စစ်ကောင်စီပေးသည့်လစာကို မယူတော့ဘဲ သီးခြားရပ်တည်သွားမည်ဟု ကြေညာထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF) က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းကုမ္ပဏီများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများထံမှ ဘတ်သောင်းချီ အခွန်ကောက်နေသည်ဟု စုံစမ်းသိရှိရသည်။
ရွှေကုက္ကိုလ်မြိုင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဆိုကာ ကုမ္ပဏီဝန်ထမ်းတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၈,၈၉၁ နှင့် လစဉ်ကြေး ဘတ် ၁,၀၀၀၊ စုစုပေါင်း ဘတ်တစ်သောင်းခန့် ကောက်ခံနေသည်ဟု ဝန်ထမ်းတစ်ဦးက ပြောဆိုပြီး BGF တပ်ဖွဲ့၏ အကြောင်းကြားစာများလည်း တွေ့ရှိရသည်။
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက် ၁၀ မိုင်အကွာရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ကျားဖြန့်လုပ်ငန်းကုမ္ပဏီ ၂၅ ခုအထိရှိကာ ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းပေါင်း ၂၀၀ ဝန်းကျင် အလုပ်လုပ်လျက်ရှိသည်။
တစ်လုံးတစ်ခဲတည်းပေးသွင်းရမည့် မြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေ ဘတ် ၈,၈၉၁ အတွက် ဝန်ထမ်းများအနေဖြင့် နှစ်လစာလုပ်အားခကို ချေးယူပေးသွင်းနိုင်သည်ဟု ယခုလဆန်းပိုင်းက ပေးပို့သည့် ရွှေကုက္ကိုလ်မြိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တံဆိပ်တုံးပါ အကြောင်းကြားစာတွင် ဖော်ပြသည်။
ထိုရန်ပုံငွေကောက်ခံခြင်းမှာ”အိမ်တွင်းနေထိုင် စိတ်ချမ်းသာ၍ ခရီးသွားလာလုံခြုံပြီး မြို့တွင်းအေးချမ်း သာယာရန်အတွက်” ဟုလည်း ဆိုထားသည်။
ထို့ပြင် ဝန်ထမ်းများအနေဖြင့် စီမံကိန်းလုပ်ကိုင်ခွင့်ရ ရထိုက်ကုမ္ပဏီ (Yatai International Holding Group)နှင့် လက်အောက်ခံကုမ္ပဏီများထံ လစဉ်ကြေး ဘတ် ၁၀၀၀ ပေးသွင်းရန် BGF အမှတ် (၃) တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးစောမောင်ဝင်း လက်မှတ်ထိုးကာ လွန်ခဲ့သည့် ဇန်နဝါရီလ ၉ ရက်တွင် အကြောင်းကြားခဲ့သည့်စာလည်း တွေ့ရသည်။
“ရွှေကုက္ကိုလ်မြိုင်ဒေသတွင် အထူးစီးပွားရေး လာရောက်လုပ်ဆောင်နေသူများအားလုံးသည် လူတစ်ဦးလျှင် ဘတ် ၁၀၀၀ နှုန်း ပေးသွင်းရမည်” ဖော်ပြထားပြီး လစဉ်လဆန်း ၁ ရက်မှ ၅ ရက်နေ့အတွင်း ပေးသွင်းရမည်ဟု ထိုအကြောင်းကြားစာတွင် ဖော်ပြသည်။
လောင်းကစားလုပ်ငန်းများရှိရာ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) မှ ခွဲထွက်ခဲ့ကာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းခဲ့သည့် ဗိုလ်မှုးကြီးစောချစ်သူ ဦးဆောင်သော ကရင် BGF နှင့် တရုတ်ကုမ္ပဏီ ရထိုက်ကုမ္ပဏီတို့က အကျိုးတူ လုပ်ကိုင်နေခြင်းဖြစ်သည်။
ယခင်က ထိုသို့ပေးဆောင်ရဖူးခြင်း မရှိသော်လည်း လွန်ခဲ့သည့် ဇန်နဝါရီတွင် လစဉ်ကြေး ဘတ် ၁၀၀၀ ပေးသွင်းခဲ့ရပြီး မြို့ပြရန်ပုံငွေကို ပထမအကြိမ် ဘတ် ၅,၅၀၀ နှင့် ကျန်ငွေကို ယခုလကုန်တွင် ထပ်မံ ပေးသွင်းရမည်ဟု ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်ကုမ္ပဏီဝန်ထမ်း အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“တချို့ကုမ္ပဏီတွေက သူဌေး စိုက်ပြီးတော့ ထုတ်ပေးသွားတာလည်းရှိတယ်။ သူဌေးက မထုတ်ဘဲ ဝန်ထမ်းတွေဆီက ကောက်ခံတာလည်းရှိတယ်။ ဒီပိုက်ဆံပေးလိုက်လို့ရှိရင် ကျွန်တော်တို့ရဲ့ လုံခြုံမှုအတွက် အာမခံနိုင်လားဆိုတော့လည်း သူတို့ဘက်က အတိအလင်းပြောကြားတယ်ဆိုတာလည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။
ရွှေကုက္ကိုလ်မြို့သစ်ရှိ ကုမ္ပဏီလုပ်ငန်းများနှင့် ပတ်သက်၍ BGF တပ်ဖွဲ့၏ အခွန်ကောက်ခံသည့်စာတွင် “အထူးစီးပွားရေး” ဟုသာ ဖော်ပြထားသည်ကို တွေ့ရသည်။
တရုတ်အစိုးရ၏ ဖိအားပေးမှုဖြင့် ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ ဖြိုခွင်းခံရပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကိုလည်း တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် ကြေညာထားသည်။
သို့သော် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ထိန်းချုပ်မှုအောက်ရှိ ရွှေကုက္ကိုလ်မြို့သစ်မှ လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်သည်ဟု အမည်မဖော်လိုသည့် အထက်ပါ ကုမ္ပဏီဝန်ထမ်းက ဆိုသည်။
“အခုလောလောဆယ်မှာတော့ လုပ်ငန်းတွေရပ်ဆိုင်းပြီး နေရပ်တွေပြန်ခိုင်းဖို့တော့ မကြားမိဘူး။ ပုံမှန်ပဲ လည်ပတ်နေတယ်”
ဇန်နဝါရီလဆန်းပိုင်းတွင် Facebook လူမှုကွန်ရက်ရှိ “ရွှေကုက္ကိုလ်မြိုင်ရောင်းဝယ်ရေး” ဆိုသည့် စာမျက်နှာက တင်ထားသည့် အလုပ်ခေါ်စာတွင် လစာထိုင်းဘတ်ငွေ ၁၅,၀၀၀ မှ ၂၅,၀၀၀ ကြား (မြန်မာကျပ်ငွေ ၁၅ သိန်းမှ ၂၅ သိန်းကြား) ပေးမည်ဟု ကြေညာထားသည်။
လစာအပြင် ဆုကြေးနှင့် အသုံးစရိတ်အဖြစ် တစ်လလျှင် ဘတ် ၁၀၀၀ (ကျပ်တစ်သိန်းခန့်) ပေးမည်ဟုလည်း ထည့်သွင်းဖော်ပြသည်။
မည်သို့သော အလုပ်အကိုင်ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြမထားသော်လည်း အင်္ဂလိပ်စာ အသင့်အတင့်နှင့် ကွန်ပျူတာဖြင့် စာရိုက်တတ်ရန် လိုကြောင်း၊ အာရှနှင့် အင်ဒိုဈေးကွက်အတွက် အင်တာနက်မှတစ်ဆင့် စာရိုက်ဆက်သွယ်သည့် Chatting လုပ်ငန်းဖြစ်ကြောင်း ကြော်ငြာထားသည်။
ရန်ပုံငွေကောက်ခံမှုနှင့် ပတ်သက်၍ ကျားဖြန်ကုမ္ပဏီဝန်ထမ်းများက စီမံကိန်းလုပ်ပိုင်ခွင့်ရကုမ္ပဏီကို သွားရောက်မေးမြန်းသော်လည်း ပွင့်လင်းမြင်သာစွာပြောဆိုခြင်း မရှိဟု အထက်ပါ ဝန်ထမ်းက ဆိုသည်။
စစ်ကောင်စီလက်အောက်မှ ခွဲထွက်ကာ သီးခြားရပ်တည်မည်ဖြစ်ကြောင်း ကြေညာထားသည့် BGF တပ်ဖွဲ့က စစ်ရေးဆိုင်ရာ အသုံစရိတ်တိုးမြင့်ကောက်ခံခြင်း ဖြစ်နိုင်သည်ဟုလည်း ယူဆသူများလည်းရှိနေသည်။
ရွှေကုက္ကိုလ်ရှိ ကုမ္ပဏီဝန်ထမ်းများထံမှ အခွန်ကောက်ခံခြင်းနှင့်ပတ်သက်၍ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးနိုင်မောင်ဇော်ကို မေးမြန်းရာ၌ စစ်ကောင်စီထံမှ လစာမယူသည့်ကိစ္စကို အတည်ပြုသော်လည်း ရွှေကုက္ကိုလ်မြို့သစ်၌ အခွန်ကောက်ယူနေသည်ကို မသိဟု ဆိုသည်။
ကရင်ပြည်နယ်၊ ဖားအံကို BGF တွေ ဝင်တိုက်တော့မည်ဖြစ်သလို ဘားအံမြို့အဝင်အထွက်တွင် BGF တပ်တွေကို စစ်တပ်က စစ်ဆေးမှုတင်းကျပ်နေသည်ဟု သတင်းထွက်နေခြင်းကို ဗိုလ်မှူးနိုင်မောင်ဇော်က စိုးရိမ်မှုလွန်ကဲခြင်းသာဖြစ်သည်ဟု ငြင်းဆိုသည်။
“ဖားအံမှာရှိတဲ့ အစ်ကိုတို့အဖွဲ့တွေက ပုံမှန်ပဲ။ ဟိုဘက်မှာတော့ နည်းနည်းစိုးရိမ်မှုလွန်ကဲတာလည်း ဖြစ်နိုင်တာပေါ့” ဟု သူက ဆိုသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာပြည်မြောက်ပိုင်းရှိ အရေးပါသည့် မြို့ကြီးများ ဆုံးရှုံးပြီးချိန်တွင် စစ်တပ်လက်အောက်ခံအဖြစ်မှ ခွဲထွက်တော့မည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) က ယခုနှစ်ဆန်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ကရင် BGF သည် စစ်တပ်ပေးသည့် လစာကို မယူတော့သလို ပေးသည့်တာဝန်များကိုလည်း မထမ်းလိုတော့ဟု အပြတ်ငြင်းဆိုလိုက်ခြင်းသည် မြန်မာပြည်တောင်ပိုင်းတွင် စစ်မျက်နှာတစ်ခု ပေါ်ပေါက်လာမည့် အလားအလာအဖြစ် ရှုမြင်နိုင်သည်။
တပ်သားအင်အား ထောင်နှင့်ချီရှိသော BGF ခွဲထွက်မည့်အခြေအနေကို ထိန်းသိမ်းနိုင်ရန် ဇန်နဝါရီ ၂၃ တွင် အာဏာသိမ်းစစ်တပ်၏ နံပါတ် ၂ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ကရင်ပြည်နယ်မြို့တော် ဖားအံအထိ သွားရောက်ကာ BGF ခေါင်းဆောင် စောချစ်သူနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ထူးခြားသည့် ရလဒ်မထွက်ပေါ်ခဲ့ပေ။
အာဏာသိမ်း စစ်တပ်ထံမှ လစာ၊ ရိက္ခာမယူတော့သလို ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်လိုတော့ဘဲ ကိုယ့်နယ်မြေကိုယ် ကာကွယ်သွားမည်ဖြစ်ပြီး ညှိနှိုင်းမှုမရှိဘဲ ၎င်းတို့နယ်မြေသို့ ဝင်လာသည့် မည်သည့်စစ်တပ်ကိုမဆို ပြန်လည်တိုက်ခိုက်သွားမည်ဟု ဗိုလ်မှူးကြီးစောချစ်သူက ယမန်နေ့တွင် သတင်းဌာနတစ်ခုကို ထုတ်ဖော်ပြောဆိုသည်။