သတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုတွင် ရှောင်တာနယ်လ်ကို အဓိကတရားခံအဖြစ် သတ်မှတ်ထား

ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေးပညာရှင် ရှောင်တာနယ်(Sean Turnell) ကို  ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှု၌ အဓိကတရားခံအဖြစ် စစ်ကောင်စီက သတ်မှတ်ထားကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က Myanmar Now ကို ယနေ့ (မေ ၆) တွင် ပြောသည်။

အာဏာသိမ်းပြီး များမကြာမီ ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ရှောင်တာနယ်လ်ကို စစ်ကောင်စီက အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဝန်ကြီး သုံးဦးကိုပါ အမှုတွဲအဖြစ် တရားစွဲဆိုထားသည်ဟု ၎င်းက ပြောသည်။ 

အဆိုပါအမှုတွင် ရှောင်တာနယ်လ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အစိုးရလက်ထက်အစပိုင်း၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ အဂတိမှုဖြင့် တိုင်ကြားခံရပြီးနောက် နုတ်ထွက်သွားသူ ဦးကျော်ဝင်းကိုလည်းအမှုတွဲအဖြစ် ထည့်သွင်းထားသည်ဟု သိရသည်။  

ဦးကျော်ဝင်း၏ နောက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၎င်း၏နေရာကို အစားထိုးဆက်ခံသူ ဝန်ကြီး ဦးစိုးဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ စက်မှုဝန်ကြီးဌာနကိုပါ ပူးပေါင်းဖွဲ့စည်းခဲ့ပြီးနောက် ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးဆက်အောင်တို့လည်း အဆိုပါအမှုတွင် ပါဝင်သည်ဟု ဆိုသည်။ 

“ဒီကနေ့ ရုံးချိန်းမှာ တရားခံအဖြစ် စွပ်စွဲခံရသူ( ဒေါ်အောင်ဆန်းစုကြည်)နဲ့ တွေ့ခွင့်ရဖို့ကိစ္စကို လျှောက်လဲချက်တင်ရပါတယ်။ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ Video Conferencing စနစ်နဲ့ တွေ့ခွင့်မရပါဘူး။ ရှောင်ရဲ့ရှေ့နေ လာတာတော့ မတွေ့ဘူး။ ငှားပြီးမပြီးလည်း သေချာမသိသေးဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဆက်အောင်တို့ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ပြောသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ပြုလုပ်သည့် ယနေ့ရုံးချိန်းတွင် Video Conferencing ဖြင့် ပြုလုပ်သည့် တရားခွငမရှိခဲ့သော်လည်း တရားသူကြီး၏ တစ်ဆင့်ပြန်လည်ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှေ့နေနှင့် တွေ့ခွင့်ရရန် တောင်းဆိုသည်ကို သိရကြောင်း ၎င်းက ဆက်ပြောသည်။

“တရားသူကြီးက အင်းစိန်ထောင်(ရှောင်တာနယ်လ်၊ ဦးကျော်ဝင်း၊ ဦးစိုးဝင်း၊ ဦးဆက်အောင်တို့ကို ထိန်းသိမ်းထားသည့်နေရာ) တရားခွင်မှာ သွားစစ်တာလား ဘာလားတော့ သေချာမသိရပါဘူး။ ကျွန်မတို့ကို အရှေ့ပိုင်းခရိုင်တရားရုံးမှာပဲ စောင့်ခိုင်းထားတာ”ဟု ဒေါ်စန်းမာလာညွန့်က ပြောသည်။

လာမည့် မေ ၂၀ ရက်ရုံးချိန်းတွင် ၎င်းအပါအဝင် တရားလွှတ်တော်ရှေ့နေသုံးဦးအဖွဲ့နှင့် အမှုလိုက်ခွင့်လွှဲအပ်ထားသည့် စွပ်စွဲခံရသူနှစ်ဦး (ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဆက်အောင်)တို့ တွေ့ခွင့်ရမရ ဆုံးဖြတ်မည်ဟု အရှေ့ပိုင်းခရိုင် တရားသူကြီးကပြောကြောင်း ဒေါ်စန်းမာလာညွန့်က ဆိုသည်။

“အမှုသည်နဲ့ ရှေ့နေနဲ့တွေ့မှ အမှုကို ဆက်လက်ဆောင်ရွက်လို့ရမှာပါ။ ရုံးလုပ်ထုံးလုပ်နည်းအရ လုပ်ကိုလုပ်ရမယ့်ဟာမျိုးပါ”ဟု ၎င်းက မှတ်ချက်ပြုသည်။

ရန်ကုန်မြို့၌ စွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချခံရနိုင်သည်။

ပုဒ်မ ၃ (၁) (ဂ)တွင် “ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေရန် ရည်ရွယ်၍ သို့မဟုတ် အသုံးဝင်တန်ရာသည်ဟူ၍ သို့မဟုတ် အသုံးဝင်စေရန် ကြံရွယ်၍ လျှို့ဝှက်ထားသည့် အစိုးရ စကားဝှက် သို့မဟုတ် ကင်းစကားဝှက် တစ်ခုခုကိုသော်လည်းကောင်း၊ ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့မဟုတ် အခြားစာတမ်းအမှတ်အသား သို့မဟုတ် သတင်းတစ်ရပ်ရပ်ကိုသော်လည်းကောင်း ရယူခြင်း၊ စုဆောင်းခြင်း၊ ရေးမှတ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်းပြုလျှင်” အရေးယူ ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့အတူ အထက်ပါကိစ္စများကို “သူတစ်ပါးအား ဆက်သွယ်၍ သိစေလျှင် သို့မဟုတ် အဆိုပါပြစ်မှုမှာ ခံတပ်၊ လက်နက်ကိုင် ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် အခြေစိုက်ထားရှိရာ သို့မဟုတ် ချထားရာဌာန၊ မိုင်း၊ မိုင်းကွင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သင်္ဘော သို့မဟုတ် လေယာဉ်နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အစိုးရ၊ ရေတပ်၊ ကြည်းတပ်၊ လေတပ်ရေးရာကိစ္စများနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ လျှို့ဝှက်ထားသည့် အစိုးရစကားဝှက်တစ်ခုခုနှင့် ကျူးလွန်သည့် ပြစ်မှုဖြစ်လျှင်”လည်း အဆိုပါ ပုဒ်မဖြင့် အကျုံးဝင်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင်လည်း အမှု ငါးမှုဖွင့်လှစ်ထားပြီး ပြစ်ဒဏ်ကြီးလေးသည့် အဂတိလိုက်စားမှုဆိုင်ရာဥပဒေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို စုံစမ်းစစ်ဆေးနေကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။

သို့သော် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှ သုံးလကျော်လာသည်အထိ ထိုသို့ ပုဒ်မများစွာဖြင့် စွပ်စွဲခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေများဖြင့်ပင် စစ်ကောင်စီက တွေ့ခွင့်မပြုဘဲ မည်သည့်နေရာတွင် ချုပ်နှောင်ထားရှိသည်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

Show More

Related Articles

Back to top button