မကွေးတိုင်း၊ ဆောမြို့နယ်တွင် ယမန်နေ့ (မေ ၁၄) ရက် ညနေက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဆောမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ ဆောချောင်းဘေးရှိ တောမရွာ၌ ညနေ ၃ နာရီဝန်းကျင်တွင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ဝေငှမည်ဖြစ်သဖြင့် လူအများစုဝေးနေချိန်တွင် စစ်တပ်လေယာဉ်က ရွာထဲသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
အသက် ၁၀ လသားအရွယ် ကလေးတစ်ဦး၊ အသက် ၁၁ နှစ်အရွယ် ကိုနူး၊ အသက် ၄၅ နှစ်အရွယ် ဦးအောင်ရွှေ၊ ၆၀ ကျော်အရွယ်များဖြစ်သည့် ဒေါ်ခင်စန်းအေးနှင့် ဒေါ်ကြင်သန်း၊ ၃၅ နှစ်အရွယ် ကိုဖိုးသားနှင့် မိခင်ဖြစ်သူ ၆၇ နှစ်အရွယ် ဒေါ်မစန်းတို့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။
“ဒီရွာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာတာ၊ လှုပ်ရှားတာမရှိဘူး။ လူသားစာနာက ဆန်၊ ဆီ၊ ဆား ရိက္ခာတွေ ဝေပေးတဲ့အစီအစဉ်တစ်ခုတော့ရှိတယ်။ အဲ့ဒါ ဘုန်းကြီးကျောင်းမှာ။ ရွာကလူတွေ စုပြီးမှ ပစ္စည်းဝေဖို့ စုဝေးနေကြတာ ရှိတယ်။ ပစ်ခတ်သွားတာက ရွာထဲကို” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
အခြေခံလိုအပ်ချက်ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ အမျိုးသမီးသုံးပစ္စည်း စသည့် ထောက်ပံ့ရေးပစ္စည်းများ ဝေမည်ဖြစ်၍ လူအများရောက်နေချိန် မိနစ်ပိုင်းအတွင်း စစ်ကောင်စီလေယာဉ်က ကျေးရွာအနောက်ပိုင်းနေအိမ်များကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်ဟု ရွာခံဖြစ်သည့် ဦးထွန်းထွန်း (အမည်လွှဲ) က ပြောသည်။
“(ထောက်ပံ့ပေးသည့်ပစ္စည်းများ) ခွဲပေးပြီးတော့ လူစုလူဝေးခွဲဖို့ပေါ့။ ပါးစပ်က ပြောလို့ကို မဆုံးသေးဘူး။ လေယာဉ်က တန်းလာပြီးတော့ ချတော့တာပဲ။ လေယာဉ်က ၅ မိနစ်အတွင်း ရောက်လာတာ။ ၃ နာရီနဲ့ ၁၀ မိနစ်လောက်မှာ ဖြစ်တာ။ ၅ မိနစ်ပဲကွာတယ်” ဟု ၎င်းက ဆိုသည်။
လူစုဝေးနေသည့် နေရာနှင့် နှစ်လမ်းကျော်ခန့်အကွာကို လေကြောင်းတိုက်ခိုက်ခံရချိန်တွင် အားလုံး ဘေးလွတ်ရာ ကိုယ်လွတ်ရုန်းပြေးကြရပြီး မိနစ်ပိုင်းသာကြာမြင့်သည့် တိုက်ခိုက်မှုအတွင်း မီးလောင်သွားသည့် နေအိမ် ၃ လုံး အပါအဝင် နေအိမ် ၉ လုံးပျက်စီးခဲ့ရသည်။
ဦးထွန်းထွန်းမှာ နေအိမ်လည်း မီးလောင်ပျက်စီးခဲ့သလို ၎င်း၏ ယောက်ဖဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးအောင်ရွှေနှင့် အိမ်လည်ရောက်နေသည့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တို့မှာ သေဆုံးခဲ့သည်ဟု ဆိုသည်။
အထက်ပါ ဦးအောင်ရွှေနှင့် ကလေးငယ်တို့နှစ်ဦးမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစ်စစီဖြစ်သွားသဖြင့် တစ်ခုချင်း ကောက်ယူသင်္ဂြိုဟ်ခဲ့ရကြောင်း တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူ အထက်ပါ အမျိုးသားက ပြောသည်။
“ခေါင်းကို ရှာမတွေ့တာက ၂ လောင်းလောက်ရှိတယ်။ ရုပ်အလောင်းတစ်ခုဆိုရင် သုသာန်ကို ရောက်ပြီး မြေမြှုပ်သင်္ဂြိုဟ်ဖို့ လုပ်မှပဲ အိမ်တွေကြားထဲမှာ ပစ္စည်းတွေရှင်းလင်းရင်းနဲ့ ခြေထောက်တစ်ဖက်ကို တွေ့လို့ သုသာန်ကို ယူလာပြီး ပြန်သင်္ဂြိုဟ်ပေးခဲ့ရတာရှိတယ်” ဟု ၎င်းက ယမန်နေ့က ကူညီကယ်ဆယ်ခဲ့ပုံကို ပြောပြသည်။
“ကလေးတွေ ရုပ်အလောင်းကို ပြိုကျနေတဲ့အဆောက်အအုံကြားထဲမှာ တွေ့ရတယ်။ ၁၂ နှစ်အရွယ်ကလေးက ခေါင်းမရှိတော့ဘူး။ လသားလေးက အစအနတွေမှန်ပြီး သေဆုံးသွားတဲ့ပုံစံမျိုး။ ကိုယ်လက်အင်္ဂါ ပျောက်ဆုံးတာတော့ မရှိဘူး”
လေကြောင်းတိုက်ခိုက်မှုတွင် ခြံဝင်းအတွင်း ကျရောက်ခဲ့သည့် ပေါက်ကွဲမှုကြောင့် သုံးပေခန့် နက်သည့် ချိုင့်ကြီး ဖြစ်ပေါ်ခဲ့ပြီး ရွာမြောက်ဘက်တွင်လည်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်ခုတွေ့ရကြောင်း တောမရွာခံ ဦးထွန်းထွန်းက ဆိုသည်။
တောမရွာလေကြောင်းတိုက်ခိုက်မှုမှာ ဆောမြို့နယ်တွင် တစ်ပတ်အတွင်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေ ၉ ရက်နေ့ကလည်း တောမရွာနှင့် မိုင် ၂၀ ခန့်အကွာရှိ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းတွင် ရပ်ရွာဖွံ့ဖြိုးရေးအတွက် အစည်းအဝေးလုပ်နေချိန် လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁၆ ဦး သေဆုံး၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ပုံတောင်ပုံညာဒေသဖြစ်သည့် ဆောမြို့နယ်တွင် စစ်ကောင်စီ လေယာဉ်ကွင်းနှင့် အမြောက်တပ် အခြေချသည့် ကျောက်ထုမြို့နှင့် ဆောမြို့ပေါ်ရပ်ကွက်တချို့မှအပ နယ်မြေအများစုတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
ဆောမြို့နယ်တွင် မြေပြင်စစ်ကြောင်းမထိုးနိုင်သည့် စစ်တပ်က အရပ်သားပြည်သူများကို ဦးတည် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများက ဆိုသည်။
ဆောမြို့နယ်တွင် စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်မှ တက်လာသည့်ဒရုန်းများက ကျေးရွာများကို ထောက်လှမ်းမှုများ ပြုလုပ်လေ့ရှိသည်။
အရပ်သားများကို ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်နေသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းသတင်း နားစွင့်ကြရန်၊ ပုန်းခိုကျင်းများတူးရန် နှိုးဆော်ထားပြီး ဒေသတွင်းလုံခြုံရေးကိုလည်း ကြပ်မတ်ဆောင်ရွက်နေကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းက ပြောသည်။
“လူစုလူဝေးတွေကို မလုပ်ကြဖို့တော့ တတ်နိုင်သလောက်ထိန်းတယ်။ လုပ်မယ်ဆိုရင်လည်း အကျဉ်းရုံးပြီး လုပ်ကြဖို့ပေါ့။ ရွာအဆင့်မှာတော့ စည်းဝေးတာတွေကို ကိုယ့်ရွာကို ကိုယ့်ဒေသကို ဖွံ့ဖြိုးရေးလုပ်ဖို့တောင် ကိုယ့်ရွာကို လုံခြုံ ဖွံ့ဖြိုးဖို့တောင် လုပ်လို့မရတဲ့အခြေအနေမျိုးတော့ အကျပ်အတည်း ကြီးကြီးမားမားတွေ့နေရတယ်” ဟု သူက ဆိုသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ပြီး စခန်းတစ်ခုပြီးတစ်ခုလက်လွှတ်နေရသည့် စစ်တပ်က လေကြောင်းကိုသာ အားပြုနေရပြီး ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများ၊ အရပ်သားများနေထိုင်သည့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် အုပ်ချုပ်ရေးရုံးဖွင့်ပွဲလုပ်နေစဉ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၁၇၀ နီးပါးသေဆုံးခဲ့ပြီး ဖားကန့်မြို့နယ်၊ အနန့်ပါရွာတွင် ဂီတဖျော်ဖြေပွဲပြုလုပ်ချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် အနုပညာရှင်များ၊ စီးပွားရေးသမားများအပါအဝင် ၆၂ ဦး သေဆုံးခဲ့သည်။