အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီပဲယင်းစာသင်ကျောင်း ဗုံးကြဲခံရမှုတွင် ဒဏ်ရာရကလေး ၂ ဦး သေဆုံး၊ သေဆုံးသူ ၂၄ ဦးရှိလာ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သော ကလေး ၂ ဦး သေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိလာသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာ ပြင်းထန်သည့် နောက်ထပ် ကလေး ၂ ဦး သေဆုံးခဲ့ရာ စုစုပေါင်းသေဆုံးသူ ၂၄ ဦးအထိ ရှိလာကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ 

ယမန်နေ့  (မေ ၁၃) ညပိုင်းက အသက် ၈ နှစ်အရွယ် Grade 2 ကျောင်းသား မောင်အောင်ဇေယျ၊ ယနေ့ (မေ ၁၄) နံနက်တွင် အသက် ၁၁ နှစ်အရွယ် Grade 3 ကျောင်းသူ မပြည့်ပြည့်ငြိမ်းတို့  သေဆုံးခဲ့သည်။ 

ပြီးခဲ့သည့် မေ ၁၂ ရက်နေ့ နံနက်က  စာမေးပွဲဖြေရန်ပြင်ဆင်နေသည့် အိုးတိန်တွင်းရွာ စာသင်ကျောင်းကို‌ လေကြောင်းမှ ဗုံး ၂ လုံးကြဲချခဲ့ရာ ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးနှင့် ဆရာမ ၂ ဦး စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့သည်ဟု ကနဦးသိရသည်။ 

သေဆုံးသူများတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသား၊ ကျောင်းသူများပါဝင်ပြီး အများစုမှာ မူလတန်းကျောင်းသားများဖြစ်သည်။ 

ထိခိုက်ဒဏ်ရာရသူ ၁၀၅ ဦးရှိကာ ခြေထောက်၊ လက် ထိခိုက် ပြတ်တောက်သူများ အပါအဝင် ဒဏ်ရာ ပြင်းထန်သူ ၄၀ နီးပါး ရှိပြီး ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ဒီပဲယင်း ပအဖ အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

“ပြင်းထန်ဒဏ်ရာတွေက များတယ်။ မြေပြင်မှာ အခု ကလေးတွေဖြစ်ဖြစ် ပြည်သူတွေဖြစ်ဖြစ် ထိခိုက် ဒဏ်ရာရရင် အေးဆေးတည်ငြိမ်စွာနဲ့ အချိန်ပေးပြီးဆေးကုနိုင်မယ့်နေရာမရှိဘူး။ အလျဉ်းသင့် သလို အဆင်ပြေတဲ့နေရာမှာ ဆေးဝါးကုသမှုခံယူရတယ်။ တစ်နေရာတည်းမှာပဲ ထိုင်ပြီးတော့ ကြပ်မတ်ကုသ နေလို့မရဘူး။ အလျဉ်းသင့်သလို အမျိုးမျိုး အဖုံဖုံနေရာအစုံမှာ ကုသနေရတယ် ဆေးဝါးမလုံလောက်မှု တွေရှိတယ်”ဟု ဒီပဲယင်းမြို့နယ် ပအဖ တာဝန်ရှိသူက ဆိုသည်။ 

ကျောင်းသားများ အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်း တိုက်ခိုက်ခံရမှုအပြီး စစ်တပ်၏ လေကြောင်းအန္တရာယ်ကြောင့် မြို့နယ်တွင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကြားကာလ စာသင်ကျောင်းများကို ယာယီပိတ်ထားကြောင်းသိရသည်။

မကွေးတိုင်း မြိုင်နှင့်ရေစကြိုမြို့နယ်ရှိကျောင်းများကိုလည်း NUG ပညာရေးဝန်ကြီးဌာန မြို့နယ်တာဝန်ရှိ သူများက ယာယီပိတ်ထားကြသည်။ 

NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်အရ ၂၀၂၃ ဇန်နဝါရီ ၁ မှ ၂၀၂၅ မေ ၁၂ ရက်နေ့အထိ နှစ်နှစ်ကျော်အတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂၄၀ ကျော် ပျက်စီးခဲ့သည်။ 

စစ်ကိုင်းငလျင်နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စစ်တပ်က မေလကုန်အထိ ယာယီ အပစ်ရပ်သက်တမ်းတိုးကြောင်းထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်နေပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမို မြင့်တက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ 

ငလျင်ဒဏ်သင့်စစ်ကိုင်းတိုင်းအတွင်းမှာ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်၏ လေကြောင်း တိုက် ခိုက်မှုကြောင့် ကလေးငယ်အများပြားသေဆုံးထိခိုက်ဒဏ်ရာရခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး များစွာ စိုးရိမ် ပူပန်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှု ပုံစံအားလုံးကို ရှုတ်ချကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေချိန်မှာပင် စာသင်ကျောင်းများကို မဖြစ်မနေ အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများကို ဗုံးမကြဲရန်နှင့် ကလေးများစာသင်ကြားရန် လုံခြုံစိတ်ချရသည့် နေရာဖြစ်ရန်လိုအပ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြောခွင့်ရက မေ ၁၃ ရက်နေ့ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိုးတိန်တွင်းရွာ စာသင်ကျောင်း ပျက်စီးမှုအခြေအနေကို မေ ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- AFP)

Related Articles

Back to top button