
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့စဉ်လှည့်လည်စီးနင်းနေသည့် စစ်ကောင်စီတပ်က ယမန်နေ့ (အောက်တိုဘာ ၁၅) တွင် အရပ်သား ၂၁ ဦးကို ဖမ်းဆီးလိုက်ရာ အဖမ်းခံရသူအများစုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရွာသို့ ရောက်လာသည့် စစ်သားများက အရပ်သားများကို ရန်မူတတ်သဖြင့် မည်သည့်ပါတီဝင်မဆို တိမ်းရှောင်ကြသည်ဟု အသက်သုံးဆယ်အရွယ် ခင်ဦးဒေသခံတစ်ဦးက ပြောသည်။
“မုံတောရွာ ၄ ယောက်က မနက်အစောကြီး ပြေးရင်းလွှာရင်း ဖမ်းခံရတာ။ ဒါန်းကုန်းရွာက ၁၇ ယောက်ကတော့ ဘုန်းကြီးကျောင်းထဲမှာ ဝင်ပုန်းနေတဲ့ ကြံ့ခိုင်ရေးထောက်ခံသူတွေ၊ စစ်ကောင်စီလိုလားသူတွေပေါ့။ ထောက်ခံတာက ထောက်ခံတာပဲ၊ သူတို့လာရင် ပြေးရတာပဲ” ဟု သူက ပြောသည်။
ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း မသိရသေးသလို စစ်တပ်က ဖွဲ့စည်းတည်ထောင်ထားသည့် ကြံ့ခိုင်ရေးပါတီကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နေ့က ရွာများကို လှည့်လည်နေသော စစ်ကောင်စီတပ်၏ စစ်ကြောင်းတွင် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း၊ ထိုစစ်ကြောင်းကို လမ်းတစ်လျှောက် အကြိမ်ကြိမ် ဗုံးခွဲတိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး အယောက်ခြောက်ဆယ်ကျော် သေဆုံးကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။
“မနက် သုံးနာရီလောက်က ရေဦးကနေ ရွာစဉ်တစ်လျှောက်ဝင်လာတာ။ သုံးနေရာမိုင်းခွဲတာ။ ရွာထဲကလူတွေကတော့ အကုန်ထွက်ပြေးကြတာပေါ့။ ကျီးအိုင်ရွာထိပ်ကျတော့ ပဒေသာမိုင်းခွဲလိုက်တာ။ အဲဒီမှာ အတုံးအရုံးသေကြတာ။ အဲဒီကနေ ဆက်သွားပြီး ဒါန်းကုန်းရွာကနေ လူ ၁၇ ယောက် ဖမ်းသွားတာ” ဟု သူက ပြောသည်။
အများအပြားထိခိုက်သေဆုံးရခြင်းမှာ လမ်းတစ်လျှောက် နေရာလေးခုတွင် မိုင်းအလုံးနှစ်ဆယ် ထိထိမိမိဖောက်ခွဲနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ခင်ဦးမြို့ပေါ်ရဲစခန်းကို နေ့ခင်းပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သော်လည်း ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ညနေပိုင်းတွင် ခင်ဦးမြို့နယ်အတွင်း ပျူစောထီးအားကောင်းသည့် မဒေါင်းလှရွာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဝိုင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“မဒေါင်းလှမှာ ပျူတွေရှိတယ်။ အဲဒီဘက်က အဖွဲ့တွေက ဝိုင်းကြ၊ ပစ်ကြနဲ့ဖြစ်တာ။ နှစ်ဦးနှစ်ဖက် သိပ်တော့ မထိခိုက်ကြဘူး။ ဒီဘက်က ဆုတ်ပြီး မကြာဘူး၊ ရဟတ်ယာဉ်ရောက်လာတာ။ ဘာမှမကူနိုင်လို့ ရဟတ်ယာဉ်ရောက်လာတာဖြစ်မယ်။ အဲအချိန် PDF တွေက အောင်မြင်စွာဆုတ်နိုင်ခဲ့တယ်” ဟု သူက ပြောသည်။
ခင်ဦးမြို့နှင် ၁၄ မိုင်အကွာတွင်ရှိသော ရေဦးမြို့နယ်စခန်းတွင် စစ်ကောင်စီတပ်သား အယောက်နှစ်ရာအထိ တိုးချဲ့တပ်စွဲထားပြီး ရေဦးနှင့် ခင်ဦးမြို့နယ်အတွင်း နေ့စဉ် ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။
စစ်ကောင်စီထိုးစစ်ဝင်လာတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် ဗုံးခွဲတိုက်ခိုက်နိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။
ယမန်နေ့ ဗုံးခွဲတိုက်ခိုက်မှုအပြီး သေဆုံးသွားသော စစ်ကောင်စီတပ်သားတို့၏ ရုပ်အလောင်းများ၊ ဒဏ်ရာရသူများကို ၁၂ ဘီးတပ် မော်တော်ယာဉ်တစ်စီးဖြင့် တင်ဆောင်သွားရာ ထိုကားလည်း မိုင်းထိသွားသည်ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။
“ညနေ သုံးနာရီလောက်မှာ ရေဦးကနေ ၁၂ ဘီးကားနဲ့ လာတင်တာ။ အကုန်ကောက်တင်သွားတာ။ ကောက်တင်သွားတဲ့အချိန် ရေဦးတံတားမရောက်ခင် တစ်ခါ မိုင်းထပ်ဆွဲတာ။ ၁၂ ဘီးကား ညာဘက်တစ်ခြမ်းစုတ်ပြတ်ပြီး မောင်းလို့မရတော့ဘူး” ဟု သူက ပြောသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်