သတင်း

ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို ထပ်မံဒဏ်ခတ်အရေးယူရန် တောင်းဆို

အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူခြင်းခံထားရသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇနှင့် ၎င်းပိုင် ထူးကုမ္ပဏီအုပ်စုကို နိုင်ငံတကာအသိုင်းအဝိုင်းက ထပ်မံ၍ ပစ်မှတ်ထားအရေးယူရန် Justice For Myanmar(JFM) က ယနေ့ (စက်တင်ဘာ ၂၇) တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်နှင့် နက်ရှိုင်းသောဆက်ဆံရေးရှိသည့် ဦးတေဇနှင့် ထူးအုပ်စုကုမ္ပဏီအနေဖြင့် အာဏာသိမ်းစစ်အုပ်စုကို လက်နက်နှင့် ဘဏ္ဍာငွေ မထောက်ပံ့နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက ပတ်မှတ်ထား ဒဏ်ခတ်အရေးယူသင့်ကြောင်း JFM က တောင်းဆိုသည်။

“သူတို့ (ဦးတေဇနှင့် ထူးအုပ်စု) က မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်တဲ့ ရက်စက်တဲ့ ရာဇဝတ်မှုတွေကို လက်နက်ရောင်းချမှုနဲ့ ဆက်စပ်တဲ့ဝန်ဆောင်မှုတွေ၊ မြေငှားရမ်းမှု၊ ဖက်စပ်လုပ်ငန်း၊ လုပ်ပိုင်ခွင့်တွေနဲ့ စစ်တပ်နဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကတစ်ဆင့် ပါဝင်ကျူးလွန်နေပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံကြောင်း ပြသရမည်ဖြစ်ကာ မြန်မာစစ်တပ်နှင့် ခရိုနီကုမ္ပဏီများ၏ ကျူးလွန်မှုများကို လက်ပိုက်ကြည့်မနေကြောင်း ရှင်းရှင်းလင်းလင်း သတင်းစကားပါရမည်ဟုလည်း ၎င်းက ဆိုသည်။ 

ထူးအုပ်စုလက်အောက်ခံ Yangon Aircraft Engineering Company(YAECO) ကုမ္ပဏီသည် ၂၀၁၈ တွင် မြန်မာလေတပ်နှင့် စီးပွားရေးဆက်စပ်ဆောင်ရွက်မှုအဖြစ် လေယာဉ်ပြုပြင်၊ တပ်ဆင်ရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့သော မှတ်တမ်းတွေ့ရှိရပြီး ယင်းမှာ လက်နက်ကုန်သွယ်ရေးတွင် ဦးတေဇပါဝင်နေသည့် အထောက်အထားဖြစ်ကြောင်း JFM က ဆိုသည်။

ထူးလက်အောက်ခံကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီ ၆၀ တွင် ပါဝင်သော ရှယ်ယာရှင်နှင့် ဒါရိုက်တာ ၁၃၁ ဦး၏ စာရင်းကိုလည်း JFM က ထုတ်ပြန်ထားပြီး ၎င်းတို့ကိုပါ ပစ်မှတ်ထားအရေးယူရန် ထောက်ခံကြောင်းလည်း ဖော်ပြထားသည်။ 

ထူးကုမ္ပဏီအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဦးတေဇသည် ယခင်စစ်ခေါင်းဆောင်ဟောင်းများအပါအဝင် လက်ရှိ စစ်ကောင်စီနှင့်ပါ ပတ်သက်ဆက်နွှယ်မှုရှိနေကာ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည့်အတွက် ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဦးတေဇသည် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် လက်နက်ဝယ်ယူရေးအခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေသည့်အပြင် ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများသုတ်သင်ရှင်းလင်းရေး စစ်တပ်၏ လုပ်ငန်းများတွင် အထောက်အပံ့ပေးခဲ့သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 

ထူးကုမ္ပဏီအုပ်စုက ဗြိတိန်၏ ဒဏ်ခတ်အရေးယူမှုကို သဘောမတူကြောင်း စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ဦးတေဇသည် ဒုဗိုလ်မှူးကြီးဟောင်းမြင့်ဆွေ၏ သားဖြစ်ပြီး ထူးကုမ္ပဏီအုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ကာ ၎င်း၏ အစ်ကိုဖြစ်သူ ဦးသီဟမှာ ကုမ္ပဏီဒုတိယဥက္ကဋ္ဌနှင့် သားဖြစ်သူ ဦးပြည့်ဖြိုးတေဇမှာ စီမံခန့်ခွဲမှုဒါရိုက်တာဖြစ်ကြောင်း JFM ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးတေဇ၏ နောက်ထပ်သားသမီးနှစ်ဦးဖြစ်သည့် ဦးထူးထက်တေဇနှင့် ဒေါ်ထူးထွေးတေဇတို့သည်လည်း ထူးကုမ္ပဏီခွဲနှင့် မိတ်ဖက်ကုမ္ပဏီများတွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်များဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်သီတာဇော် (ကွာရှင်းထား) မှာ စင်ကာပူရှိ ထူးအုပ်စု၏ စီးပွားရေးလုပ်ငန်းတွင် ပါဝင်ကြောင်း JFM က ဆိုသည်။

ဦးတေဇမိသားစုသည် မြန်မာနှင့် စင်ကာပူတွင် ကုမ္ပဏီများစွာထူထောင်၍ သတ္တုတူးဖော်ရေး၊ သစ်လုပ်ငန်း၊ ရေနံ၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ အစားအသောက်နှင့် အဖျော်ယမကာ၊ အိမ်ခြံမြေ၊ ဘဏ်နှင့် အာမခံလုပ်ငန်း၊ လေကြောင်းနှင့် ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button