အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာ့ဒီမိုကရေစီအစား အမေရိကန်အကျိုးစီးပွားကို ဦးစားပေးလာသည့် ထရမ့်အစိုးရ၏ မဟာဗျူဟာသစ်ထုတ်ပြန်

အောက်တိုဘာလ ဒုတိယပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ၁၁ မျက်နှာပါ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းသည် အမေရိကန်၏ စံနှုန်းဟောင်းများကို စွန့်လွှတ်ပြီး အမေရိကန်ပထမ မူဝါဒကိုသာ ကျင့်သုံးတော့မည်ဖြစ်ကြောင်း တရားဝင်ကြေညာခြင်းဟု နားလည်ရသည်။

မြန်မာ့မြေရှားသတ္တုများကို ရယူနိုင်မည့် အခွင့်အလမ်းများ ဖန်တီးရန်၊ ဒေသတွင်း အမေရိကန်ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရန်နှင့် လာမည့်လေးနှစ်အတွင်း မြန်မာတွင်ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန်တို့ စီစဉ်ထားသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
 
ဩဂုတ်လ ၃၁ ရက်က အတည်ပြုထားပြီး အောက်တိုဘာလ ဒုတိယပတ်အတွင်း ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော စာမျက်နှာ ၁၁ မျက်နှာပါ မဟာဗျူဟာစာတမ်းတွင် လက်တွေ့ကျသော သဘောတူညီချက်များ ထွက်ပေါ်လာရန် သက်ဆိုင်သူများ ပါဝင်သည့် ဆွေးနွေးပွဲ အနည်းဆုံး သုံးခု ကျင်းပနိုင်ရေး အမေရိကန်သံရုံးက ပံ့ပိုးသွားမည်ဟု ဆိုသည်။
 
“ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပေါကြွယ်ဝသော မြေရှားသတ္တု အရင်းအမြစ်များကို ရယူအသုံးချနိုင်မည့် အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဖြစ်ပြီး အွန်လိုင်း ငွေလိမ်လုပ်ငန်းများကိုလည်း တိုက်ဖျက်နိုင်မည်” ဟု စာတမ်းတွင် ဖော်ပြထားသည်။
 
၂၀၃၀ ပြည့်နှစ် ဇူလိုင်လတွင် ငြိမ်းချမ်းရေးသဘောတူညီချက်တရပ် ရရှိနိုင်စေရန် မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းမည်ဖြစ်ပြီး နည်းပညာများ အကူအညီပေးခြင်း၊ နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားမည်ဟုလည်းဆိုသည်။
 
ထိုမှတဆင့် “အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ပြီး အခြားဒေသတွင်း အင်အားစုများထက် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုအသာစီးရစေမည့် ပတ်ဝန်းကျင်တရပ် ဖန်တီးမည်”ဟုလည်း စာတမ်းတွင်ပါရှိသည်။
 
ထို့အပြင် မြန်မာနိုင်ငံသို့ အမေရိကန်ကုန်ပစ္စည်းများ တင်ပို့မှု တိုးမြှင့်ရန်နှင့် ကုန်သွယ်ရေးလိုငွေ လျှော့ချရန်ကိုလည်းမဟာဗျူဟာအသစ်၏ အဓိကပန်းတိုင်တခုအဖြစ် သတ်မှတ်ထားသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ငါးသန်းကျော်တန်ဖိုးရှိ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုသို့မဟုတ် အခြေခံအဆောက်အဦဆိုင်ရာ သဘောတူညီချက် အနည်းဆုံး သုံးခု ရရှိရန်လည် မဟာဗျူဟာအသစ်တွင် ဖော်ပြသည်။ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ၏ ဆက်သွယ်ညှိနှိုင်းမှုများဖြင့် အမေရိကန် စီးပွားရေးလုပ်ငန်းများ၏အကျိုးစီးပွားကို မြှင့်တင်သွားမည်ဟု ဆိုသည်။

တရုတ်- မြန်မာနယ်စပ်ရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင် တနေရာကိုတွေ့ရစဉ်။ (ဓာတ်ပုံ- Global witness)
တရုတ်- မြန်မာနယ်စပ်ရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင် တနေရာကိုတွေ့ရစဉ်။ (ဓာတ်ပုံ- Global witness)

ထို့အပြင် ၂၀၃၀ ပြည့်နှစ်အကုန်တွင် မြန်မာနိုင်ငံသို့ အမေရိကန်ကုန်ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုကို သုံးဆတိုးမြှင့်ရန်လည်း ရည်မှန်းထားသည်။ ထို့အတွက် မြန်မာနိုင်ငံ၏ သွင်းကုန်လိုင်စင် ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေရှားပါးမှုနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတားအဆီးများကို ဖြေရှင်းနိုင်ရန် “မြန်မာအာဏာပိုင်များ”နှင့် ဆက်သွယ်ညှိနှိုင်းသွားမည်ဟု မဟာဗျူဟာစာတမ်းတွင် ဖော်ပြထားသည်။

သို့သော် အမေရိကန်၏ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာက ချမှတ်ထားသည့် စံတန်ဖိုးများဖြစ်သော ဒီမိုကရေစီ ပြန်လည်ထူထောင်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ရေးအကျဉ်းသားများ လွှတ်ပေးရန်၊ လူ့အခွင့်အရေးကာကွယ်ရန်၊ စစ်တပ်၏ စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိရန် စသည့်အချက်များ စာတမ်းတွင်မပါဝင်ပေ။
 
ထိုစာတမ်းသည် အမေရိကန်၏ စံနှုန်းဟောင်းများကို စွန့်လွှတ်ကြောင်း တရားဝင် ကြေညာခြင်းဖြစ်ပြီး အမေရိကန်ပထမ မူဝါဒကိုသာ ကျင့်သုံးတော့မည်ဟု သုံးသပ်၍ရသည်ဟု Myanmar Now ၏ ပင်တိုင်နိုင်ငံရေး ဆောင်းပါးရှင် (ဦး)သုတဇော်က ပြောသည်။
 
“အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ၁၉၈၈ ခုနှစ်ကတည်းက ကျင့်သုံးလာတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လူသိရှင်ကြား စွန့်လွှတ်ကြောင်းနဲ့ သမ္မတ ထရမ့်ရဲ့ အမေရိကန်ပထမ ဆိုတဲ့ အကျိုးစီးပွားအခြေခံမူဝါဒ ကို ကျင့်သုံးမယ်လို့ တရားဝင်ကြေညာလိုက်တာပါ” ဟု ၎င်းက ပြောသည်။
 
စာတမ်းတစုံလုံးကို ခြုံငုံသုံးသပ်ကြည့်ပါက မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် ဦးစားပေးသည့် မဟာဗျူဟာ ဖြစ်နိုင်သည်ဟုလည်း (ဦး)သုတဇော်က သုံးသပ်သည်။

အမေရိကန်၏ ၂၀၂၂ ခုနှစ် မဟာဗျူဟာနှင့် ၂၀၂၆ မဟာဗျူဟာ အနှစ်ချုပ် နှိုင်းယှဉ်ချက်

၂၀၂၂ ခုနှစ် မဟာဗျူဟာ၂၀၂၆ မဟာဗျူဟာ
ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ထူထောင်ရန်အမေရိကန်ဩဇာနှင့် အကျိုးစီးပွား ပြန်ထူထောင်ရန်
လူသားချင်းစာနာမှုအကူအညီများပေးရန်အမေရိကန်သို့ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုနှင့် ငွေလိမ်ဂိုဏ်းများ နှိမ်နင်းရန်
ဒီမိုကရေစီအုပ်ချုပ်ရေးစွမ်းရည် မြှင့်တင်ရန်၂၀၃၀တွင် ငြိမ်းချမ်းရေး
သဘောတူညီချက် ရရှိရန်
အမေရိကန်၏ မူဝါဒနှင့် စံတန်ဖိုးများကိုထောက်ခံမှု တည်ဆောက်ရန်ရင်းနှီးမြှုပ်နှံမှုနှင့် မြေရှားသတ္တုရယူနိုင်ရန်

အမေရိကန်၏ ယခုမဟာဗျူဟာသည် ၂၀၂၂ ခုနှစ်က ချမှတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာနှင့် သိသိသာသာ ကွာခြားနေသည်။
 
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်တွင် အတည်ပြုခဲ့သော အမေရိကန်သံရုံး၏ မဟာဗျူဟာတွင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးကို ပထမဦးစားပေးပန်းတိုင်အဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် မြန်မာပြည်သူများနှင့် ဆက်ဆံရေးတည်ဆောက်ရေးတို့ကိုလည်း အဓိကပန်းတိုင်များအဖြစ် ဖော်ပြထားသည်။
 
သို့သော် ၂၀၂၆ ခုနှစ် မဟာဗျူဟာတွင် အမေရိကန်၏ စီးပွားရေးနှင့် လုံခြုံရေးအကျိုးစီးပွားများကို ပိုမိုအလေးထားလာသည်ကို တွေ့ရသည်ဟု မြန်မာ့အရေးလှုပ်ရှားသူနှင့် နိုင်ငံရေးသုံးသပ်သူ ဦးဂျိမ်းရွှေက Myanmar Now ကိုပြောသည်။
 
“တန်ဖိုးအခြေပြု မူဝါဒကနေပြီးတော့ အပေးအယူအခြေပြု မူဝါဒဆီ ပြောင်းသွားတာ၊ ဒီမိုကရေစီကနေပြီးတော့ အမေရိကန် အကျိုးစီးပွားဆီကို လုံးဝ ပြောင်းသွားတာ” ဟု ၎င်းက ဆိုသည်။
 
မဟာဗျူဟာအသစ်တွင် မြန်မာစစ်တပ်ကို ထားသည့်သဘောထားနှင့် အသုံးအနှုန်းများလည်း ပြောင်းလဲလာသည်ကို တွေ့ရသည်။ ယခုအခါ “မြန်မာအာဏာပိုင်များ” ဟု သုံးနှုန်းကာ ကိစ္စအလိုက် ပူးပေါင်းဆောင်ရွက်မည်ဟု ၂၀၂၆ ခုနှစ် မဟာဗျူဟာတွင် ဖော်ပြသည်။
 
၂၀၃၀ ပြည့်နှစ်အတွင်း ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရန်ဆိုသည့် အမေရိကန်၏ ပန်းတိုင်သည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးထက် အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုကို ပိုမိုဦးစားပေးသည့် ချဉ်းကပ်မှုဖြစ်နိုင်သည်ဟုလည်း ဦးဂျိမ်းရွှေက ပြောသည်။
 
ထိုသို့ အပစ်ရပ်ဆွေးနွေးပွဲများကို အလျင်အမြန် အကောင်အထည်ဖော်ရန် ကြိုးပမ်းလာပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို အချိန်မတန်မီ နိုင်ငံရေးဆွေးနွေးပွဲဝင်ရန် ဖိအားများ ရှိလာနိုင်သည်ဟုလည်း သူက ဆိုသည်။

အညာဒေသ ကျေးရွာတခုတွင်  အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်ထားသည့် စာကျောင်းတကျောင်း၌ ညအချိန် ပညာသင်ယူနေကြသည့် ကျောင်းသူ ကျောင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဂုဏ်ရည်)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကမူ အမေရိကန်၏မဟာဗျူဟာစာတမ်းအသစ်နှင့် ပတ်သက်၍ မှတ်ချက်ပေးခြင်း မရှိသေးပါ။

အမေရိကန်၏ မြေရှားသတ္တုရယူရေး ရည်မှန်းချက်ကြောင့် မြန်မာနိုင်ငံ၏ သယံဇာတများကို ရယူရန် တရုတ်နှင့် အမေရိကန်တို့ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်သည်ဟုလည်း လေ့လာသူများက ဆိုသည်။
 
သို့သော် မြေရှားသတ္တုထွက်ရှိသည့် နယ်မြေများကို ထိန်းချုပ်ထားသော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အမေရိကန်က မည်သို့ဆက်ဆံမည်၊ သယံဇာတရယူရေးအတွက် မည်သည့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းမည်ဆိုသည်ကိုမူ မရှင်းလင်းသေးပေ။

အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲလွဲမှု ပေါ်ပေါက်လာနိုင်ပြီး ထိုအင်အားစုများ၏ နိုင်ငံရေး ရည်မှန်းချက်များအပေါ်ကိုလည်း သက်ရောက်မှုရှိနိုင်သည်ဟု ဦးဂျိမ်းရွှေက သတိပေးသည်။

အထူးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရမည့်အခြေအနေ ပေါ်ပေါက်လာပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဖက်ဒရယ် ဒီမိုကရေစီရရှိရန် စစ်တပ်ကို အရပ်ဘက်အုပ်ချုပ်မှုအောက်ထားရှိရန်တို့နှင့် ပတ်သက်သည့် ဘုံရပ်တည်ချက်များ ကြိုတင်ညှိနှိုင်းထားရန် လိုသည်ဟု သူက ဆိုသည်။

“လူ့အသက်ပေါင်း မြောက်မြားစွာ အဆုံးရှုံးခံပြီးတော့၊ စတေးပြီးတော့ တော်လှန်ရေး လုပ်လာတာဆိုတော့ ဘာမှအကျိုးအမြတ် မရှိဘဲနဲ့ ဒီလို ဆွေးနွေးပွဲနဲ့တင် ပြီးသွားပြီးတော့ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီ မရဘူးဆိုရင်တော့အလုပ်မဖြစ်ဘူး” ဟု ဦးဂျိမ်းရွှေက ပြောသည်။

ထို့အပြင် မြေရှားသတ္တုအပါအဝင် သဘာဝသယံဇာတများနှင့် ပတ်သက်သည့် မည်သည့် သဘောတူညီချက်တွင်မဆို ဒေသခံပြည်သူများ၏ သဘောတူညီမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို ထည့်သွင်းစဉ်းစားရန် လိုသည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ သယံဇာတများကို ရယူနိုင်ရေးနှင့် ဒေသတွင်း ဩဇာလွှမ်းမိုးမှု တိုးမြှင့်ရေးတို့ကို အမေရိကန်က မဟာဗျူဟာပန်းတိုင်များအဖြစ် သတ်မှတ်လာချိန်တွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာ၌ ဖက်ဒရယ်ဒီမိုကရေစီနှင့် ပြည်သူများ၏ ဆန္ဒကို မည်မျှအလေးထားမည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ထို့အပြင် အမေရိကန်၏ မဟာဗျူဟာအသစ်တွင် ၂၀၃၀ ပြည့်နှစ် ဇူလိုင်လအထိ ငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရရှိရေးကို ရည်မှန်းထားသော်လည်း ယင်းသဘောတူညီချက်တွင် မည်သည့်အဖွဲ့အစည်းများ ပါဝင်မည်၊ စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို မည်သို့သတ်မှတ်မည်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးကို မည်သို့အာမခံမည်ဆိုသည့် အသေးစိတ်အချက်များကိုမူ ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။

မဟာဗျူဟာအသစ်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် အစီအစဉ်များ ပါဝင်သကဲ့သို့ အကောင်အထည်ဖော်ရန် ခက်ခဲနိုင်သည့် ရည်မှန်းချက်များလည်း ပါဝင်နေသည်ဟု Myanmar Now ၏ ပင်တိုင်နိုင်ငံရေးဆောင်းပါးရှင် (ဦး) သုတဇော်က သုံးသပ်သည်။

အထူးသဖြင့် မဟာဗျူဟာတွင် ပါဝင်သည့် ဗဟိုအစိုးရနှင့် ပြည်နယ်၊ ဒေသဆိုင်ရာ အစိုးရများ အခွန်ကောက်ခံခွင့်၊ ဘဏ္ဍာငွေနှင့် သယံဇာတဝင်ငွေ ခွဲဝေသုံးစွဲရန်နှင့် အုပ်ချုပ်ရေးနယ်မြေနယ်နိမိတ် သတ်မှတ်ရန်ကဲ့သို့သော အချက်များကိုစစ်အုပ်စုက လက်ခံရန် ခက်ခဲနိုင်သည်ဟုလည်း (ဦး) သုတဇော်က ပြောသည်။

ထို့ကြောင့် မဟာဗျူဟာတွင် ဖော်ပြထားသည့် ရည်မှန်းချက်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်၊ မဖော်နိုင်ဆိုသည်မှာ အမေရိကန်အစိုးရ၏ နိုင်ငံရေးဆန္ဒနှင့် ဘဏ္ဍာငွေအပေါ်လည်း မူတည်နေဟု ၎င်းက ထောက်ပြသည်။

“အရေးအကြီးဆုံးက မဟာဗျူဟာတွေ အကောင်အထည်ဖော်ဖို့ ငွေကြေးလိုအပ်တယ်။ ထရမ့်က မြန်မာ့အရေး ဘယ်လောက်အလေးထားသလဲ ကြည့်မြင်နိုင်ဖို့ ဒေါ်လာသန်းပေါင်း ဘယ်လောက်သုံးမလဲ ဆိုတာပါပဲ။ အဲ့ဒီကိန်းဂဏန်းကို ဖော်ပြထားတာ မတွေ့ပါဘူး” ဟု (ဦး) သုတဇော်က ပြောသည်။

မဟာဗျူဟာအသစ်တွင် သတ်မှတ်ထားသည့် အချိန်ကာလမှာလည်း သတိပြုစရာဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်၏ လက်ရှိသမ္မတသက်တမ်းသည် ၂၀၂၉ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် မြန်မာ့ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ပန်းတိုင်ကို ၂၀၃၀ ပြည့်နှစ် ဇူလိုင်လအထိ သတ်မှတ်ထားသည်။
 
ထို့ကြောင့် ၂၀၂၈ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီး အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာပါက နောက်တက်လာမည့် အစိုးရ၏ ဦးစားပေး မူဝါဒများတွင် မူတည်၍ ယခုမဟာဗျူဟာကို ဆက်လက်အကောင်အထည်ဖော်မည်၊ ပြင်ဆင်မည် သို့မဟုတ် အစားထိုးမည်ဆိုသည်မှာလည်း မရေရာသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။