ဓာတ်ပုံအက်ဆေး

သီတင်းကျွတ်ကာလ ရန်ကုန်မြင်ကွင်း

အောက်တိုဘာ ၂၀ သီတင်းကျွတ်လပြည့်နေ့ နေ့ခင်းပိုင်း ရန်ကုန်မြို့ လမ်းမကြီးတွေပေါ်မှာ လိုက်ထရပ်ကား၊ ခွေးဘီလူးကား၊ တက္ကစီတွေမှာ လူအပြည့်မြင်ရကတည်းက ဒီနေ့ ဘုရားတွေ၊ ပန်းခြံတွေမှာ လူတွေအပြည့်ဖြစ်နေပြီဆိုတာ မှန်းဆလို့ရနေပါပြီ။ ထင်တဲ့အတိုင်းပါပဲ … ရွှေတိဂုံဘုရားပတ်ချာလည် ဦးထောင်ဘိုအဝိုင်း၊ ဗဟန်းသုံးလမ်း၊ အာဇာနည်ကုန်းဘက်မှာ ကားတွေကျပ်နေပါပြီ။ ကန်တော်ကြီးထဲမှာလည်း အရွယ်စုံ အုပ်စုလိုက်သွားလာနေကြသလို၊ လူငယ်စုံတွဲလေးတွေကလည်း သစ်ပင်တွေအောက်မှာ ကိုယ်စီအတွဲလေးတွေအလိုက် ထိုင်နေကြပါတယ်။ 

ခရိုနီသူဌေးကြီး ဦးတေဇပိုင် တိရစ္ဆာန်ရုံရှေ့မှာတောင် မမြင်တာကြာပြီဖြစ်တဲ့ လူအုပ်ကြီးကို စမြင်ရပါပြီ။ ဦးတေဇပိုင်လုပ်ငန်းတွေကို စီးပွားရေးသပိတ်မှောက်ကြမယ်လို့ လှုံ့ဆော်ကြသူတွေရှိပေမဲ့ ဒီလှုံ့ဆော်ချက်ကို လူတိုင်းမသိနိုင်သလို မြို့တော်ကြီးသုံးခုမှာရှိတဲ့ တိရစ္ဆာန်ရုံတွေကို နှစ်ရှည်လုပ်ပိုင်ခွင့် ဦးတေဇ ရရှိထားတယ်ဆိုတာလည်း လူတိုင်းမသိနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်စီးလာတဲ့ တက္ကစီဆရာကတော့ စစ်ကောင်စီကို ခုခံစစ်ဆင်ဖို့ တောထဲမှာ စစ်သင်တန်းတက်နေ၊ လေ့ကျင့်နေကြတဲ့ လူငယ်တွေကို သတိရမိတယ်လို့ ဆိုပါတယ်။

“တောထဲက ကလေးတွေကို အားနာလိုက်တာ” လို့ သူညည်းတွားတော့ ကျွန်တော်လည်း ပြုံးမိလိုက်တယ်။ တကယ်လည်း လမ်းမပေါ်မှာ မမြင်တာကြာပြီဖြစ်တဲ့လူတွေက အုပ်စုလိုက်သွားလာနေကြတာ။ သူ့စိတ်ပြေရာပြေကြောင်းအနေနဲ့ “ဘုရားမဖူးရတာကြာတဲ့ လူကြီးတွေနဲ့ ကလေးတွေကို စိတ်ထွက်ပေါက်အနေနဲ့ ပို့ပေးတာဖြစ်နိုင်မှာပါ”လို့ ကျွန်တော်ကပြောတော့ သူက ကျွန်တော့်မှာလည်း ကလေးတွေရှိတာပဲ၊ သူတို့ကို ပို့ချင်ရင်တော့ တခြားအချိန်ပို့မယ်၊ အခုလိုအချိန် ဟေးလားဝါးလားလုပ်နေကြတဲ့ပုံမျိုးကတော့ ရင်းထားရတဲ့ မိသားစုတွေ အားနာဖို့ကောင်းတယ်”လို့ ပြန်ပြောတယ်။ သူပြောတာလည်း ဟုတ်နေပြန်တော့ ကျွန်တော်လည်း စောဒကမတက်တော့ဘူး။ 

ရွှေတိဂုံဘုရားရင်ပြင်မှာ အာဏာမသိမ်းခင် လပြည့်နေ့တွေထက် လူနည်းတယ်ဆိုရပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေပြီးရင် အကြီးဆုံးလူအုပ်ကြီးကို ဘုရားရင်ပြင်ပေါ်မှာ စမြင်ရတာလို့ ပြောရမှာပဲ။ နှာခေါင်းစည်းတပ်တဲ့လူတွေလည်း ပါသလို မတပ်တဲ့လူတွေကိုလည်း အများကြီးတွေ့ရတယ်၊ ကြက်သီးထစရာပါ။ ကိုဗစ်တတိယလှိုင်းမစခင် အင်းစိန်ထောင်မှာ အကျဉ်းသားတွေလွှတ်တုန်းက လူစုလူဝေးဖြစ်ပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာပြီး လူတွေသေဆုံးကုန်တာ ပြန်အမှတ်ရမိပြီး စိုးရိမ်စိတ်ပါဝင်မိတယ်။ 

ကျွန်တော် ဘုရားရင်ပြင်ပေါ်ရောက်တဲ့အချိန်က နေ့လယ်ပါ။ လပြည့်နေ့တွေမှာ ဘုရားဖူးလာတဲ့လူတွေအများစုက ရန်ကုန်မြို့စွန်က လူအများစုတွေပါ။ အခါကြီးရက်ကြီးတွေတိုင်း ဘုရားပေါ်တက် သတင်းယူလေ့ရှိတဲ့ သတင်းထောက်တစ်ယောက်အနေနဲ့ဆိုရင် ဘယ်အချိန်မှာ ဘယ်အရပ်က ဘုရားဖူးတွေ လာတတ်တယ်ဆိုတာ တွက်ထားလို့ရပါတယ်။ ငွေကြေးတတ်နိုင်သူတွေနဲ့ ရွှေတိဂုံနဲ့ သိပ်မဝေးတဲ့ မြို့နယ်တွေက ဘုရားဖူးတွေကတော့ မနက်စောစော ကိုယ်ပိုင်ကားတွေနဲ့ လာလေ့ရှိပြီး မြို့စွန် ဆင်ခြေဖုံးကလူတွေကတော့ ဘတ်စကားတွေနဲ့ လာကြတော့ မနက် ကိုးနာရီ ဆယ်နာရီလောက်ကနေ ညနေပိုင်းအထိ အလုပ်သမားလူတန်းစားတွေ များကြတယ်။ 

အလုပ်သမားလူငယ်တွေက ယောက်ျားလေးဆို ယောပုဆိုး၊ အင်္ကျီအဖြူ၊ မိန်းကလေးဆို ခေတ်စားနေတဲ့ နေကြာပန်းပါတဲ့ ဝမ်းဆက် ဆင်တူအဝတ်အစားတွေ ကြည့်တာနဲ့တင် မှန်းဆလို့ရပါတယ်။ ငွေကြေးတတ်နိုင်ကြသူတွေက ချည်သားကောင်းကောင်းနဲ့ နေကြာပန်းဝမ်းဆက်ဝတ်စုံကောင်းကောင်း ဝတ်ကြသလို အလုပ်သမားမိန်းကလေးတွေကလည်း စျေးပေါတဲ့အသားနဲ့ချုပ်ထားတဲ့ နေကြာပန်းဝမ်းဆက်လေးကို သပ်သပ်ရပ်ရပ်ဝတ်စားပြီး ဘုရားတတ်လာကြတာကလည်း ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်ရင်တော့ စိတ်ချမ်းသာစရာပါ။ 

တစ်ဖက်က နိုင်ငံရေးအခြေအနေနဲ့ တိုင်းပြည်အခြေအနေကို တွေးမိပြန်တော့လည်း စိတ်ထဲမှာ ခံစားချက်တစ်ခုခုဖြစ်ရတာကလည်း တစ်ပိုင်းပေါ့။ ပြန်တွေးကြည့်တော့လည်း အဲဒီအလုပ်သမားလူတန်းစားက အာဏာမသိမ်းခင် ကိုဗစ်ကူးစက်တဲ့အချိန်ကစပြီး အပျော်အပါး အလည်အပတ်သွားလာမှုတွေ ပျောက်ဆုံးခဲ့ရသူတွေပါ။ အာဏာသိမ်းချိန်မှာလည်း အဝတ်အစားအပြင်အဆင်တွေကြောင့် ဆန္ဒပြပွဲအစောပိုင်းမှာ ဒလန်ဆိုပြီး ထင်မြင်ယူဆချက်တွေနဲ့ ဖယ်ကြဉ်ခံခဲ့ရသေးတဲ့လူတန်းစားတွေ။ နောက်ပိုင်းမှ လူငယ်ချင်းပြန်ပေါင်းစုမိပြီး အတူတကွ အာဏာရှင်ဆန့်ကျင်ခဲ့ရပြီး အတူတူ တန်းတူ ဖိနှိပ်ဖြိုခွင်းခံကြရတာပါ။ 

တောင်ဒဂုံ၊ လှိုင်သာယာက ဖိနှိပ်ခံလူတန်းစားတွေဟာ တော်လှန်ရေးမှာ စမ်းချောင်းတို့ ကျောက်မြောင်းတို့လို မြို့နေလူတန်းစားတွေရဲ့ အာဏာရှင်ဆန့်ကျင်မှုထက် မနည်းတဲ့ ဆန့်ကျင်ခုခံခဲ့ကြပြီး လက်နက်ကြီးတွေနဲ့ပါ ဖြိုခွင်းခံရလို့ အများအပြားအသက်ပေးခဲ့ရတဲ့ နေရာတွေပါ။ အခုလည်း လပြည့်နေ့မှာ ဘုရားတွေ၊ ပန်းခြံတွေ ရောက်နေသူအများစုက အဲဒီလို ဆင်ခြေဖုံးနေရာက လူတွေဖြစ်နေပါတယ်။ 

ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေကို ရင်ဆိုင်ပြီး အနယ်နယ်အရပ်ရပ်မှာ စွန့်စား၊ အန်တုနေသူ အများအပြားရှိသေးသလို သေနတ်သံ၊ ဗုံးသံတွေကလည်း မစဲသေးပါဘူး။

ဒီရက်ပိုင်း သီတင်းကျွတ်အလုပ်နားတဲ့ကာလမှာ ရန်ကုန်မြို့ပြင်ကို ကိုယ်ပိုင်ယာဉ်နဲ့ ထွက်သွားကြတဲ့ ခရီးသွားတွေ၊ ချောင်းသာ၊ ငွေဆောင်မှာ အခန်းပြည့်တဲ့အထိ ဘိုကင်လုပ်ထားတယ်ဆိုတဲ့သတင်းတွေ ဖတ်ထားရတော့ လပြည့်နေ့မှာ လိုင်းကားတိုးစီးပြီး ဘုရားနဲ့ ပန်းခြံလာတဲ့လူတွေကိုလည်း နားလည်ပေးရမှာပဲဆိုတဲ့ စိတ်မျိုးပေါ့။ 

ဒါပေမဲ့ စိုးရိမ်စိတ်ဖြစ်တာကတော့ ကိုဗစ်နိုင်တင်းရောဂါပဲ။ ရာသီတုပ်ကွေးပြန်ဖြစ်နေတဲ့အချိန်မှာ အခုလို လူစုလူဝေးနဲ့ သွားလာနေကြတာဟာ ကိုဗစ်စတုတ္ထလှိုင်းကို လက်ယပ်ခေါ်သလိုဖြစ်နေမှာ အတော်လေးစိုးရိမ်မိတယ်။ ကုန်စျေးနှုန်းတွေ၊ ဒေါ်လာစျေးနှုန်းတွေ မတက်သေးခင် ကိုဗစ်တတိယလှိုင်းမှာတောင် လူတွေ သေကျေကုန်ပြီး ငွေကြေးအမြောက်အမြားကုန်ကျခဲ့ကြတာပါ၊ ကုန်စရာ ငွေကြေးတောင်မရှိတော့တဲ့ ဒီအချိန်မျိုးဆိုရင်တော့ ကိုဗစ်ဖြစ်ရင် ဘယ်သူသေသေ တာတေမာရင်ပြီးရောဆိုတဲ့ စစ်ကောင်စီရဲ့ အစီအမံတွေအောက်မှာ ဘယ်လောက်တောင် သေကုန်ကြမလဲ မတွေးရဲပါဘူး။ 

ရန်ကုန်မြို့က တခြားနေရာတွေ ဘာတွေထူးခြားဦးမလဲဆိုပြီး ကားနဲ့ ပတ်ကြည့်တော့ လပြည့်နေ့ အပြင်ထွက်လာတဲ့ လိုက်ထရပ်တွေ၊ ကိုယ်ပိုင်ကားတွေပဲ အများစု လမ်းမပေါ် တွေ့နေရပါတယ်။ 

အရင်လို စစ်ကောင်စီရဲ့ ရဲကားနဲ့ စစ်ကားတွေ နည်းပါးသွားတာကတော့ ဒီရက်ပိုင်း ရန်ကုန်ရဲ့ထုံးစံလိုပါပဲ။ နည်းပါးသွားတာ တစ်ပတ်လောက်ရှိပါပြီ။ အနားယူနေကြတာလား၊ တခြားစစ်ဆင်ရေးအတွက် ထွက်ခွာသွားကြတာလားဆိုတာကတော့ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။ ရန်ကုန်မြို့က UG လူငယ်တွေ ညဘက် ပိုက်စိပ်တိုက်ဖမ်းဆီးခံခဲ့ရတာ သိပ်မကြာသေးတာကြောင့် အာဏာသိမ်းမှု ဆန့်ကျင်သူတွေအတွက်တော့ ရန်ကုန်ဟာ စိတ်ချရတဲ့ အနေအထားမဟုတ်သေးပါဘူး။ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်က ကားပါကင်ထဲမှာတောင် ရဲကား ကိုးစီးလောက်နဲ့ ရေအမြောက်ကား သုံးစီးထိုးပြီး စခန်းချထားတာ မြင်ခဲ့ရပါတယ်။ 

ရန်ကုန်ဟာ အရင်လိုမဟုတ်တော့ပေမဲ့ မနေ့က လပြည့်နေ့တစ်ရက်တည်းမှာတော့ အရင်နီးပါးတော့ပြန်ဖြစ်ခဲ့သလား မေးလာရင် ကျွန်တော်မငြင်းလိုပါဘူး။ ဒါပေမဲ့ ညအချိန်မှာ ရန်ကုန်ရဲ့ နေရာအချို့မှာ သံပုံးတီးသံတွေနဲ့ အောင်ရမည် ဟစ်ကြွေးသံတွေ ပြန်ထွက်ပေါ်လာတဲ့အတွက် ရန်ကုန်ဟာ သွေးမအေးဘူးဆိုတာ သိခဲ့ရပါတယ်။ ပြန်ဆုံကြမဲ့လူတွေအတွက် ရန်ကုန်ဟာ အသင့်ဖြစ်ဆဲ၊ ငြိမ်သက်ပြီးစောင့်နေဆဲပေါ့။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button