စစ်ကောင်စီလက်အောက်မှ ခွဲထွက်ကာ ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) အမည်ဖြင့် သီးခြားရပ်တည်ရန် စီစဉ်နေသည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) တာဝန်ရှိသူက ယနေ့ (မတ် ၅) အတည်ပြုသည်။
သီးခြားရပ်တည်နိုင်ရေး ပြောင်းလဲဖွဲ့စည်းရန် တပ်နယ်မှူးအားလုံး အကြမ်းဖျဉ်းသဘောတူထားပြီးဖြစ်ကာ အောက်ခြေတပ်ဖွဲ့ဝင်များကို ရှင်းလင်းပြောဆိုပြီးနောက် ယခုလအတွင်း အတည်ပြုကြေညာရန် ရှိသည်ဟု BGF တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်က Myanmar Now ကို ပြောသည်။
“အကြမ်းဖျဉ်းအားဖြင့် သဘောတူတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါကို အတည်ပြုဖို့ အနေအထားလေးက အောက်ခြေအထိ ချပြနေတုန်းပါပဲ”
စစ်ကောင်စီထံမှ လစာမယူတော့သည့်အချိန်မှစ၍ BGF အနေဖြင့် အာဏာသိမ်းစစ်တပ်နှင့် မပတ်သက်တော့ကြောင်း၊ KNA အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းသည် ကွဲပြားနေသော ကရင်လက်နက်ကိုင်များ ပြန်လည် ပေါင်းစည်းရန် ပထမဆုံးခြေလှမ်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ပြောင်းလဲဖွဲ့စည်းမည့် KNA တပ်မတော်သည် ဒေသတွင်းတည်ငြိမ်မှုကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး စစ်တပ်ကို စည်းဖောက်တိုက်ခိုက်မည် မဟုတ်ကြောင်း၊ သို့သော် စစ်ရေးအခြေအနေမှာ တစ်ဖက်တပ်၏ အခြေအနေအပေါ် မူတည်ကြောင်း ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။
KNA ဖွဲ့စည်းပြီးနောက် လက်မောင်းဘတ်တံဆိပ်များပြောင်းလဲရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ကရင် BGF တပ်နယ် ၄ ခုလုံးက သဘောတူညီခဲ့ပြီး ထိုအခြေအနေကို စစ်ကောင်စီဘက်က အတိုင်းအတာတစ်ခုထိ သိရှိထားပြီဖြစ်သည်ဟု BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက KIC သတင်းဌာနကို ပြောဆိုထားသည်။
လက်ရှိတွင် ကရင်ပြည်နယ်မြို့တော် ဖားအံနှင့် နေရာတချို့တွင် စစ်ကောင်စီတပ်နှင့် BGF အဖွဲ့ဝင်တချို့ ပူးပေါင်းလုပ်ဆောင်မှုရှိနေသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ BGF စခန်းအများစုကို ရုပ်သိမ်းလိုက်သည်ဟု သိရသည်။
အချိန်အပိုင်းအခြားမသိရသော်လည်း စစ်တပ်နှင့် လမ်းခွဲလိုက်ပြီး အသွင်ပြောင်း BGF တပ်ဖွဲ့သည် KNU နှင့် ပူးပေါင်းကာ စစ်ကောင်စီကို ပြန်တိုက်မည့်အခြေအနေရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။
ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများခွင့်ပြုပေးခြင်းဖြင့် စီးပွားဖြစ်နေသည့် ကရင် BGF တပ်ဖွဲ့၏ အသွင်ကူးပြောင်းမှုကို သံသယများရှိသော်လည်း နိုင်ငံရေးနှင့် စစ်ရေးဦးတည်ချက် အပြောင်းအလဲအပေါ် မူတည်ကာ ထိုလုပ်ငန်းများ ပျောက်ကွယ်သွားနိုင်သည်ဟုလည်း ၎င်းက သုံးသပ်သည်။
ယခင်လကုန်တွင် မြဝတီမြို့နယ်ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ထောင်နီးပါးကို BGF တပ်ဖွဲ့က ထိုင်းနှင့် တရုတ်နိုင်ငံအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။
သို့သော် စစ်တပ်နှင့် လမ်းခွဲမည်ဟု ကြေညာပြီးနောက် ကရင် BGF က ရွှေကုက္ကိုလ်မြို့သစ်မှ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းကုမ္ပဏီများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများထံမှ ထိုင်းဘတ်ငွေသောင်းချီ၍ အခွန်ကောက်နေသည်။
ထို့ပြင် စီမံကိန်းလုပ်ကိုင်ခွင့်ရ ရထိုက်ကုမ္ပဏီ (Yatai International Holding Group) က ခန့်အပ်ထားသည့် လုံခြုံရေးဝန်ထမ်းများကို စစ်သင်တန်းပေးနေပြီး တပ်သားသစ်များစုဆောင်းလာသည်ဟု ရွှေကုက္ကိုလ်ရှိ အမည်မဖော်လိုသည့် ကျားဖြန့်ဝန်ထမ်းတစ်ဦးက ပြောသည်။
“တရုတ်ကျားဖြန်လုပ်နေတဲ့ ရုံတွေကို အစောင့်လုပ်ရတဲ့ ရထိုက်က ခေါ်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေကိုတော့ အလှည့်ကျခေါ်ပြီး စစ်သင်တန်းပေးနေပါတယ်။ လိုအပ်လို့ ရှေ့တန်းထွက်ဖို့ တာဝန်ကျရင် အဆင်သင့်ဖြစ်ဖို့အတွက်ပါ” ဟု ၎င်းက ဆိုသည်။
ရွှေကုက္ကိုလ်တွင် လုံခြုံရေးဝန်ထမ်းများခေါ်ယူရာတွင် ယမန်နှစ်က ဒေသတွင် ရောက်ရှိနေသူများ၏ အဆက်အသွယ်ဖြင့် ခေါ်ယူခဲ့သော်လည်း ယခုအခါ အထူးတလည်မစိစစ်ဘဲ လက်ခံနေသည်ဟု သိရသည်။
ကရင် BGF တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်ကမူ စစ်သားစုဆောင်းမှုနှင့် စစ်သင်တန်းပို့ချမှုများသည် လုပ်ရိုးလုပ်စဉ်သာဖြစ်သည်ဟု ဆိုသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာပြည်မြောက်ပိုင်းရှိ အရေးပါသည့် မြို့ကြီးများ ဆုံးရှုံးပြီးချိန်တွင် စစ်တပ်လက်အောက်ခံအဖြစ်မှ ခွဲထွက်တော့မည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF) က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
တပ်သားအင်အား ထောင်နှင့်ချီရှိသော BGF ခွဲထွက်မည့်အခြေအနေကို ထိန်းသိမ်းနိုင်ရန် ဇန်နဝါရီ ၂၃ ရက်တွင် အာဏာသိမ်းစစ်တပ်၏ နံပါတ် ၂ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ကရင်ပြည်နယ်မြို့တော် ဖားအံအထိ သွားရောက်ကာ BGF ခေါင်းဆောင် စောချစ်သူနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ထူးခြားသည့်ရလဒ် မထွက်ပေါ်ခဲ့ပေ။
အာဏာသိမ်း စစ်တပ်ထံမှ လစာ၊ ရိက္ခာမယူတော့သလို ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်လိုတော့ဘဲ ကိုယ့်နယ်မြေကိုယ် ကာကွယ်သွားမည်ဖြစ်ပြီး ညှိနှိုင်းမှုမရှိဘဲ ၎င်းတို့နယ်မြေသို့ ဝင်လာသည့် မည်သည့်စစ်တပ်ကိုမဆို ပြန်လည်တိုက်ခိုက်သွားမည်ဟု ဗိုလ်မှူးကြီးစောချစ်သူက လွန်ခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုထားသည်။
BGF တပ်သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၄ ရင်း၊ ဖာပွန်မြို့နယ်တွင် ၂ ရင်း၊ မြဝတီမြို့နယ်တွင် ၅ ရင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂ ရင်း အခြေချ လှုပ်ရှားနေပြီး ခန့်မှန်းအင်အား ၅၀၀၀ ခန့် ရှိသည်။
ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ထက်မနည်းရှိနေရာ မူလ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်သွားခြင်းဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် အလုံးအရင်းဖြင့် ခွဲထွက်သူများက ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော် (DKBA) ကို တည်ထောင်ခဲ့ကြသည်။
ထို့နောက် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် DKBA အင်အားစုထဲမှ အင်အားအများအပြားသည် နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ စစ်တပ်နှင့် ကာလကြာရှည် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
၂၀၀၇ တွင် KNU/KNLA−PC (ငြိမ်းချမ်းရေးကောင်စီ) အမည်ဖြင့် အဖွဲ့တည်ထောင်ကာ ခွဲထွက်သူများရှိခဲ့ပြီး ယနေ့တိုင် အင်အားအနည်းငယ်ဖြင့် ရပ်တည်လျက်ရှိကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် မကြာခဏ တွေ့ဆုံနေသည့်အဖွဲ့ ဖြစ်သည်။
လက်ရှိ KNU တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ဟူ၍ လက်နက်ကိုင်အဖွဲ့ နှစ်ခုရှိသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ကွယ်လွန်သူ KNU ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြ၏ သားဖြစ်သူ စောနယ်ဒါးမြ ဦးဆောင်၍ ကော်သူးလေအာမီ (KTLA) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။
KNDO စစ်ဦးစီးချုပ်ဖြစ်ခဲ့သော ၎င်းက ၂၀၂၁ မေလကုန်ပိုင်းက မြဝတီခရိုင် ဝေါလေမြို့နယ် ကနဲလေးကျေးရွာအနီးရှိ စစ်တပ်၏ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်တွင် ရှိနေသူ ၄၇ ဦးကို ဖမ်းဆီးပြီးနောက် ၂၅ ဦးကို KNDO က သတ်ဖြတ်ခဲ့သောကိစ္စနှင့်ပတ်သက်၍ KNU က စုံစမ်းစစ်ဆေးကာ တာဝန်မှ ရပ်ဆိုင်းခဲ့သည်။
KNU လက်ရှိ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ကရင်လက်နက်ကိုင်အဖွဲ့အများအားလုံး ပြန်လည်ပေါင်းစည်းကြရန် ဇန်နဝါရီ ၃၁ ရက်က ကျရောက်သည့် (၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် တိုက်တွန်းပြောဆိုထားသည်။