သတင်း

သုံးရက်တိုင် အလောင်းကောက်ရသည့် ပဇီကြီးရွာတွင် သေဆုံးသူ ၁၆၀ ကျော်ရှိ

စစ်ကောင်စီ၏ လူမဆန်သော လေကြောင်းတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် သုံးရက်တိုင် အလောင်းကောက်ယူနေရပြီး စုစုပေါင်း သေဆုံးသူ ၁၆၀ ကျော် ရှိသည်ဟု ယနေ့ (ဧပြီ ၁၃) တွင် ဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ပဇီကြီးရွာအပြင်ဘက်တစ်နေရာတွင် အင်္ဂါနေ့ (ဧပြီ ၁၁) နံနက်ပိုင်းက ရွာခံများ စုဝေးနေစဉ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲပြီးနောက် ရဟတ်ယာဉ်ဖြင့် အနီးကပ်လိုက်လံပစ်ခတ်ခဲ့သည်။ ထို့ပြင် ညနေပိုင်းတွင် အလောင်းကောက်ယူနေသူများကို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သည်။ 

ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဟိုတစ်စသည်တစ်စ ပြန့်ကျဲနေသော ရုပ်အလောင်းများ၊ ခန္ဓာကိုယ်အပိုင်းအစများကို ဒေသခံများ ယနေ့အထိ သုံးရက်တိုင် လိုက်လံကောက်ယူခဲ့ရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာတစ်ဝိုက် သုံးရက်တာ ကောက်ယူရရှိသည့် အလောင်းအရေအတွက်မှာ ၁၅၈ အထိရှိပြီး ယနေ့နံနက်ပိုင်းအထိ အလောင်းပေါင်း ၁၃၀ ကို စုပေါင်း မီးသင်္ဂြိုဟ်ပေးခဲ့ပြီး ဖြစ်သည်၊ နေရာအနှံ့အပြား လွင့်စဉ်သွားသော ခြေလက်အပိုင်းအစများကို သီးသန့် မီးသင်္ဂြိုဟ်လိုက်သည်ဟု ရုပ်အလောင်းကောက်ယူရာတွင် ပါဝင်သည့် ဒေသအခြေစိုက် ဒေါင်းနီကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုကျော်ဝဏ္ဏက ဆိုသည်။​

“ရုပ်အလောင်း ၁၃၀ ကို မီးရှို့ထားခဲ့ပြီ။ ၁၃၀ ဆိုတာ ခြေပြတ်လက်ပြတ်တွေ မပါဘူး။ အလောင်ပီတဲ့ဟာတွေချည်းပဲ။ ခြေပြတ်လက်ပြတ်တွေရော အကုန်ကောက်ပြီးတော့ (ဗုံးကြဲခံရတဲ့) အဆောက်အအုံထဲ မီးရှို့ခဲ့တယ်” ဟု သူက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူပေါင်း ၅၀ နီးပါးအထိ ထိခိုက်ဒဏ်ရာရခဲ့ရာ ယင်းအနက် ငါးဦး သေဆုံးခဲ့သဖြင့် သေဆုံးသူအရေအတွက် ၁၆၀ ကျော်လာပြီဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ 

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း သေဆုံးသူအရေအတွက်မှာ ၁၆၀ ကျော်လာပြီဖြစ်ကြောင်း အတည်ပြုသည်။ သို့သော် အခြေအနေအသေးစိတ်ကို အတိအကျမပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူအများစုမှာ ပဇီကြီးရွာခံများပင်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူများလည်းရှိရာ သေဆုံးသူအရေအတွက်နှင့် အမည်များကို အတည်ပြုရန် အချိန်ငါးရက်ခန့် ထပ်ကြာနိုင်သည်ဟုလည်း သိရသည်။

ပဇီကြီးရွာဖြစ်စဉ်၌ သေဆုံးသူ ၁၆၅ ဦးရှိကြောင်း၊ အရေအတွက် ထပ်တိုးလာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ထုတ်ပြန်သည်။ 

ပဇီကြီးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ပထမအကြိမ်တိုက်ခိုက်မှုကြောင့် သေဆုံးကြခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ 

ထိခိုက်ဒဏ်ရာရသူများအနက် ၁၇ ဦးကို အကြီးစားခွဲစိတ်မှုများ ပြုလုပ်ခဲ့ရပြီး စိုးရိမ်ရသည့်အခြေအနေရှိသည်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လက်တစ်ဖက်ဖြတ်လိုက်ရသည်ဟု ၎င်းက ပြောသည်။ 

ကောက်ယူရရှိခဲ့သည့် ရုပ်အလောင်း ၁၅၀ ကျော်အနက် ကလေးငယ် ၂၃ ဦး၊ အရွယ်ရောက်ပြီး အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၂၂ ဦး ပါဝင်သည်ဟုသာ လတ်တလော အတည်ပြုနိုင်သေးသည်ဟု ပဇီကြီးရွာ၌ အလောင်းသွားကောက်ရာတွင် ပါဝင်ခဲ့သူ NUG လက်အောက်ခံ ကန့်ဘလူခရိုင် PDF တပ်ရင်း (၄) မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“အတိအကျကတော့ အတည်ပြုလို့ မရသေးဘူး။ နေတအားပူတော့ ပြီးအောင်မကောက်နိုင်သေးဘူး။ ကျွန်တော်တို့ဘက်က အညာဒေသဆိုတော့… မနက်ဖြန်မနက်ကျမှ ပြန်စနိုင်မှာ” ဟု သူက ပြောသည်။

ပဇီကြီးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံထားသည်။ ထိုရွာတွင် လက်နက်ကိုင်တော်လှန်ရေးသမားများ ရှိသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း တိုက်ခိုက်မှုအတွက် တောင်းပန်ခြင်းမပြုသည့်အပြင် ထိခိုက်ပေါက်ကွဲမှုများမှာ မြေပြင်တွင် ပေါက်ကွဲစေသည့်အရာများရှိခြင်းကြောင့်ဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများက ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ထားသည်။

Show More

Related Articles

Back to top button