သတင်း

ဦးတေဇသမီး ရေချယ်တေဇကို အီတလီခြေချခွင့်မပြုရန် တောင်းဆို

အီတလီနိုင်ငံ မီလန်မြို့တွင် နေထိုင်ပြီး မကြာသေးမီက ဖက်ရှင်ကျောင်းတစ်ခုမှ ပညာသင်ယူမှုပြီး မြောက်ခဲ့သည့် ၂၈ နှစ်အရွယ် ရေချယ်တေဇသည် ဥရောပသမဂ္ဂက ပိတ်ဆို့ထားသော မိသားစုပိုင် ထူးကုမ္ပဏီအုပ်စုအတွက် အလုပ်ဆက်လုပ်နေသည်ဟု Justice For Myamar အဖွဲ့က ဆိုသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခြင်းခံထားရသည့် ထိပ်သီးခရိုနီသူဌေး ဦးတေဇ၏သမီးဖြစ်သူ ရေချယ်တေဇ ခေါ် ထူးထွေးတေဇကို ဥရောပသမဂ္ဂအဖွဲ့ဝင် အီတလီနိုင်ငံတွင် အခြေချခွင့်မပြုရန်နှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန် Justice For Myamar (JFM) အဖွဲ့က ယနေ့ (မတ် ၈) တောင်းဆိုလိုက်သည်။

ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် နီးကပ်သူ ထူးကုမ္ပဏီအုပ်စုပိုင်ရှင် ဦးတေဇနှင့် ၎င်းပိုင်လုပ်ငန်းများကို ဥရောပသမဂ္ဂ အပါအဝင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူထားသည်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရခေတ်တွင် အနောက်နိုင်ငံများ၏ ပစ်မှတ်ထားအရေးယူခံခဲ့ရသူ ဦးတေဇမှာ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းသည့် ၂၀၂၁ နောက်ပိုင်းတွင်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူခြင်းခံရသည်။

အီတလီနိုင်ငံ မီလန်မြို့တွင် နေထိုင်ပြီး မကြာသေးမီက ဖက်ရှင်ကျောင်းတစ်ခုတွင် ပညာသင်ယူမှုပြီးမြောက်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရေချယ်တေဇသည် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသော မိသားစုပိုင် ထူးကုမ္ပဏီအုပ်စုအတွက် အလုပ်ဆက်လုပ်နေသည်ဟု မြန်မာစစ်တပ်၏ လူ့ခွင့်အရေးချိုးဖောက်မှုများအကြောင်းသာမက ပတ်သက်ဆက်နွှယ်သူများကို ဖော်ထုတ်နေသည့် JFM က ဆိုသည်။

ထူးအုပ်စုတွင် ဆက်လက်ပါဝင်နေခြင်းကြောင့် ရေချယ်တေဇကို ၂၀၂၃ ဇန်နဝါရီတွင် အမေရိကန်က အရေးယူပိတ်ဆို့ထားပြီး ဖခင်ဖြစ်သူ ဦးတေဇနှင့် အစ်ကိုများဖြစ်သည့် ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူထားသည်။

မိသားစုပိုင် ထူးကုမ္ပဏီအုပ်စုကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားရာ ရေချယ်တေဇကိုလည်း အရေးယူသင့်ပြီး အီတလီမြေပေါ်တွင် ခရိုနီကြီးများ၏ သွေးစွန်းစီပွားရေးလုပ်ငန်းများကို မရှိစေရန် လိုအပ်သည်ဟု JFM အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

“အီတလီအာဏာပိုင်တွေရဲ့ ပိတ်ဆို့မှုပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်နှင့် တရားမဝင်ငွေကြေးထောက်ပံ့နိုင်ဖို့ အီတလီနိုင်ငံမှာ ရေချယ်တေဇကို စီးပွားရေးလုပ်ဖို့ ခွင့်ပြုထားပါတယ်” ဟု ၎င်းက ပြောသည်။ 

ထူးကုမ္ပဏီအုပ်စုတွင် ပါဝင်လုပ်ကိုင်နေခြင်းနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် အီတလီနိုင်ငံတွင် အခြေချနေထိုင်ခွင့်မပြုရန် တောင်းဆိုခံရမှုအပေါ် ဦးတေဇသမီး ရေချယ်တေဇကို Myanmar Now က အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။

ရေချယ်တေဇအပါအဝင် ထူးအုပ်စုနှင့် ဆက်နွှယ်သည့် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်အပြင် မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ပေးသည့် ပွဲစားများနှင့် ခရိုနီလုပ်ငန်းများကို အရေးယူပိတ်ဆို့ရန် တောင်းဆိုသည်ဟုလည်း မရတနာမောင်က ပြောသည်။

ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသည့် နာမည်ကြီးလုပ်ငန်းရှင် ဦးတေဇ၏သမီး ရေချယ်တေဇကို အီတလီနိုင်ငံတွင် ခြေချခွင့်မပြုရန် Justice For Myamar အဖွဲ့က တောင်းဆိုသည်။ (ဓာတ်ပုံ – ရေချယ်တေဇ Instagram)

ရေချယ်တေဇနှင့် သူ၏မိသားစုသည် စီးပွားရေးအကျိုးအမြတ်များမှတစ်ဆင့် မြန်မာစစ်တပ်၏ အဆုံးမရှိသော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကာလရှည်ကြာ အားပေးကူညီရာရောက်နေသည်ဟု ၎င်းက ထောက်ပြသည်။

သယံဇာတတူးဖော်ရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်နေသည့် ထူးအုပ်စုသည် မြန်မာနှင့် စင်ကာပူတွင် လုပ်ငန်းပေါင်း ၆၀ ထက်မနည်းရှိနေသည်။ ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့ကြောင်း ထုတ်ပြန်ချက်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်က အရပ်သားများကို ဖြိုခွင်းတိုက်ခိုက်ရန် ထူးကုမ္ပဏီက စစ်လက်နက်ကိရိယာများ ကြားခံပံ့ပိုးပေးခဲ့သည်ဟု ဖော်ပြသည်။

ရေချယ်တေဇအနေဖြင့် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပူးပေါင်းသည့် လုပ်ငန်းသစ်တစ်ခုအပါအဝင် အနည်းဆုံး ထူးအုပ်စုဝင်ကုမ္ပဏီ ၇ ခုတွင် ဒါရိုက်တာနှင့် ရှယ်ယာရှင်အဖြစ် ဆက်လက်ပါဝင်နေသည်ဟု JFM က အခိုင်အမာပြောသည်။

ထိုကုမ္ပဏီများအနက် Ayeyarwaddy Resorts and Lodges Company Limited သည် ဥရောပသမဂ္ဂက ပိတ်ဆို့ထားသည့် စစ်တပ်ပိုင် စစ်ထောက်ချုပ်ရုံး မြေနေရာပေါ်တွင် BOT စနစ် (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့်အကောင်အထည်ဖော်နေသည့် စီပွားရေးစီမံကိန်းတွင် ပါဝင်နေသည်။

ရန်ကုန်ရှိ မြေ ၂၂ ဧကပေါ်တွင် နှစ် ၅၀ စာချုပ်ဖြင့် မြေငှားရမ်းအသုံးပြုခအတွက် စစ်တပ်ကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်း ပေးချေရမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ပေါက်ကြားလာသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်လက်များကို ကိုးကား၍ JFM ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် ရေချယ်တေဇသည် ထူးအုပ်စု၏ လက်အောက်ခံ One Fibre Company Limited နှင့် Pegu Wood Company Limited တို့တွင် ရှယ်ယာရှင်ဖြစ်သလို အီတလီမှနေ၍ ဒါရိုက်တာအဖြစ် လုပ်ကိုင်နေသည်။ စစ်တပ်အတွက် ရုရှားထုတ် စစ်လေယာဉ်နှင့် အစိတ်အပိုင်းများဝယ်ယူပေးခဲ့ပြီး မကြာသေးမီက ဖျက်သိမ်းလိုက်သည့် Avia Export Company Limited တွင်လည်း ဒါရိုက်တာနှင့် ရှယ်ယာရှင်အဖြစ် ပါဝင်သည်ဟု ဆိုသည်။

ဥရောပသမဂ္ဂက အရေးယူထားသည့် ထူးလုပ်ငန်းစုပိုင် ကုမ္ပဏီများတွင် ရေချယ်တေဇသည် အစုရှယ်ယာရှင်နှင့် ဒါရိုက်တာအဖြစ် ပါဝင်နေမှုကို စုံစမ်းစစ်ဆေးပေးရန် JFM ၏တောင်းဆိုချက်နှင့် ပတ်သက်၍ ပြင်သစ်ရှေ့နေ William Bourdon နှင့် Lily Ravon တို့က အီတလီအစိုးရအာဏာပိုင်များကို တိုင်ကြားထားသည်။

ထို့ပြင် အီတလီတွင် နေထိုင်ကာ ကျောင်းတက်နေသည့် ရေချယ်တေဇ၏ အသုံးစရိတ်များအတွက် ထူးကုမ္ပဏီက ငွေကြေးထောက်ပံ့ပေးရာတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် ပြင်သစ်မှ BNP Paribas ၏ လက်အောက်ခံ အီတလီဘဏ် Banca Nazionale del Lavoro ဘဏ်စာရင်းအသုံးပြုနေခြင်းကိုလည်း အီးယူ၏ အရေးယူပိတ်ဆို့မှုများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရန် ပြင်သစ်ရှေ့နေနှစ်ဦးက တိုင်ကြားသည်။

ရေချယ်တေဇသည် ပေါ့ပ်အဆိုတော်တစ်ဦးအဖြစ် ၂၀၁၉ တွင် “ကမ္ဘာ” တေးသီချင်းအယ်ဘမ်ကို ထုတ်ဝေဖြန့်ချိခဲ့ပြီး YouTube တွင် ကြည့်ရှုသူ သန်းချီသည့် တေးသီချင်းဗီဒီယိုများထုတ်လုပ်ဖြန့်ချိရန် ဖြစ်လာခဲ့သည်။ ထို့ပြင် နာမည်ကျော် မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Vouge Italia က ရေချယ်တေဇကို မော်ဒယ်အနေဖြင့် ရေးသားဖော်ပြဖူးသည်။

ဖခင်ဖြစ်သူ ဦးတေဇကမူ အရပ်သားအစိုးရကို ဖြတ်ချကာ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ကတည်းက စင်ကာပူနိုင်ငံတွင် နေထိုင်နေသည်။

Show More

Related Articles

Back to top button