ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ်ကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာ ၅) နေ့လယ် ၁၂ နာရီခန့်က အစားအစာထွက်ဝယ်သည့် တပ်ဖွဲ့ဝင်နှစ်ဦးပစ်သတ်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု နယ်ခြားစောင့်တပ် (BGF) ဗိုလ်ကြီးသစ်ထူးဦးက အတည်ပြုသည်။
ထိုကျေးရွာအနီးရှိ ကုန်းတစ်ခုပေါ်တွင် နေရာယူထားသည့် BGF စခန်းမှ တပ်ကြပ်ကြီး ကျော်ဒိုးနှင့် တပ်သား တိုးလင်းကျော်တို့ ဘီယာနှင့် စားသောက်ဖွယ်ရာများ ဝယ်ယူပြီး ဆိုင်မှ အထွက်တွင် သေနတ်သမားနှစ်ဦးက ပစ္စတိုဖြင့် အနီးကပ်ပစ်သတ်သွားခဲ့ကြောင်း ၎င်းထံမှ သိရသည်။
“မှန်သွားတာကတော့ ခေါင်းမှာ နှစ်ယောက်လုံးပဲ၊ တစ်ယောက်ကတော့ ရင်ဘတ်မှာ နှစ်ချက်ထိတယ်” ဟု ဗိုလ်ကြီးသစ်ထူးဦးက ပြောသည်။
အရပ်ဝတ် သေနတ်သမားနှစ်ဦးမှာ ထိုနေရာသို့ ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသူများဖြစ်သည်ဟုသာ သိရသေးပြီး မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကို စုံစမ်း၍ မရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဗိုလ်ကြီးသစ်ထူး ဦးဆောင်သည့် ထိုတပ်ခွဲမှာ ကျိုက်ဒုံမြို့အခြေစိုက် BGF တပ်နယ်(၄)၊ တပ်ရင်း ၁၀၂၃ လက်အောက်ခံဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်မှစ၍ ကျိတ်ရွာအနီး တောင်ကုန်းတစ်ခုတွင် တစ်ဖွဲ့၊ ရွာအပြင်တွင် တစ်ဖွဲ့ခွဲကာ စခန်းချထားခြင်းဖြစ်ကြောင်း သိရသည်။
“စခန်းလာစောင့်ရင်းနဲ့ ရွာလုံခြုံရေးလည်းပါတာပေါ့လေ” ဟု ဗိုလ်ကြီးသစ်ထူးဦးက ပြောသည်။
ကေအိုင်စီသတင်းဌာန၏ ဖော်ပြချက်အရ BGF တပ်ရင်း ၁၀၂၃ သည် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) လက်အောက်ခံ ၅၅၇ နှင့် ပေါင်းကာ ထိုဒေသတွင် အခြေချ လှုပ်ရှားနေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်နက်ကိုင်တပ်ဖွဲ့ KNLA တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။
ထိုသို့သော တိုက်ပွဲများအတွင်း စစ်တပ်က ၎င်း၏ လက်အောက်ခံဖြစ်သော၊ နယ်မြေနှင့် ဒေသဘာသာစကား ကျွမ်းကျင်သော BGF အဖွဲ့များကို အသုံးပြုနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p