မကွေးတိုင်း၊ ဆောမြို့နယ်တွင် ယနေ့ (အောက်တိုဘာ ၈) နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု သိရသည်။
ဆောမြို့နှင့် ၆ မိုင်ခန့်အကွာတွင် ကားငါးစီးဖြင့် စစ်ကောင်စီစစ်ကြောင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ပူးပေါင်း၍ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) မှ တပ်ရင်းမှူးတစ်ဦးက ဆိုသည်။
ကျောက်ထုဘက်သို့ ဦးတည်ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းမှာ ဒေသခံ PDF အဖွဲ့များ ထောင်ထားသည့် မိုင်းငါးလုံးထက်မနည်း ထိခဲ့သည်ဟု သိရသည်။
“ထိရင် (အဲဒီမိုင်းက) သူက လွတ်စရာအကြောင်း မရှိဘူးဗျ” ဟု ဆော PDF အဖွဲ့မှ အမည်မဖော်လိုသူ တပ်ရင်းမှူးက ဆိုသော်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ထိုစစ်ကြောင်းမှာ မိုင်းမထိမီ တစ်နာရီခန့်အလို ဆောမြို့မှ ထွက်လာစဉ် လမ်းတစ်လျှောက်တွင် လက်နက်ကြီးလက်နက်ငယ်များ သုံး၍ အချက် ၄၀ ခန့်အထိ ပစ်ခတ်ခဲ့သေးကြောင်း ၎င်းက ပြောသည်။
“ဒီကောင်တွေက အခုနောက်ပိုင်း ဗျူဟာက ကားလမ်းကသွားရင် ကားပဲသွားတယ်၊ သူတို့(စစ်သားတွေ) က လမ်းဘေး ဘယ်ညာတွေက သွား(လျှောက်)ကြတယ်”ဟု အထက်ပါ တပ်ရင်းမှူးဆိုသူက ပြောသည်။
ထို့ကြောင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် ကြိုတင်မိုင်းထောင်ကာ တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ အထိနာသွားသည့် စစ်ကောင်စီတပ်မှာ ဆောမြို့ဘက်သို့ ပြန်ဆုတ်သွားနေသည်ဟု သိရသည်။
စစ်ကောင်စီနှင့် ဒေသခံ ခုခံကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်နေချိန်တွင် ဆော PDF က ဆော-ကျောက်ထုလမ်းပိုင်းကို မလိုအပ်ဘဲ အသုံးမပြုကြရန် အောက်တိုဘာ ၆ ရက်တွင် ပြည်သူများထံ သတိပေးထားသည်။
စက်တင်ဘာ ၁၆ ရက်ကလည်း ဆော-ကံကြီးလမ်းပေါ်တွင် စစ်ကောင်စီတပ် မိုင်းထိခဲ့ဖူးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု ဆော PDF အဖွဲ့က ဆိုသည်။
မကွေးတိုင်း၊ အနောက်မြောက်ခြမ်းရှိ ဆောနှင့် ကျောက်ထုမြို့နယ်များသည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်မှုများ အားကောင်းသည့် ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်မြို့နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ထိုဒေသသို့ ရောက်လာသည့် စစ်ကောင်စီတပ်များကို ဒေသခံ PDF တို့ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။ အဆိုပါ တိုက်ပွဲများ၊ မိုင်းခွဲတိုက်ခိုက်ခံရမှုများအတွင်း ဒဏ်ရာရ၊ သေဆုံးမှုများနှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p