
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ယာဉ်ထိန်းရဲတစ်ဦး ယနေ့ (စက်တင်ဘာ ၂၂) တွင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ မြို့အတွင်း မော်တော်ယာဉ်များကို စစ်ဆေးနေသည်ဟု သိရသည်။
နေ့လယ် ၁၁ နာရီခွဲ၌ ပြည်ထောင်စုလမ်းမပေါ် ရွှေဝါရောင်မီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်းတွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သံမဏိနှင့်အဖွဲ့သားများက ပြောသည်။
“အဲဒီနားမှာ မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) တစ်ယောက်နဲ့ အရပ်ဝတ်တစ်ယောက်ပဲရှိတာ။ ဒါပေမဲ့ ကျွန်တော်တို့က ယူနီဖောင်းဝတ်ထားတဲ့သူကိုပဲ ပစ်ခဲ့တာ”ဟု အဖွဲ့ခေါင်းဆောင် ကိုသံမဏိက Myanmar Now ကို ပြောသည်။
ထိုသို့ ယာဉ်ထိန်းရဲကို ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေဝါရောင်လမ်းတဝိုက်တွင် ရောက်ရှိလာပြီး သေနတ်များပစ်ဖောက်၍ လုံခြုံရေးတင်းကျပ်နေသည်ဟု ကိုသံမဏိက ဆိုသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ကိုယ်စားပြုသည့် ၎င်းတို့အဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ည၌ စစ်တပ်ပိုင် Myanmar Beer ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
အရေးကြီးယာဉ်တန်းအတွက် မီးပွိုင့်၌ စောင့်နေဟန်ရှိသည့် ယာဉ်ထိန်းရဲ သေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်သည် လမ်းသွား၊ လမ်းလာမှန်သမျှကို တားဆီးစစ်ဆေးနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မုံရွာမြို့ခံတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြောသည်။
“မြို့အနေအထားက အစစ်အဆေးတော့ ကြပ်သွားတယ်။ ဆိုင်ကယ်တွေ၊ ကားတွေအကုန် နောက်ဖုံးဖွင့် စစ်ဆေးနေတယ်။ သူတို့ဘက်က ပစ်ခတ်နေတာတော့ မရှိသေးဘူး။ အရင်က နေ့ခင်းဆိုမစစ်ဘူး။ ဒီနေ့ကနေ စပြီး နေ့ခင်းတွေမှာပါ စစ်လာနိုင်တဲ့အနေအထားရှိတယ်”ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။
“ယာဉ်ထိန်းကတော့ သေသွားတယ်။ ဘယ်ဘက်နှာခေါင်းကနေ ဖောက်ပြီး နောက်စေ့၊ လည်ပင်းနားကနေ ထွက်သွားတာ”
ရဲ၏ ရုပ်အလောင်းကို ခုတင် ၃၀၀ စစ်တပ်ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ယာဉ်ထိန်းရဲပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စည်ပင်ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အကောက်ခွန်ဌာနအပါအဝင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းမရှိသော အာဏာသိမ်းစစ်ကောင်စီလက်အောက်၌ အလုပ်လုပ်နေသည့် ဝန်ထမ်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု သံမဏိနှင့်အဖွဲ့သားများက သတိပေးသည်။
“ကျွန်တော်တို့ စစ်ကောင်စီထောက်တိုင်တွေ အကုန်ရှင်းမှာ။ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) မဝင်တဲ့ ဝန်ထမ်းတွေကအစ လုပ်တော့မှာ။ စစ်အာဏာရှင် သက်ဆိုးရှည်အောင်လုပ်နေတဲ့သူ အကုန်လုံးကို ဖျက်ဆီးတော့မှာ”ဟု ကိုသံမဏိက ပြောသည်။
စစ်ကိုင်းတိုင်း၏ မြို့တော်မုံရွာသည် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှု အားကောင်းပြီး အနီးအနားရှိ မြို့နယ်များမှ လာရောက်ပူးပေါင်းဆန္ဒပြခဲ့ကြသောကြောင့် ဆန္ဒပြပွဲများအားကောင်းစဉ်က လူဦးရေ သောင်းနှင့်ချီကာ ဆန္ဒပြခဲ့ကြသည်။
ဇွန် ၁၈ ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသက် ၃၀ နှစ်ဝန်းကျင် ဒုတပ်ကြပ် မင်းမင်းမြတ်ဆိုသူ ဆိုင်ကယ်စီးလာစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသည်။
ဇူလိုင် ၁ ကလည်း ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတံတားအောက်ရှိ ယာဉ်ထိန်းရဲကင်းရုံးတစ်ခု တိုက်ခိုက်ခံရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p