သတင်း

ကရင်လက်နက်ကိုင်အဖွဲ့များအားလုံး ပြန်ပေါင်းရန် KNU ဥက္ကဋ္ဌ ဖိတ်ခေါ်

ရှမ်းမြောက် ညီနောင် ၃ ဖွဲ့ စစ်ဆင်ရေးအတွင်း ထိန်းချုပ်နယ်မြေများ ရရှိသွားချိန်၊ ကရင် BGF က စစ်တပ်ကို ပုန်ကန်လိုက်ချိန်တွင် KNU က ကရင်အဖွဲ့များ ပြန်လည်ပေါင်းစည်းကြရန် တိုက်တွန်းလိုက်သည်။

ကရင်လက်နက်ကိုင်အဖွဲ့အများ အားလုံး ပြန်လည် ပေါင်းစည်းကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ (ဇန်နဝါရီ ၃၁) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုလိုက်သည်။

“ကရင်အမျိုးသားရေးအတွက် ဆောင်ရွက်နေတယ်လို့ မိမိကိုယ်ကိုယ် သတ်မှတ်ထားတဲ့ ကရင့်အဖွဲ့အစည်းတိုင်း၊ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတိုင်း၊ ၁၉၄၉ ခုနှစ်ကလိုပဲ ပြန်လည်ပေါင်းစည်း ညီညွတ်ဖို့ လိုအပ်ပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

“ကရင့်ကံကြမ္မာဟာ ကရင့်လက်ထဲမှာပဲ ရှိပါတယ်။ ကရင့်အမျိုးသားတို့ရဲ့ စည်းလုံးညီညွတ်မှုဟာ ကရင့်ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်”

KNU အနေဖြင့် လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် “ကော်သူးလေ” ကို တည်ထောင်ပြီး တစ်ချိန်တည်းမှာပင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသောပြည်နယ်များဖြင့် တည်ဆောက်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

KNU မှ ခွဲထွက်သွားသော ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ထိုအဖွဲ့မှ ထပ်မံ ခွဲထွက်သွားသော နယ်ခြားစောင့်တပ် (BGF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNLA PC, ကော်သူးလေအာမီ (KTLA) တို့သည် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည်။

ကွဲပြားလျက်ရှိနေသည့် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ  ပြန်လည်ပေါင်းစည်းပြီး စစ်တပ်ကို ပြန်တိုက်ခိုက်ရန် ကရင်လူထုက တောင်းဆိုနေသလို ကရင်လက်နက်ကိုင်အဖွဲ့များကလည်း အချင်းချင်းတိုက်ခိုက်မှုများ မဖြစ်စေရန် ၂၀၂၁ ကတည်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ ဦးဆောင်၍ နယ်မြေသိမ်းတိုက်ပွဲများ ဆင်နွှဲပြီး ထိန်းချုပ်နယ်မြေများ ရရှိသွားချိန်တွင် KNU ဥက္ကဋ္ဌက “ကော်သူးလေပြည်နယ်” တည်ထောင်ရေးရည်မှန်းချက်ကို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ က ကျင်းပသော နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့တွင် တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-KNU)

သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် KNU မှ ခွဲထွက်သွားကြပြီး DKBA, KNLA(PC), BGF တို့ ပေါ်ပေါက်လာသလို ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စောနယ်ဒါးမြ ဦးဆောင်၍ KTLA ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။

DKBA နှင့် KNLA PC တို့သည် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားသောအဖွဲ့များ ဖြစ်ကြသည်။

ကရင် BGF သည် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များနှင့်အတူ လှုပ်ရှားခဲ့ရာမှ စစ်ကောင်စီလက်အောက်တွင် နေထိုင်ခြင်းမရှိဘဲ သီးခြားခွဲထွက်ကာ လှုပ်ရှားတော့မည်ဟု မကြာသေးခင်က ကြေညာလိုက်ရာ အင်အားလိုအပ်နေသည့် အာဏာသိမ်းစစ်ကောင်စီအတွက် အခက်အခဲတစ်ခု ဖြစ်လာခဲ့သည်။

စစ်တပ်ထံမှ လစာ၊ ရိက္ခာ မယူရန် ယခင်လက စာတင်ထားပြီး ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်လိုကြောင်း၊ ကိုယ့်နယ်မြေကိုယ် ကာကွယ်သွားမည်ဖြစ်ပြီး ညှိနှိုင်းမှုမရှိဘဲ ၎င်းတို့နယ်မြေသို့ ဝင်လာသည့် မည်သည့်စစ်တပ်ကိုမဆို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက BBC သတင်းဌာနကို ပြောထားသည်။

BGF တပ်သည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၄ ရင်း၊ ဖာပွန်မြို့နယ်တွင် ၂ ရင်း၊ မြဝတီမြို့နယ်တွင် ၅ ရင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂ ရင်း အခြေချ လှုပ်ရှားနေပြီး ခန့်မှန်းအင်အား ၅၀၀၀ ခန့် ရှိသည်။

KNU သည် ၂၀၂၁  အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်ခဲ့သလို လက်နက်ကိုင်ခုခံလိုသည့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်လူရွယ်များကို စစ်ပညာသင်ကြားပေးခဲ့ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများအား ခိုလှုံခွင့်ပေးခဲ့သည်။

အပစ်ရပ်လက်မှတ်ရေးထိုးထားသော်လည်း ၂၀၁၅ ကတည်းက KNU နယ်မြေများတွင် တိုက်ပွဲများ ပြန်ဖြစ်လာပြီး KNU အုပ်ချုပ်ရေးနယ်မြေ တပ်မဟာအများစုတွင် တိုက်ပွဲများပြင်းထန်နေကာ ၃ နှစ်နီးပါးအတွင်း စစ်ရှောင် သိန်းချီရှိလာသည်။

Show More

Related Articles

Back to top button