သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ ရှေ့နေဝင်ခွင့် ကန့်သတ်ခံရ

ဒေါ်အောင်ဆန်းစုကြည်၏ လျှို့ဝှက်ချက်အက်အမှုကို နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံးသို့ ယနေ့ (စက်တင်ဘာ ၃၀) စတင်ပြောင်းရွှေ့စစ်ဆေးစဉ် ဝင်ခွင့်ကန့်သတ်ခံရသည်ဟု ၎င်း၏ ရှေ့နေအဖွဲ့က ပြောသည်။

အမှုတွဲ ငါးဦးအထိ ပါဝင်သည့် ထိုအမှုအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေ ၁၅ ဦးလုံး ရောက်လာ၍ တရားခွင်၌ နေရာအခက်အခဲရှိသည်ဟု ဇဗ္ဗူသီရိမြို့နယ် ရဲစခန်းမှူးက အကြောင်းပြခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကြည်ဝင်းက ပြောသည်။

ထောင်ဒဏ် ၁၄ နှစ်အထိ ချနိုင်သည့် အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်ကို အဓိကတရားခံအဖြစ် စစ်ကောင်စီက တရားစွဲဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများဖြစ်သည့် ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့လည်း ပါဝင်သည်။

တရားခွင်ရှိရာ ပရိဝုဏ်သို့ မဝင်မီ ရဲက ထိုသို့ကန့်သတ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ငါးဦးအနက် ဒေါ်စန်းမာလာညွန့်နှင့် အခြားတစ်ဦးသာ တရားခွင်သို့ ဝင်ရန် ဆုံးဖြတ်ခဲ့ရကာ ၎င်းနှင့် နောက်တစ်ဦးမှာ ရှေ့နေအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဇော်နှင့်အတူ ချန်နေရစ်လိုက်သည်ဟု ဦးကြည်ဝင်းက ပြောသည်။

ရှောင်တာနယ်လ်ဘက်မှ အမှုလိုက်ရန် ရောက်လာသူနှစ်ဦးအနက် တစ်ဦး၊ ဦးကျော်ဝင်းထံမှ အမှုလိုက်ခွင့်လက်မှတ် မယူရသေးသည့် ရှေ့နေငါးဦး၊ ဦးစိုးဝင်း၏ သုံးဦးပါ ရှေ့နေအဖွဲ့မှ နှစ်ဦးသာ တရားခွင်ရှိရာ ပရိဝုဏ်သို့ ဝင်ခွင့်ရခဲ့ပြီး ဦးဆက်အောင်၏ ရှေ့နေအဖွဲ့မှာမူ ရှေ့တစ်ပတ်ရုံးချိန်းမှသာ လာမည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် ရဲက ပရိဝုဏ်သို့ ဝင်ခွင့်ပြုခဲ့သည့် ရှေ့နေ ၁၀ ဦးစလုံးကို ဝင်ခွင့်မပြုဟု ထိုအမှုအတွက် သီးသန့်တရားရုံးသို့ လာရောက်ရုံးထိုင်စစ်ဆေးသည့် ဒက္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်က ကန့်သတ်ခဲ့ပြန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ထံမှ သိရသည်။

စွပ်စွဲခံရသူတစ်ဦးလျှင် ရှေ့နေတစ်ယောက်သာ တရားခွင်သို့ ဝင်ခွင့်ရခဲ့ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

“တရားသူကြီးက ရှေ့နေဝင်ခွင့်နဲ့ ပတ်သက်ပြီး ရှေ့ရုံးချိန်းမှာ နေရာစီစဉ်ပေးဖို့ ရဲကို ပြောပါတယ်”ဟု တရားခွင်သို့ ဝင်ခွင့်ရခဲ့သည့် ဒေါ်စန်းမာလာညွန့်ထံမှ သတင်းစကားကို ကိုးကား၍ ၎င်းက ပြောသည်။

သို့သော် ရှေ့တစ်ပတ်ရုံးချိန်း(အောက်တိုဘာ ၇) တွင် ရှေ့နေအားလုံးကို ဝင်ခွင့်မပေးဘဲ စွပ်စွဲခံရသူတစ်ဦးလျှင် ရှေ့နေနှစ်ဦးနှုန်းသာ ဝင်ခွင့်ပြုမည်ဟု ကြားသိရကြောင်း ဦးခင်မောင်ဇော်က ဆက်ပြောသည်။

“အမှုသည်ရဲ့ အခွင့်အရေးအရ ရှေ့နေ ဘယ်နှယောက် ငှားငှားပေါ့။ တရားခွင်ထဲ ဝင်နိုင်ဖို့က တရားစွဲတဲ့သူရဲ့ တာဝန်ပဲလေဗျာ။ အဲဒါကို မလုပ်ပေးနိုင်တာကတော့ (တရားစွဲခံရသူ၏) အခွင့်အရေးကို ချိုးဖောက်လိုက်တာပဲပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။

ထို့အတူ အမှုသည်များနှင့် ရှေ့နေအဖွဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခွင့်၊ ရှောင်တာနယ်လ်အတွက် စကားပြန်ထားခွင့် ပေးမပေးကိစ္စကို လာမည့်တစ်ပတ် ရုံးချိန်းမှ ကြားနာမည်ဟု တရားသူကြီး ဦးရဲလွင်က ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

ယနေ့တရားခွင်တွင် ရှောင်တာနယ်လ်ကို စစ်ကောင်စီက တစ်ပါတည်း တရားစွဲထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပုဒ်မကို စစ်ဆေးခြင်းရှိမရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားစွဲထားသည့် ပုဒ်မများ။ (ဒီဇိုင်း – Myanmar Now)

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မပေါင်း ၁၁ ခုဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။

ထိုအထဲမှ ၁၀ မှုကို နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားရုံး၌ အပတ်စဉ် တနင်္လာ၊ အင်္ဂါ တွင် ၅မှု၊ ကြာသပတေးတွင် တစ်မှု၊ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် ၄ မှု ရုံးထုတ်စစ်ဆေးနေသည်။

ရန်ကုန်တိုင်းတရားလွှတ်တော်တွင် စွဲဆိုထားသည့် အဂတိတစ်မှုကို စစ်ကောင်စီက မည်သို့စီစဉ်မည်ကို အတည်မပြုနိုင်သေးပါ။

စွဲဆိုခံထားရသည့် အမှုများတွင် အထက်ပါ အခက်အခဲအပြင် စစ်ကောင်စီက ရန်ငြိုးထားမည်စိုး၍ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ပေးမည့် လူပုဂ္ဂိုလ်ရှာရခက်နေသည်ဟု ရှေ့နေအဖွဲ့က ပြောထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button