သတင်း

ဒီပဲယင်း စာသင်ကျောင်းကို လေတပ် ဗုံးကြဲ၊ ကလေးများအပါအဝင် ၂၂ ဦး သေဆုံး

စစ်ကိုင်းတိုင်းအတွင်း ကျေးလက်စာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်သဖြင့် ကျောင်းသူကျောင်းသားများနှင့် ဆရာမများ သေဆုံးသွားသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးလက်စာသင်ကျောင်းတစ်ကျောင်းကို ယမန်နေ့ နံနက်က လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ၂၂ ဦးထက်မနည်း သေဆုံး၊ အများအပြား  ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

မြို့တောင်ဘက် ၅ မိုင်ခန့် အကွာရှိ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို  နံနက် ၉ နာရီ မိနစ် ၄၀  ဝန်းကျင်တွင်  တိုက်လေယဥ်တစ်စင်းက ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ 

မြေပြင်ကူညီကယ်ဆယ်ရေးလုပ်နေသူများနှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည့် အချက်အလက်များအရ သေဆုံးသူများတွင် မူလတန်းအဆင့်မှ အထက်တန်း ကျောင်းသားများပါဝင်ပြီး သေဆုံးသူ ကျောင်းသား အများစုမှာ မူလတန်းကျောင်းသားများဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ရှိသည့်အနက် အရေးပေါ်အခြေအနေတွင် ကုသမှုခံယူနေရသူ ၁၀ ဦးခန့်ရှိနေသည်။

“ထိခိုက်တာတွေကတော့ ခန္ဓာကိုယ်တွေပဲ့ထွက်ကုန်တာ။ လည်ပင်းအောက်တွေ၊ ချိုင်းအောက်တွေ ပေါက်ထွက်ကုန်တာ။ ခြေထောက်ပြတ်တာတွေ၊ လက်ပြတ်တာတွေ တော်တော်များတယ်။ ခေါင်းတွေ ကြေသွားတယ် “ဟု ဒီပဲယင်း မြို့နယ် ပကဖ တာဝန်ခံ ကိုသစ္စာကပြောသည်။

စစ်ကိုင်းငလျင်ဘေးကြောင့် မေလကုန်အထိ ယာယီအပစ်ရပ်သက်တမ်းတိုး သည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှု အရှိန်ပိုမြင့်လာပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတို့ကိုပါ ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့် ရွာသည် စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ခုခံတော်လှန်သည့် မြန်မာပြည်အနောက်မြောက်ဖက် စစ်ကိုင်းတိုင်းရှိ ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းပြီး၊ ထိုရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးတပ်များ ထိန်းချုပ်နယ်မြေတွင် တည်ရှိသည်။

Myanmar Now က ရရှိထားသည့် ရုပ်သံနှင့်ဓာတ်ပုံမှတ်တမ်းများအရ သေဆုံးသူများတွင် အဖြူ၊ အစိမ်းဝတ် ကလေး ၁၀ ဦး ထက်မနည်း၏ ရုပ်အလောင်းများအစီအရီတွေ့ရပြီး တချို့မှာ ဦးခေါင်းနှင့်ကိုယ်လက်အင်္ဂါများ ပြတ်တောက်နေသည်ကို တွေ့ရသည်။  

တိုက်ခိုက်ခံရသည့် စာသင်ကျောင်းမှာ အနီးဝန်းကျင်ကျေးရွာများမှပါ တက်ရောက်ကြသည့်အတွက် ကျောင်းသားဦးရေ ၁၀၀ ခန့် ရှိသည့် စာသင်ကျောင်းဖြစ်သည်။ 

လတ်တလောတွင် ဒီပဲယင်းနယ်အတွင်း မြေပြင်စစ်ကြောင်းလည်းမရှိသလို တိုက်ပွဲလည်းမရှိဘဲ ကျေးရွာစာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် တစ်ထပ်သာရှိသည့် စာသင်ကျောင်းဆောင်များမှာ အမိုးနှင့် အုတ်နံရံများ ပွင့်ထွက်ပျက်စီးသွားသည်ကို တွေ့ရသည်။ 

ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသူ ကျောင်းသား၊ ဆရာမများ စုစုပေါင်း ၂၂ ဦးသေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသည့် ထိခိုက်ဒဏ်ရာရသူများမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်သည် (AFP)

“စာသင်ကျောင်းက အကုန်ပျက်စီးသွားတယ်။  စာသင်ကျောင်းက တစ်ထပ်ဆောင် အမိုးတွေပါ အကုန်ပွင့် နံရံတွေပါ အကုန်ပွင့်သွားတာ။ ကျောင်းဝင်းထဲမှာ အဆောင် သုံးဆောင်ရှိတာ အကုန် ပျက်စီးတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

နိုင်ငံအနှံ့ စာသင်ကျောင်းများ နွေရာသီတွင် ပိတ်ထားလေ့ရှိသော်လည်း  တော်လှန်ရေးအင်အားစု  စိုးမိုးနယ်မြေများရှိ NUG  ကြားကာလပညာရေးကျောင်းများ ဖွင့်ထားသည်၊ လေတပ် တိုက်ခိုက်မှု၊ မြေပြင်စစ်ကြောင်းထိုးနိုင်မှုတို့အပေါ် မူတည်ပြီး ချိန်ဆဖွင့်လှစ်ရထားခြင်း ဖြစ်သည်ဟု NUG ပညာရေးအသိုင်းအဝိုင်းက ဆိုသည်။ 

“စစ်ကြောင်းထိုးရင် ကျောင်းပိတ်တယ်။ Air Strike တွေ လုပ်ရင်ကျောင်းကခဏရပ်နားထားရတယ် ဆိုတော့ သင်ရိုးကမကုန်ဘူးလေ။ သာမန်ဆိုရင်တော့ ဖေဖော်ဝါရီ၊ မတ်ဆို နားလိုက်တာကိုး။ အခုက အဲ့လိုမဟုတ်ဘူး။ ကြားကာလမှာ အဆင်ပြေသလိုသင်ရတာ။ စစ်ဖြစ်နေတဲ့ဒေသဆိုတော့ ကျောင်းက ပုံမှန်ဖွင့်ရတယ်လို့မရှိဘူး။ ပုံမှန်လို တနင်္လာကနေ သောကြာထိအောင် ရှယ်သင်ရတဲ့ အခြေအနေ မဟုတ်ဘူး။ အခြေအနေအရဖွင့်ရတော့ ဒီအခြေအနေထိ ရောက်သွားတာ”ဟု  ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် မတ် ၂၈ ရက်နေ့ ငလျင်နောက်ဆက်တွဲ မေလကုန်အထိ ယာယီအပစ်အခတ်ရပ်စဲမည်ဟု စစ်ကောင်စီက ကြေညာထားပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်ပြီး ဆက်တိုက်လုပ်နေရာ ပြီးခဲ့သည့်နှစ်ရက်အတွင်း စစ်ကိုင်း၊ မန္တလေးတိုင်းတို့အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၂၀ ဝန်းကျင်ထက်မနည်း သေဆုံးခဲ့သည်။

ယမန်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးမှု မည်မျှရှိသည်ကို  မသိရသေးပေ။

“ စာသင်ကျောင်းတွေကို တပ်စွဲခွင့်ပေးထားလည်း မရှိဘူး။ စွဲလည်းမစွဲဘူး” ဟု ဒီပဲယင်းမြို့နယ် ပကဖ တာဝန်ရှိသူ ကိုသစ္စာက တုံ့ပြန်ပြောဆိုသည်။

မေ ၁၀ ရက်၊ ၁၁ ရက် (ကဆုန်လပြည့်နေ့)၊ မေ ၁၂ ရက်တို့တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့၍ မန္တလေးတိုင်းမှ သပိတ်ကျင်း၊ စဉ့်ကူး၊  စစ်ကိုင်းတိုင်း ချောင်းဦး၊ ဝက်လက်၊ ဒီပဲယင်းမြို့နယ် တို့တွင် သေဆုံး၊ ထိခိုက်သူများပြားခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး  အထူးသဖြင့် ကလေးများအပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့သည့် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုအပေါ်  စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်များနှင့်ဆက်နွယ်နေ၍ တိုက်ခိုက်ရခြင်းဖြစ်သည် ဟု အလ်ဂျဇီးရား သတင်းဌာနနှင့် မတ် ၂၈ ရက်နေ့ ငလျင်မလှုပ်မီ မိနစ်ပိုင်းအလိုကပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောခဲ့သည်။

“ကလေးတွေအများကြီးပါဝင်တယ်ဆိုတာက သူတို့က အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အုပ်စုရဲ့အစိတ်ပိုင်းဖြစ်နေလို့ပါ။ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဟုတ်တယ်။ တိုက်ခိုက်မှုတွေမှာ ဘေးထွက် ဆိုးကျိုးတွေက ရှောင်လွှဲလို့မရဘူး။ ဒါက စစ်ပွဲရဲ့ သဘောပါပဲ။ ဘေးထွက်ဆိုးကျိုးတွေက ရှိမှာပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

စစ်ကောင်စီဘက်ကမူ ငလျင်ကြောင့် ဧပြီ၂ မှ မေလကုန်အထိ အပစ်ရပ်ထားသည်ဟု ကြေညာ ထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်နေ၍ ငလျင်အပြီး လူဒါဇင်နှင့်ချီ သေဆုံးမှုများ ဖြစ် ပေါ်နေသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ယခုနှစ် ဧပြီလ ၁ ရက်မှ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်ကောင်စီလက်ချက်ဖြင့် ကလေးများ အပါအဝင် ၉၆ ဦး သေဆုံးခဲ့သည့်အနက် ၇၂ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခြင်း ဖြစ်သည်။ 

ဒီပဲယင်း စာသင်ကျောင်းအား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်တပ်က သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းအုပ်စု၊ အိုးတိန်တွင်းကျေးရွာရှိ တော်လှန်ရေး အင်အားစု အခြေပြုသည့် နေရာကို လေကြောင်းမှ ရှင်းလင်းထားသည်ဟု ဆိုကာ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန် စာမျက်နှာများက ထုတ်ပြန်သည်။

​​၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေတပ်က ပစ်ခတ်တိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းက ပစ်ခတ်စီးနင်းခဲ့ရာ ကျောင်းသူ၊ ကျောင်းသား ၆ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။

လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသည့် အပျက်အစီးများ။ (ဓာတ်ပုံ- ပေးပို့)

Related Articles

Back to top button