
လွန်ခဲ့သည့် တစ်ပတ်ခန့်က စစ်တပ်တပ်စွဲခဲ့သည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါခလိုက်လင်းကျေးရွာတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသား ရုပ်အလောင်းနှစ်ခု ရှာဖွေတွေ့ရှိကြောင်း ဒေသအခြေစိုက် နွေဦးဂုရုလေးများ ပရဟိတအဖွဲ့က ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၂၈) ညနေပိုင်းက ဒေါခလိုက်လင်းရွာ ဘောလုံးကွင်းအနီးတွင် တစ်လောင်း၊ ယနေ့နံနက်တွင် ရွာထဲရှိ တူးလက်စအိမ်သာကျင်းအတွင်း တစ်လောင်း တွေ့ရခြင်းဖြစ်သည်။
ဘောလုံးကွင်းအနီးတွင် ယမန်နေ့က ရှာတွေ့သည့် ရုပ်အလောင်းမှာ မည်သူမည်ဝါမှန်း ခွဲမရလောက်အောင် ပုပ်ပွဆွေးမြည့်နေသည်ဟု ပရဟိတအဖွဲ့ဝင်က ပြောသည်။
ရုပ်အလောင်းတွင် ဝတ်ဆင်ထားသည့် အဝတ်အစားနှင့် ထိုနေရာအနီးတွင် ရှိနေသည့် ဆိုင်ကယ်ကြောင့်သာ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်တစ်ခုမှ ဖဲလျားရွာသို့ စစ်ဘေးရှောင်ရန် ရောက်နေသည့် အသက် ၂၀ အရွယ် ကိုကျော်လင်းပိုင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမောင်ထူးက ပြောသည်။
ကိုကျော်လင်းပိုင်သည် အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ ကိုစူးရယ်နှင့်အတူ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက အိမ်မှ ထွက်သွားရာမှ နှစ်ဦးစလုံး ပျောက်ဆုံးသွားခဲ့ပြီး ခြောက်ရက်အကြာတွင်မှ သားဖြစ်သူ သေဆုံးသည်ကို သိရကြောင်း၊ ချက်ချင်း သင်္ဂြိုဟ်လိုက်ရကြောင်း ၎င်းက ပြောသည်။
“လွိုင်ကော်ဘက်ကို သွားတာခင်ဗျ။ ကလေးပစ္စည်းလိုလို့ဆိုပြီး သွားဝယ်တာ။ စူးရယ်မိန်းမ ကလေးမွေးထားတာ သုံးလပဲ ရှိသေးတယ်။ လိုတဲ့ဟာတွေ သွားဝယ်မယ်ဆိုပြီး ထွက်သွားတာ” ဟု ဦးမောင်ထူးက ဆိုသည်။
ကိုကျော်လင်းပိုင်နှင့် ခရီးအတူသွားသူ အသက် ၂၃ အရွယ် စူးရယ် မည်သည့်နေရာတွင်ရှိမှန်း ယနေ့ (စက်တင်ဘာ ၂၉) တိုင် မသိရ၍ သေဆုံးပြီဟု မှတ်ယူကာ အောက်တိုဘာ ၁ တွင် နာရေးပြုလုပ်ရန် မိသားစုဝင်များက တိုင်ပင်နေကြသည်။
“သူတို့က အတူတူသွားတယ်ဆိုတော့ အဲဒီမှာပဲ ပါသွားတယ်လို့ ယူဆတယ်ပေါ့နော်” စူးရယ်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
ကိုကျော်လင်းပိုင်နှင့် ကိုစူးရယ်တို့ နှစ်ဦးစလုံးမှာ သာမန်ပြည်သူများသာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) များမဟုတ်ကြောင်း၊ စစ်တပ်က သတ်ဖြတ်သွားသည်ဟု ယူဆကြောင်း မိသားစုဝင်များက ပြောသည်။
အခြားရုပ်အလောင်းမှာ ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးရွာမှ အသက် ၂၆ နှစ်အရွယ် ကိုလီးရယ်၏ ရုပ်အလောင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက အတည်ပြုသည်။
“လွိုင်ကော်သွားတယ်နဲ့ တူပါတယ်။ ရိက္ခာသွားဝယ်တာ။ သူက သာမန်အရပ်သားပဲ။ PDF မဟုတ်ဘူး။ သားသမီးတွေအတွက် ရိက္ခာသွားဝယ်ပေးရင်းနဲ့ ကြုံရတာထင်တယ်” ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၂၂ ရက်က လွိုင်ကော်မြို့သို့ ထွက်သွားသည့် ကိုလီးရယ်မှာ ပျောက်ဆုံးနေခဲ့ပြီးနောက် ရုပ်ပျက်ဆင်းပျက် ဒဏ်ရာများဖြင့် ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းကို အိမ်ပြန်မသယ်တော့ဘဲ ဒေါခလိုက်လင်းကျေးရွာ၌ပင် ချက်ချင်း သင်္ဂြိုဟ်ခဲ့ကြောင်း အထက်ပါ ဒေသခံက ပြောသည်။
“အိမ်သာကျင်းထဲမှာ လည်ပင်းနဲ့ လက်ကို ကြိုးတုပ်ထားတယ်။ မျက်နှာတစ်ခုလုံးကို အဝတ်စည်းထားတယ်။ လည်ပင်းကို ဓားနဲ့ လှီးထားတယ်။ ၂၂ ရက်နေ့ ညက ပျောက်တယ်ဆိုပြီး (မိသားစုဝင်တွေက) သတင်းပို့တယ်။ ဒီနေ့မနက်မှာ အဲဒီရွာဘက်က တစ်ယောက်က သတင်းလှမ်းပို့တော့ သွားကြည့်တာ” ဟု ရုပ်အလောင်းရှာတွေ့သည့် ပရဟိတအဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီနှင့် ဒေသကာကွယ်ရေး(PDF) တို့၏ တိုက်ပွဲများကြောင့် ဒေါခလိုက်လင်းနှင့် အနီးအနား ကျေးရွာများတွင် ဒေသခံများမနေထိုင်ရဲတော့ဘဲ စစ်ရှောင်နေရသဖြင့် ကိုကျော်လင်းပိုင်နှင့် ကိုလီးရယ် တို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မျက်မြင်သက်သေမရှိပါ။
သို့သော် လူနေထိုင်ခြင်းမရှိတော့သည့် ဒေါခလိုက်လင်းနှင့် အနီးအနား ကျေးရွာများတွင် စစ်တပ်က လွန်ခဲ့သည့် တစ်ပတ်ခန့်က စခန်းချနေထိုင်ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်များက အတည်ပြုသည်။
စျေး၀ယ်ထွက်သူ နှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ဒီးမော့ဆိုရဲစခန်းနှင့် စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
ဒေသခံ PDF နှင့် တိုက်ပွဲပြင်းထန်နေသည့် ဒီးမော့ဆိုမြို့နယ်အတွင်း ခရီးသွားပြည်သူများကိုပင် မချန် စစ်တပ်က သတ်ဖြတ်မှု၊ လူနေအိမ်များကို မီးရှို့မှုများ မကြာခဏဖြစ်ပွားနေသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ရက်စက်စွာကိုင်တွယ်သည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ အရှိန်မြင့်လာချိန်တွင် စစ်တပ်၏ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုများလည်း တိုးလာနေသည်။
ယမန်နေ့ (စက်တင်ဘာ ၂၈) ကပင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကသဲကျေးရွာအနီး ရထားသံလမ်းနံဘေးတွင် နွားကျောင်းနေသည့် အသက် ၅၀ အရွယ် ဦးတဦးဆိုသူမှာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း ဖယ်ခုံ PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p