင်းမှာပင် “ကယ်ပါ ယူပါ …” တစာစာ အကူအညီတောင်းသံများ မကွေးတိုင်း ကျေးလက်ဒေသတစ်ခုတွင် ဆူညံစွာ ထွက်ပေါ်လာပြီး စစ်လေယာဉ်ဗုံးကြဲသွားသည့် ထိုနေရာသည် သွေးသံရဲရဲတို့ဖြင့် ငရဲခန်းသဖွယ် ရုတ်ချည်း ပြောင်းလဲသွားသည်။
အသံကြားကြားချင်း ဦးမောင်မောင် (အမည်လွှဲ) ဝမ်းလျားထိုးမှောက်လိုက်သည်၊ ကိုယ်တိုင်မှာ သေစေလောက်သည့်ဒဏ်ရာ မရသော်လည်း အနီးဝန်းကျင်အခြေအနေမှာ ဆိုးလှသည်။
အပျက်အစီးပုံများကြားမှ တိုးဝှေ့ထွက်လာပြီးနောက် အနီးဝန်းကျင် နေရာရွှေ့နေချိန်တွင်ပင် လေယာဉ် တစ်ကျော့ပြန်ဝဲပြီး ကျောင်းဆောင်ပေါ် တည့်တည့် ဗုံးချခဲ့ရာ ထိုနေရာတစ်ခုလုံး မီးဟုန်းဟုန်းတောက်သွားသည်။
မေ ၉ ရက်က ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်အတွင်း ယာဉ်လိုင်းစနစ်တကျ ပြေးဆွဲနိုင်ရေးအတွက် အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းတွင် ဒေသခံ ၇၀ နီးပါး အစည်းအဝေးလုပ်နေချိန် စစ်လေယာဉ်ရောက်လာပြီး ဗုံးနှစ်ခါကြဲကာ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၁၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃၀ နှင့် ၆၀ ကြား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၆ ဦး သေဆုံးခဲ့သည့် အကြည်ပန်းပလွန်းရွာလေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ယောဒေသတွင် လူထိခိုက်သေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ သေနတ်သံတိတ်ခဲ့ပြီး ငြိမ်းချမ်းခဲ့ရာ ဗမာအများစုနေထိုင်သည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းသည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုတွင် ရှေ့တန်းမျက်နှာစာများဖြစ်လာသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သည့် မကွေးတိုင်းမြောက်ပိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်တို့ ပါဝင်သည့် ပုံတောင်ပုံညာ ယောဒေသမှာ တော်လှန်ရေးအင်အားစု အားကောင်းရာဒေသဖြစ်သည်။
လေကြောင်းတိုက်ခိုက်ခံရသည့် အကြည်ပန်းပလွန်းရွာမှာ ဆောမြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ရှိပြီး ချင်းပြည်နယ် မင်းတပ်နှင့် မကွေးတိုင်း ပခုက္ကူမြို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးဘေးတွင် တည်ရှိသည်။ အိမ်ခြေ ၁၀၀ ခန့်ရှိသည့် ထိုရွာ ဒေသခံအများစုမှာ တောင်သူလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည်။
စစ်တပ်လေယာဉ်များအတက်အဆင်း ပြုလုပ်ရာ ကျောက်ထုလေယာဉ်ကွင်း၊ အမြောက်တပ်တို့နှင့်လည်း ၅ မိုင်ခန့်သာ ကွာဝေးသည်။
ကျောက်ထုအမြောက်တပ်က အနီးဝန်းကျင်ကျေးရွာများကို မကြာခဏ ပစ်လေ့ရှိသည့် လက်နက်ကြီးရန် ရှိနေသလို ပြီးခဲ့သည့်ရက်ပိုင်းကမှ အနီးအနားဝန်းကျင်ရှိရွာကို ဒရုန်းဖြင့် ကင်းထောက်ပြီး လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် ဦးမောင်မောင်သည် လူစုလူဝေးဖြင့် အစည်းအဝေးလုပ်မည့်အစီအစဉ်ကို စိတ်ထဲ ထင့်နေခဲ့သည်။
အစည်းအဝေးလုပ်မည့် နံနက်ပိုင်းကလည်း ရွာအနီးဝန်းကျင်တွင် ကင်းထောက်ဒရုန်းတစ်စီး အတန်ကြာဝဲခဲ့ပြီး ဖုန်းလိုင်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း ဒေသခံများက ဆိုသည်။
ထိုကဲ့သို့ အချက်ပြသော အခြေအနေများကြောင့် အစည်းအဝေး စတင်ပြီး တစ်နာရီကျော်အကြာ နံနက် ၁၁ နာရီခွဲခန့်တွင် အစည်းအဝေး ရပ်သင့်ကြောင်း ဦးမောင်မောင် သတိပေးခဲ့သေးသည်။
“ကျွန်တော်က နောက်ကနေ လှမ်းပြီးပြောသေးတယ်။ တော်ပြီ၊ ဖြတ်တော့၊ သိမ်းသင့်ပြီဆိုပြီး လှမ်းအော်လိုက်သေးတယ်။ ဦးဆောင်ကျင်းပနေတဲ့သူကလည်း ပြီးတော့မှာ၊ ပြီးတော့မှာလို့ ကျွန်တော့်ကို ပြန်ပြောရုံရှိသေးတယ်၊ ဂျက်ဖိုက်တာအသံပဲ ကျွန်တော်ကြားလိုက်တော့တာ။ ဝေါ..ဆိုလာပြီး ဂျိမ်းဆို…လာတာ”
ဝုန်းခနဲ ပေါက်ကွဲသံနှစ်ကြိမ် ကြားလိုက်ရပြီးနောက် အပေါ်ထပ်ရှိ သစ်သားကျောင်းဆောင်မှာ ပြိုကျပြီး အပျက်အစီးများက ကျောင်းအောက်ထပ်ရှိ အစည်းအဝေးလုပ်နေသည့် လူများပေါ် ကျကာ ပိတ်မိသွားသည်။
“သစ်သားချောင်းတွေက ကျွန်တော်တို့အပေါ်မှာ အကုန်လုံး ဝုန်းဝုန်းဆို ပြုတ်ကျလာတယ်၊ ပထမတစ်ကြိမ် (ဗုံး) ကြဲလိုက်တော့။ အဲ့ဒီမှာ ငယ်သံတွေပါအောင် အော်ကြတော့တာ။ တချို့လူတွေက ပျဉ်ပုံတွေပိလို့။ တချို့တွေကလည်း ပျဉ်နဲ့ရိုက်မိလို့။ ပိတ်တဲ့သူတွေနဲ့ ကယ်ကြပါဦး၊ ပိပါပြီ။ တချို့လူတွေက လက်နက်ကြီးတိုက်ရိုက်ထိလို့ ပေါင်ပြတ်တွေ၊ ခြေပြတ်တွေ၊ ထိကုန်ကြပြီ”
ထို့နောက် မိနစ်ပိုင်းအတွင်းပင် ထိုနေရာကို လေယာဉ် ထပ်ရောက်လာပြီး ဗုံးကြဲပြန်သည်။
“ဒုတိယအကြိမ် ကြဲလိုက်တော့ မီးလောင်ဗုံး ပစ်သွင်းလိုက်တာ။ အပိုင်လုပ်တာ သူတို့က။ တစ်ယောက်မှ မကျန်စေရဘူး။ လောင်တိုက်ထဲသွင်းမယ်ဆိုတဲ့ ပုံစံမျိုး အပိုင်လုပ်လိုက်တာ” ဟု ဦးမောင်မောင်က ဆိုသည်။
ပထမအကြိမ် ဗုံးထိချိန်တွင် နှစ်ပေါင်း ဆယ်နှင့်ချီ သက်တမ်းရှိသည့် ဘုန်းကြီးကျောင်းမှာ ပြိုကျသွားသည့်တိုင် မီးမလောင်သေးဘဲ ဒုတိယအကြိမ် ပစ်ခတ်ချိန်တွင်မှ မီးဟုန်းဟုန်းတောက်လောင်ခဲ့သည်ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
“ပထမအကြိမ်တုန်းက အဆောက်အအုံလည်း ပြိုပြီးတော့ မီးမလောင်ဘူး။ ပေါက်ကွဲတာပဲရှိတယ်။ ပေါက်ကွဲပြီးတော့ ဘေးမှာ အစအနတွေ စဉ်ပြီးတော့မှ မှန်တယ်။ လူတွေ ပေါင်ပြတ်တွေ၊ ခြေပြတ်တွေ၊ ထိတဲ့နေရာတွေ ပြတ်ကျသွားတာ” ဟု ဦးမောင်မောင်က ပြောသည်။
“ဒုတိယအကြိမ် ပစ်သွင်းလိုက်မှ မီးက ထလောင်တာ။ ဝေါဝေါဆိုပြီး မီးက တော်တော်မြန်တယ်။ ဘာအကူအညီနဲ့မှကို ငြှိမ်းသတ်လို့ မရနိုင်တဲ့ အနေအထားမျိုး”
သို့တိုင် ပစ်ခတ်မှုက မရပ်တန့်သေး။ လေယာဉ်က စစ်သေနတ်ဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ပြန်သည်။
“နောက်ဆုံးအကြိမ် လေယာဉ်ထွက်လာတော့ ကျွန်တော်တို့ ကျောင်းထဲမှာ ရှိတဲ့ လူတွေက ဘယ်လိုမှ ကယ်လို့ မရလောက်အောင် မီးက တရစပ်လောင်ပြီးတော့ ကျန်တဲ့သူတွေက မီးလောင်တဲ့ အထဲကို ပါသွားတယ်။ ဘုန်းကြီးကျောင်းဆောင်ကြီးကလည်း သုသာန်တစပြင်အလား အော်သံ၊ ဆူသံတွေနဲ့ အလောင်းတွေနဲ့ပဲ ပြည့်လျှံနေတော့တာ”
ဦးခေါင်းထိထားသည့် ဒဏ်ရာမှတစ်ဆင့် မျက်နှာပေါ် စီးကျနေသည့် သွေးများကို အနီးအနားအိမ်ဝင်းထဲရှိ အုတ်ရေကန်မှ ရေနှင့် အမြန်ဆေးကြောသန့်စင်လိုက်သည်။ ထို့နောက် ဒဏ်ရာဒဏ်ချက်များကို စမ်းသပ်ကြည့်ရာ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ၊ လက်နှစ်ဖက်နှင့် ခြေထောက်တွင် ဒဏ်ရာအသေးစားများ ရှိနေကြောင်း သူသိလိုက်သည်။
သွေးပူနေချိန် လမ်းလျှောက်နိုင်သေးသဖြင့် အနီးအနားကျေးရွာကို ဆိုင်ကယ်ဖြင့် သွားပြီး ကူညီကယ်ဆယ်ရေးအတွက် စီစဉ်သည်။
စစ်တပ်၏ နောက်တစ်ကြော့လေကြောင်းရန်နှင့် လက်တစ်ကမ်းရှိ ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီးရန်တို့ ကြားမှ ဒဏ်ရာရသူများကို ကယ်ထုတ်ပြီး ဆေးကုသရန် ပို့ဆောင်ကြသည်။
နွေရာသီ ရေရှားပါးချိန် အညာဒေသတွင် မီးငြှိမ်းသတ်ရေးမှာ ထင်သလောက် မလွယ်ကူပေ။ ရေစုပ်စက်များဖြင့် ရေတင်ပြီး တစ်ချောင်းတည်းသော မီးသတ်ပိုက်ဖြင့် ပက်ဖျန်းကြရာ ညနေပိုင်းအထိ အပြီးသတ် မငြှိမ်းနိုင်သေးကြောင်း ထိုနေ့က ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ဒေသခံများက ဆိုသည်။
ရုပ်အလောင်း ၁၆ ခုအနက် အများစုမှာ မီးလောင်ကျွမ်းသည့်ရုပ်အလောင်းများဖြစ်ပြီး လက်နက်ကြီးထိမှန်ဒဏ်ရာဖြင့် သွေးထွက်လွန် သေဆုံးခဲ့သူ ၃ ဦးပါဝင်သည်။
“ရုပ်အလောင်းတွေ အများစုက ဘုန်းကြီးကျောင်းရဲ့အနောက်ခြမ်းတည့်တည့်မှာ ထိုင်နေတဲ့သူတွေက လုံးဝပြိုကျပြီးတော့ ထွက်ပေါက်မရှိဘဲနဲ့ ကျန်ခဲ့တဲ့သူတွေ။ အပေါ်ကနေ သစ်ချောင်းတွေနဲ့ ရိုက်ပြီးတော့ သတိမေ့ပြီး ကျန်ခဲ့တဲ့သူတွေ။ အရှိန်တအားပြင်းတဲ့မီးလောင်ဗုံးနဲ့ ပစ်လိုက်တော့ ကယ်ဆယ်လို့မရဘဲ မီးလောင်ကျွမ်းပြီး သေသွားတာ” ဟု ဦးမောင်မောင်က ဆိုသည်။
ထိခိုက်ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိပြီး ၁၀ ဦးနီးပါးမှာ ပြင်းထန်သည့် အခြေအနေရှိကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူအများစုမှာ အနီးအနားကျေးရွာများမှ ဆီကုန်သည်များနှင့် ကားပိုင်ရှင်များဖြစ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ပညာရေးဝန်ထမ်း အမျိုးသမီး ၂ ဦးလည်း ပါဝင်သည်။
လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရာနှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး အများစုမှာ လက်ရှိအချိန်ထိ နေရပ်ပြန်ဝင်နိုင်ခြင်းမရှိသေးဟု မြို့နယ်ပအဖ အဖွဲ့ခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းက ပြောသည်။
လူထုဆယ်နှင့်ချီစုဝေးပြီး ရပ်ရွာအစည်းအဝေးပြုလုပ်နေသည့် နေရာတည့်တည့်ကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ သတင်းကြိုရသောကြောင့် ဖြစ်သည်ဟု ဦးမောင်မောင်က သုံးသပ်သည်။
“အစည်းအဝေးကို ကြိုဖိတ်ထားတာဆိုတော့ သတင်းပေါက်ကြားတာတွေလည်း ရှိနိုင်တယ်။ သတင်းပေါက်ကြားတာတွေရှိလို့လည်း ဒရုန်းက အကြာကြီးဝဲပြီးတော့ ဒီနေရာကို ကွက်တိလာပြီးတော့ လုပ်နိုင်တယ်လို့ ယူဆတယ်”
ဘုန်းကြီးကျောင်းအဆောက်အအုံကို ဗုံးကြဲမှုနှင့် ပတ်သက်ပြီး သတင်းဌာနများက နေပြည်တော်နှင့် မကွေးတိုင်းရှိ စစ်ကောင်စီ တာဝန်ရှိသူတို့ကို မေးမြန်းရန် ကြိုးစားကြသော်လည်း အဆက်အသွယ်မရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားဆဲ ဖြစ်သည်။
ယခင်ကလည်း အရပ်သားများစုဝေးနေသည့် နေရာကို ဦးတည်ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အစုအပြုံလိုက် သေဆုံးခဲ့ရဖူးသည်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ၊ ကျေးရွာအုပ်ချုပ်ရေး ရုံးဖွင့်ပွဲတွင် အရပ်သားများ စုဝေးနေစဉ် တိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်၊ ကိုယ်ဝန်ဆောင်များ အပါအဝင် အရပ်သား ၁၇၀ နီးပါး သေဆုံးခဲ့သည်။ ဂီတဖျော်ဖြေပွဲကျင်းပနေချိန် ဖားကန့်မြို့နယ်၊ အနန့်ပါရွာကို တိုက်ခိုက်ခဲ့သဖြင့် အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံများနှင့် KIA အရာရှိများအပါအဝင် ၆၂ ဦးသေဆုံးပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မကြီးအုပ်ကျေးရွာတွင် ပြည်သူများ အစုလိုက်အပြုံလိုက် အင်တာနက်သုံးစွဲနေစဉ် လေကြောင်းတိုက်ခိုက်ခဲ့ရပြီး ဒေသခံ ၇ ဦး သေဆုံးခဲ့ရသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရပြီး အခြေစိုက်စခန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်နေရသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုကို အားကိုးနေသဖြင့် လူစုလူဝေးပြုလုပ်ရာတွင် ဂရုပြုရန် အရေးကြီးကြောင်း တော်လှန်ရေးအင်အားစုက တိုက်တွန်းထားသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး သုံးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၀၀ ကျော်သေဆုံး၊ ၈၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းတိုက်ခိုက်မှုများကို ပြုစုထားသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။