တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နှင့် ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း စာသင်ကျောင်း နှစ်ကျောင်း ဗုံးကြဲခံရပြီး ကလေးများ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ရာ အဆိုပါကျောင်းများ ယာယီပိတ်လိုက်ရသည်ဟု စုံစမ်းသိရှိရသည်။
အောက်တိုဘာလ ၃၀ ရက် မွန်းတည့်ချိန်က တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကညင်ချောင်းရွာ (ကရင်အခေ့် သညော်ဆီရွာ) ရှိ ကရင်အမျိုးသားစာသင်ကျောင်းအနီးကို စစ်လေယာဉ်က ဗုံးကြဲခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့်အနီးအနားရှိ နေအိမ်နှစ်လုံး ပျက်စီးကာ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ၂၅ နှစ် အရွယ်အမျိုးသားတစ်ဦးနှင့် ၉၃ နှစ်အရွယ် အဘွားအိုတစ်ဦးတို့ သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်နှင့် ၁၅ နှစ် အရွယ် မိန်းကလေး နှစ်ဦး၊ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရရခဲ့သည်။
ဗုံးကြဲချိန်သည် စနေနေ့ ဖြစ်သော်လည်း အဆိုပါကျောင်းဖွင့်ချိန်ဖြစ်၍ ကျောင်းသားကျောင်းသူအချို့လည်း ထိခိုက်ခဲ့ခြင်းဖြစ်သည်။ Myanmar Now က ရရှိခဲ့သည့် ဓာတ်ပုံများတွင် ကရင်အမျိုးသားကျောင်း ယူနီဖောင်းဖြစ်သော အင်္ကျီအဖြူရောင်နှင့် စကပ်အပြာရောင်တို့ ဝတ်ဆင်ထားသည့် အသက် ၁၀ နှစ် အရွယ်မိန်းကလေးတစ်ဦး မျက်နှာတစ်ခုလုံး ပွင့်ထွက်နေသည်။ ၎င်း၏ ဘေးတွင် အပြာရင့်ရောင် ဆွယ်တာဝတ်ထားသည့် မိန်းကလေးငယ်တစ်ဦး လဲကျနေပြီး အသက် ၉၀ ကျော် အဘွားအိုသည် ဗိုက်ပွင့်ထွက်လျက် ဘေးတစောင်းအနေအထားဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရသည်။
စစ်တပ်က ပစ်မှတ်ထား ဗုံးလာကြဲမည်ကို ကြိုမသိသဖြင့် ရှောင်တိမ်းချိန်မရဘဲ သေဆုံးသွားခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
“ရွာစာသင်ကျောင်းကိုလည်း ထိတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိတော့ အရပ်သားတွေက မရှောင်ထားဘူး။ အဲဒါ ရန်သူက လေကြောင်းကနေ တိုက်ခိုက်လာတော့ ထိခိုက်ကုန်တာပေါ့” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်ခန့်မှန်းရသလောက် (လက်ရှိက) ကျောင်းတွေကတော့ ပိတ်ထားရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဗုံးကြဲခံရသည့် ကညင်ချောင်းရွာသည် သရက်ချောင်းမြို့တောင်ဘက် ၂၅ မိုင်အကွာတွင်တည်ရှိသည်။ အဆိုပါရွာသည် ပြီးခဲ့သည့် စက်တင်ဘာလက ရေကြီးရေလျှံမှုဒဏ် ကြုံတွေ့ထားရသည့် ကျေးရွာဖြစ်ကာ KNU ၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၄) နယ်မြေ မြိတ်- ထားဝယ်ခရိုင်အတွင်း ပါဝင်နေသည်။

ထိုရွာတွင် KNU ၏ ကရင်အမျိုးသားကျောင်း ဖွင့်လှစ်ထားပြီး ဒေသခံအများစုက တက်ရောက်နေသည်။ KNU ၏ တပ်မဟာ ခုနစ်ခုလုံးတွင် အဆိုပါ ကျောင်းများဖွင့်လှစ်၍ ကရင်စာအပါအဝင် ဘာသာရပ်များ သင်ကြားပေးနေသည်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ လောင်းလုံး၊ သရက်ချောင်း၊ ထားဝယ်စသည့် မြို့တို့တွင် စက်တင်ဘာလက မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများဖြစ်ပေါ်ခဲ့၍ လူဆယ်နှင့်ချီ သေဆုံးပြီး ရာနှင့်ချီ ပျောက်ဆုံးခဲ့ရသည်။
ထိုဖြစ်စဉ်အတွင်း ကညင်ချောင်းရွာသား နှစ်ဦးသေဆုံးကာ အိမ် ၃၇၆ လုံး ပျက်စီးကြောင်း၊ စားနပ်ရိက္ခာ၊ နေအိမ်လိုအပ်ချက်များရှိနေသည့် ကျေးရွာဖြစ်ကြောင်း KNU မြိတ်- ထားဝယ်ခရိုင်ဘက်က ဆိုသည်။
ထိုသို့ သဘာဝဘေးဒဏ်ခံရသည့် ကျေးရွာသည် လေကြောင်းတိုက်ခိုက်မှုပါ ထပ်မံကြုံတွေ့ရသဖြင့် ပိုမိုခက်ခဲကာ နစ်နာရကြောင်း ပဒိုစောအယ်နားက ပြောသည်။
ပြာကျသွားရသည့် ကရင်နီစာသင်ကျောင်း
ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့အရှေ့ခြမ်း တောအုပ်တစ်ခုအတွင်း လျှို့ဝှက်ဖွင့်ထားသည့် စစ်ရှောင်ကလေးများအားထားရာ စာသင်ကျောင်းတစ်ကျောင်းကို အောက်တိုဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်လေယာဉ်က ဗုံး လေးလုံးကြဲချ တိုက်ခိုက်ခဲ့သည်။
ဗုံးပေါက်ကွဲသည့်ဒဏ်ကြောင့် သစ်သားတိုင်များ ၊ ဝါးအကာများဖြင့် ဆောက်ထားသည့် စာသင်ကျောင်းသည် အမိုးအကာများ ပွင့်ထွက်သွားပြီး မီးခိုးတလူလူထွက်နေသည့် ထိုင်ခုံရှည် ခြောက်လုံးသာ ကျန်ရစ်သည်။ ယင်းဖြစ်စဉ်တွင် ကျောင်းသူ၊ ကျောင်းသား သုံးဦးသေဆုံးပြီး ကလေးငါးဦး ဒဏ်ရာရသည်။
သေဆုံးသွားသည့် ကလေးငယ်များသည် အစိမ်းရောင်နှင့် ခဲရောင် တာပေါ်လင်စပေါ်တွင်လည်းကောင်း၊ အနီရောင် ပလတ်စတစ်ဖျာချပ်ပေါ်တွင်လည်းကောင်း အသီးသီးရှိနေသည်ကို ဒေသခံအချို့ ပေးပို့သည့် ဓာတ်ပုံများတွင် တွေ့ရသည်။
ကရင်နီတော်လှန်ရေးတပ်များ၏ အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဖြစ်သည့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ကျောင်းတက်နေသည့် ကလေးများ သေဆုံးသွားသဖြင့် ကျန်ကလေးများ ကျောင်းပင်မတက်ရဲသည့်အခြေအနေ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

“သေဆုံးတာတွေလည်းရှိတော့ သေချာတာကတော့ အကြောက်တရားတွေတော်တော်လေးကြီးသွားပြီ။ ကျောင်းကို ပြန်တက်နိုင်ဖို့က သေချာတာကတော့ အချိန်တစ်ခုယူရမယ်။ အခြားတစ်ဖက်မှာလည်း ကျောင်းနေရာ၊ ထိုင်ခင်းအသစ်တွေလည်း ပြန်လုပ်ပေးရမှာတွေရှိတယ်။ ပြန်လည်ကုစားရမယ့် အဆင့်တွေ ကတော့ တော်တော်လေးများတယ်” ဟု သူက ပြောသည်။
ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများကို စစ်ပွဲတွင် တိုက်ခိုက်ခြင်းမပြုရဟု သတ်မှတ်ထားသဖြင့် အတော်အသင့်လုံခြုံသည့် နေရာဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံစစ်ပွဲတွင် ထိုအဓိပ္ပာယ်မှာ မမှန်ကန်ဘဲ မှားယွင်းသွားကြောင်း ဦးဗညားခွန်အောင်က မှတ်ချက်ပေးပြောသည်။
“ဒီလိုလုံခြုံတဲ့နေရာတွေတောင် အကြဲခံရတယ်ဆိုရင် ဒီထက်လုံခြုံတဲ့နေရာဆိုတာ မရှိတော့ဘူးပေါ့”
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်နှင့် ကရင်နီပြည်နယ် လွိုင်ကော်အရှေ့ခြမ်းက စာသင်ကျောင်းတို့ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်အစိုးရ၏ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို Myanmar Now က ဖုန်း သုံးကြိမ်ခေါ်ခဲ့သော်လည်း ဖုန်းမကိုင်ပေ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်တွင် တင်သွင်းသည့် Children and armed conflict အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ မြန်မာနိုင်ငံတွင် စာသင်ကျောင်း ၁၂၄ ကျောင်း နှင့် ဆေးရုံ ၄၅ ရုံ စုစုပေါင်း ၁၆၉ ခု တိုက်ခိုက်ခံရကြောင်း ဖော်ပြထားသည်။
တိုက်ခိုက်မှုများကို မြန်မာစစ်တပ်က အကြိမ် ၁၄၀ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သို့မဟုတ် ဒေသခံကာကွယ်ရေးအဖွဲ့တွေက ၁၁ ကြိမ် ၊ အမည်မသိသူများက ၁၀ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။ ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် တစ်နှစ်လုံး ကလေးထိခိုက်မှု ၂၀၇ မှု ဖြစ်ခဲ့ကြောင်း အထက်ပါအစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကမူ စာသင်ကျောင်းများ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုသည် ဝမ်းနည်းစရာကောင်းသော်လည်း မေ့ပျောက်ရမည့်ကိစ္စများ မဟုတ်ကြောင်းဆိုသည်။
“ကျွန်တော်တို့ကတော့ ဒီဟာကို မေ့ပျောက်မှာမဟုတ်ဘူး။ ကိုယ့်ရဲ့နိုင်ငံထဲမှာဖြစ်စေ၊ ပြည်နယ်ထဲမှာ ဖြစ်စေ တရားဥပဒေကြောင်းအရ မရရတဲ့နည်းနဲ့ ရတဲ့အချိန်မှာ တရားဥပဒေအရ အမှန်တရားကို ဖော်ဆောင်မယ်။ နိုင်ငံတကာဥပဒေကြောင်းအရ အရေးယူတာတွေ ဆက်ပြီးလုပ်ဆောင်ဖို့ ကြိုးပမ်းတာတွေ ဆက်လုပ်သွားမယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
လွိုင်ကော်အရှေ့ခြမ်းရှိ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်၏ကျူးလွန်မှုများကို တာဝန်ခံမှုရှိလာစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က နိုဝင်ဘာလ ၂ ရက်တွင် ကြေညာချက် ထုတ်ထားသည်။
တနိုင်ငံလုံးအနှံ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်သည် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ အပါအဝင် ဘာသာရေးဆိုင်ရာနေရာများကိုသာမက အများပြည်သူဆိုင်ရာ နေရာများကိုပါမချန် တိုက်ခိုက်နေ၍ အရပ်သား သေဆုံးထိခိုက်မှုများ ပေါ်ပေါက်နေသည်။
ယမန်နှစ် မေလအတွင်းကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုတွင် စုစုပေါင်း သေဆုံးသူ ၂၄ ဦးအထိ ရှိခဲ့သည်။
ထို့နောက် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်းကို နံနက် ၁ နာရီခန့်ကဗုံးကြဲခဲ့၍ အထက်တန်းကျောင်းသားအများစု အပါအဝင် ၁၈ ဦး သေဆုံး၊ ၂၀ ဦးခန့် ဒဏ်ရာရသွားခဲ့ကြသည်။

(ဖြည့်စွက်ချက် ။ ။ စစ်တပ်ဝါဒဖြန့်သူများက ချင်းပြည်နယ် ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးသွားလမ်းပေါ်တွင် ဒေါ်ဟရန်ကျဲရ်ထွေး (၃၆ နှစ်)၊ သမီးဖြစ်သူ မကျဲရ်စင်မွှေးလဲင်းချိုင် (၁၇ နှစ်)၊ မနိုအဲယ်ပါမ်ချိုင် (၁၂ နှစ်) နှင့် ယာဉ်မောင်း ဦးအောင်လေး (ခ) အောင်ကျော်ထွေး (၃၀ နှစ်) တို့ သတ်ဖြတ်ခံရကြောင်း ၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များ လက်ချက်ဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်ညပိုင်းက စွပ်စွဲဖော်ပြထားကြသည်။ )



