အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားကာလဒေသန္တအစိုးရဖြစ်သည့် မကွေးဖက်ဒရယ်ယူနစ်၏ လက်အောက်ခံစစ်ကြောင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးသည် လက်နက်နှင့်တကွ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်ဘက်ကူးပြောင်းသွားကြောင်း သိရသည်။
မကွေးတိုင်း မြိုင်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ရေနံမြေကို ပြန်လည်ရရှိရေး စစ်တပ်က မေလကတည်းကထိုးစစ်ဆင်လျက်ရှိရာ တော်လှန်ရေးအင်အားစုများနှင့် စစ်တပ်ကြားတိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းမှ တပ်ခွဲမှူး အဆင့်ရှိသူ တစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦးတို့သည် သေနတ် နှစ်လက်နှင့်အတူ နိုဝင်ဘာလ ၁ ရက်က စစ်တပ်အခြေစိုက်ရာ တဲကြီးရွာသို့ ဝင်ရောက်သွားခြင်း ဖြစ်ကြောင်းသိရသည်။
“ တပ်ခွဲမှူးတစ်ယောက်နဲ့ ရဲဘော်တစ်ယောက်လို့ပဲ ကြားထားတယ်။ MA 4 တစ်လက်နဲ့ MA 1 တစ်လက် နဲ့ပါသွားတယ်။ အဲ့ဒီလောက်ပဲသိထားပါတယ်”ဟု ဒေသတွင်းစစ်ရေးလှုပ်ရှားနေသည့် အညာတမာ စစ်ဆင်ရေးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အညာတမာစစ်ဆင်ရေးသည် မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ NUG လက်အောက်ခံ တပ်ရင်းများ၊ အနီးဝန်းကျင်မြို့နယ်များမှ ပကဖများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA၊ ကျောင်းသားတပ် (ABSDF) စသည့်ဒေသတွင်း တော်လှန်ရေးအင်အားစုများ စုဖွဲ့ထားပြီး ရေနံမြေကိုထိုးစစ်ဆင်လာသည့် စစ်တပ်ကို တန်ပြန်တိုက်ခိုက်နေသည်။
ဘက်ပြောင်းသွားသူများမှာ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းမှ Young Force အဖွဲ့မှ ဒု စစ်ကြောင်းမှူး အဆင့်ရှိသူနှင့် ထောက်လှမ်းရေးတာဝန်ခံ (Intelligent officer) တို့ဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ပခုက္ကူ၊ ပေါက်၊ မြိုင်၊ မင်းဘူး ခရိုင်တို့မှ ဒေသတော်လှန်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် စစ်ကြောင်း ၁၃ ကြောင်းထိရှိပြီး Young Force အဖွဲ့ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း- ၁ အဖြစ် ယခုနှစ် မေလကုန်ပိုင်းတွင် ပူးပေါင်းခဲ့သည့် အဖွဲ့ဖြစ်သည်။
ထိုအခြေအနေနှင့်ပတ်သက်၍ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာ၊ ကာကွယ်ရေး ဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်တို့ကို ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါ။
မကွေးဖက်ဒရယ်ယူနစ်သည် မကွေးတိုင်းဒေသကြီးကို ကိုယ်စားပြုထားသည့် ဖက်ဒရယ်အုပ်ချုပ်ရေး ယူနစ်တစ်ခုဖြစ်ပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်နေသည့် ကြားကာလဒေသန္တရအစိုးရဖြစ်သည်။
ရေနံမြေကို ထိန်းချုပ်ရန်အတွက်ကြိုးပမ်းနေသည့် စစ်တပ်စစ်ကြောင်းသည် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အနီး တဲကြီးရွာတွင် စက်တင်ဘာလကတည်းကခြေကုပ်ယူ၍ ဝဲလ်တူး (Well 2) ရေနံမြေမှ ရေနံလုပ်ကွက်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ ရွာထဲတွင် တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
“ တဲကြီးစစ်ကြောင်းက တဲကြီးထဲမှာပဲရှိတယ်။ အစကမှ အပြင်ထွက်ပြီး မီးရှို့ဖျက်ဆီးတာတွေ၊ မိုင်းခွဲဖျက်ဆီးတာတွေ လုပ်နိုင်သေးတယ်။ အခုနောက်ပိုင်း တဲကြီးရွာထဲမှာကို လုံးဝမထွက်နိုင်တော့ဘူး”ဟု အညာတမာစစ်ဆင်ရေးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တဲကြီးရွာအတွင်းအထိုင်ချ၍ ရေနံလုပ်ကွက်ဆယ်နှင့်ချီကို ဖျက်ဆီးခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းတွင် စစ်တပ်က ထုတ်ပြန်ထားသည်။
စစ်ရေးပြင်းထန်နေသည့် မြိုင်မြို့နယ်ကို ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ပခုက္ကူမြို့နယ်မှတဆင့် စစ်အင်အားရာနှင့်ချီ ထပ်မံဝင်ရောက်လာပြီး မြိုင်မြို့နယ်ရှိ စစ်တပ်နှင့်ပြည်သူ့စစ်များ အခြေစိုက်ရာ တွင်းမရွာတွင် အင်အားဖြည့်တင်းထားကြောင်း သိရသည်။
တော်လှန်ရေးကာလ ငါးနှစ်ကျော်ကြာမြင့်လာသည့် ယခုနှစ် အောက်တိုဘာလတွင် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး စသည်တို့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ စစ်တပ်ဘက်ကူးပြောင်းမှုများ ရှိခဲ့သည်။
ဘက်ပြောင်းမှုဖြစ်စဉ်များအပြီးတွင် နီးစပ်ရာဒေသတို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ ရှိသည့်အတွက် မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ ဘက်ပြောင်းအပြီးတွင် ဒေသတွင်း လေကြောင်းတိုက်ခိုက်မှုများ ပိုမိုတိုးလာနိုင်ခြေရှိကြောင်း တော်လှန်ရေးအင်အားစုများက မှတ်ချက်ပြုသည်။



