အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးအတွေးအမြင်

သီတင်းကျွတ်လပြည့်ညကို အကျည်းတန်စေခဲ့သော စစ်တပ်ရဲ့ ဗုံးကြဲမှု

အရပ်သားများရှိနိုင်သည့်နေရာကို ဗုံးကြဲတတ်သော လက်နက်အားကိုး စစ်အာဏာရှင်များ အဆုံးသတ်စေရန် တစ်နိုင်ငံလုံး နည်းလမ်းမျိုးစုံဖြင့် ဝိုင်းဝန်းဆန့်ကျင်ကြရမည် ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသော မြန်မာနိုင်ငံတွင် သီတင်းကျွတ်လပြည့်နေ့ ဆိုသည်မှာ  အထင်ကရ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင်မိသားစုတိုင်းလိုလိုက  အလေးအမြတ် ထားကြသော အခါ သမယ ဖြစ်သည်။ နှိုင်းယှဉ်ရလျှင် ခရစ်ယာန်ဘာသာဝင်တို့၏ ခရစ္စမတ်နေ့၊ အစ္စလာမ်ဘာသာဝင်တို့၏ အစ်နေ့ နှင့် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့များကဲ့သို့ အရေးကြီးသော ဘာသာရေးနေ့ ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပြည်သူများ၏ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းနှင့် လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းနှစ်သွယ်သည် ယနေ့တိုင် ရှိနေဆဲ ဖြစ်သည်။ စစ်အာဏာသိမ်းမှု ငါးနှစ်ကာလအတွင်း ရောက်ရှိလာချိန်တွင်  စစ်ပြေးစစ်ရှောင်နေရသည့် သန်းနှင့်ချီသော ပြည်သူများကို တွေ့ရသလို စစ်အာဏာရှင်တို့ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် ကျင်းပပေးသော ပွဲလမ်းသဘင်များကို  ဆင်နွှဲနေကြသော ပြည်သူများကိုလည်း တွေ့ရသည်၊ ထိုမြင်ကွင်းကို ၂၀၂၅ ခုနှစ် သီတင်းကျွတ် လပြည့်နေ့တွင် မြင်တွေ့နေရသည်က နိုင်ငံ၏ အမှန်တရား ရုပ်ပုံလွှာတစ်ချပ် မဟုတ်ပါလား။

ထိုနေ့ ထိုအချိန်အခါသမယတွင် ဗုဒ္ဓဘာသာဝင် “ဗမာ” လူများစု   နေထိုင်ရာ “အညာ” ဟု အမြတ်တနိုး တင်စားခေါ်ဝေါ်သော နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမြို့တော် မုံရွာနှင့် ချောင်းဦးမြို့အစပ် မုံရွာ-အမြင့် လမ်းပိုင်းတစ်နေရာတွင် တော်လှန်ပြည်သူများက သီတင်းကျွတ် “ဆီမီးသပိတ်” ကျင်းပလျက်ရှိသည်။ ယင်းသည်  ပြည်သူများက  စစ်အာဏာရှင်စနစ်ကို မနှစ်မြို့ ဆန့်ကျင်ကြောင်း အငြိမ်းချမ်းဆုံးနည်းလမ်းဖြင့် ဆန္ဒ ထုတ်ဖော်ခြင်းလည်း ဖြစ်သည်။

ထိုသို့ ဆီမီးသပိတ် ကျင်းပနေစဉ် မုံရွာအခြေစိုက်  အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က လူလိုက်ပါ မောင်းနှင်သော ပါရာမိုတာ (Paramotor) စက်တပ်လေထီးများ စေလွှတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၂၀ ခန့် သေဆုံး၊ ၅၀ ခန့် ဒဏ်ရာရသွားသည်။ သေဆုံးသူများထဲ ကလေးငယ်များနှင့် ကျောင်းသားကျောင်းသူအရွယ်များ ပါဝင်သည်ဟု သိရသည်။

တစ်ညတည်းမှာပင် စစ်ကော်မရှင်ခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်သည် မုံရွာမြို့ အောင်ဆုပန် ဘုရား စေတီတွင် ဆီမီး ၂၅၀၀ ပူဇော်ပွဲကျင်းပနေခဲ့သည်။ ထိုဖြစ်ရပ်နှစ်ခုသည် အကွာအဝေးမိုင် ဆယ်ဂဏန်းမျှသာ ကွာလှမ်းသော နေရာများတွင် ဖြစ်ပျက်သွားရာ တစ်နိုင်ငံတည်းနေ ပြည်သူတစ်စုက သွေးအိုင်ထဲ၊ နောက် ပြည်သူတစ်စုက ပျော်ပွဲရွှင်ပွဲထဲ ဖြစ်နေသည်၊ စစ်အာဏာရှင်များ ပြဋ္ဌာန်းပေးခဲ့သော ကံကြမ္မာများပေတည်း။ 

“မုံရွာ” သည် “အညာ” ၏ အစိတ်အပိုင်း မဟုတ်ပေဘူးလား။ ယခုဖြစ်ရပ်က အညာကျေးလက်တွင်   ဗုံးကြဲ၊ မြို့ပြတွင်   ပျော်ပွဲ ဆင်နွှဲစေခြင်းပင်။ နိုင်ငံအနှံ့ ပြန့်ကျဲစွာ တည်ရှိနေသော မြို့ရွာများ၊ ပြည်သူများကို စစ်အာဏာရှင်တို့ စစ်ကျွန်ဇာတ်သွင်း၊ သွေးခွဲအုပ်ချုပ်ရေး၏ အထင်ကရ ပြယုဂ်ပေတည်း။ ၎င်းတို့ကို ဆန့်ကျင်လျှင် ဗုံးကြဲမည်၊ ထောက်ခံလျှင် ဆီမီးထွန်းပွဲ ဆင်နွှဲနိုင်မည်ဆိုသည့် သဘောဖြစ်သည်။

အညာဒေသသည် ဗုဒ္ဓဘာသာဝင် ဗမာလူများစုတို့၏ ဌာနေ၊ စစ်အာဏာရှင်စနစ်ကို ခြွင်းချက်မထား ဆန့်ကျင် တော်လှန်သော တော်လှန်ရေး၏ တပ်ဦး ဖြစ်သည်။ စစ်အာဏာရှင်တို့ အုပ်ချုပ်ခွင့်မရစေရ ဆိုသည့် တော်လှန် ရေး သန္နိဋ္ဌာန်၏ ပြယုဂ် ဖြစ်သည်။ တော်လှန်ရေး၏ အလံတော်ကို မြဲမြဲဆုပ်ကိုင် တော်လှန်နေကြသော “ကောက်ရိုးမီး” မဟုတ်သည့် အညာ ပြည်သူများ၏ စိတ်ဓာတ်ကို စစ်အာဏာရှင်တို့ ရိုက်ချိုး၍ မရနိုင်ပါ။ ထို့ကြောင့် အညာကို အငြိုးတကြီး၊ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းနေခြင်း ပေတည်း။

ဘာသာမဲ့ စစ်ဗိုလ်ချုပ်များ၏ ဘာသာရေးနေ့ စစ်ရာဇဝတ်မှု  

စစ်အာဏာသိမ်းထားသည်မှာ ငါးနှစ်ကာလ ရောက်လာသည်အထိ အညာ၏ ကျေးလက်မြို့ပြအနှံ့ တော်လှန် ပြည်သူများသည် ဇွဲမာန်ကြီးကြီးဖြင့် ရသည့်နည်းလမ်းအားလုံး အသုံးပြု၍ ၎င်းတို့၏ ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ကြသည်။ မုံရွာ-အမြင့်လမ်းပိုင်းက ဆီမီးသပိတ်သည် ယခုနှစ်မှ မဟုတ်၊ နှစ်စဉ် ဆင်နွှဲလာခဲ့ခြင်း ဖြစ်သည်။ 

ယခုနှစ် ဆီမီးသပိတ်ကို တော်လှန်ပြည်သူတိုင်း ရည်ရွယ်ချက် ၃ ရပ်ဖြင့် ဆင်နွှဲရန် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သီတင်းကျွတ်လပြည့်မတိုင်မီ နှစ်ရက်အလို အောက်တိုဘာလ ၄ ရက်နေ့တွင် လှုံ့ဆော် ခဲ့သည်။

အဆိုပါ ရည်ရွယ်ချက်များမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် “လွတ်မြောက်ခြင်း မီးလျှံ” ၊ မတရား အဓမ္မစစ်မှုထမ်း ဥပဒေဖြင့် လူငယ်လူရွယ်များကို အတင်းအကျပ်ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မြေပြင်များတွင် လူသားဒိုင်းအဖြစ် အသုံးချနေခြင်း “အဓမ္မကို ဆန့်ကျင်သော ဆီမီးအလင်းရောင်” ၊ လူထုဆန္ဒမပါသော တရားမဝင် အတု အယောင် ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံး လုံးဝ လက်မခံခြင်း “တရားမျှတမှုကို ဖော်ဆောင်သော အလင်းသပိတ်” တို့ ဖြစ်သည်ဟု ဆိုသည်။

စစ်ကော်မရှင်သည် ၎င်းတို့ကိုဆန့်ကျင်သော ဆီမီးသပိတ်များ ပြုလုပ်မည်ကို ကြိုတင်သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူများစုဝေး၍ ငြိမ်းချမ်းစွာ ဆီမီးသပိတ်ဖြင့် ဆန့်ကျင်သည်ကို သိရှိလျက်နှင့် ဖျက်အားပြင်း ဗုံးများ အသုံးပြု ဗုံးကြဲတိုက်ခိုက်သည့် လုပ်ရပ်သည် ဘာသာရေးနေ့ ဆိုသည် ကိုပင် အသိတရားမရှိ ကျူးလွန်သော ဘာသာမဲ့ စစ်ဗိုလ်ချုပ်များ၏ စစ်ရာဇဝတ်မှု ဖြစ်သည်။ 

မြန်မာပြည်သူများသည် ပျော်ပွဲရွှင်ပွဲဆိုလျှင် အလွန်ကြိုက်နှစ်သက်သော၊ ဆိုင်းသံဗုံသံကြားလျှင် ပါဝင်ဆင်နွှဲ လိုသောသူများ ဖြစ်သည်။ စစ်အာဏာသိမ်းမှု အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ပြည်သူအများအပြား သည် ၎င်းတို့အပေါ် ဖိနှိပ်ရက်စက်ခဲ့မှုများကို မေ့လျော့သွားနိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက် ကောင်းစွာသိထားကြသည်။ အမှန်စင်စစ် စစ်အာဏာရှင်အဆက်ဆက်သည်  ပြည်သူများ၏ ထိုအားနည်းချက်ကို ၎င်းတို့၏ အာဏာတည်ဆောက်ရေးအတွက် ကောင်းစွာအသုံးချခဲ့ကြခြင်း ဖြစ်သည်။ 

ကိုယ့်လက်ပေါ် မီးပွားကျမှ ပူလောင်မှန်း ခံစားတတ်သော ပြည်သူ မဖြစ်ရန်လို

စစ်အာဏာရှင်တို့သည် ၎င်းတို့၏ ဖိနှိပ်အုပ်ချုပ်မှု ကျော့ကွင်းထဲ ဘာသာရေးဘန်းပြ ပွဲလမ်းသဘင်များ ခင်းကျင်းကာ မြူဆွယ်သွေးဆောင် တတ်ပြီး၊ ထိုကျော့ကွင်းထဲ အပျော်ကျူးချင်သော ပြည်သူအများအပြား စီးမျော ပျော်ပါးရင်း တဒင်္ဂပျော်ရွှင်မှုတွင် မေ့မောနေကြစေရန် ဖန်တီးပေးထားတတ်ပါသည်။ 

ယခုပင်  သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ ဘာသာရေး အခါသမယမျိုးတွင် ၎င်းတို့ထိန်းချုပ်ထားသော မြို့ကြီးများရှိ စေတီပုထိုးများကို အမှီပြုပြီး၊ အပျော်ရှာ အပျော်ကြိုက်ကြသော ပြည်သူများကို ပျော်ပွဲရွှင်ပွဲများ ဖန်တီးပေးလျက်၊ နိုင်ငံတွင် အမှန်တကယ်ရင်ဆိုင်နေရသော လူမှုဒုက္ခများကို မေ့ပျောက်စေရန် မေ့ဆေးကျွေးထားနိုင်ခဲ့ပြီ မဟုတ်ပါလား။  

အခြားတစ်ဖက်တွင် ၎င်းတို့ကို ဆန့်ကျင်သော ပြည်သူများကို လွတ်လပ်စွာ ရက်ရက်စက်စက် သတ်ဖြတ်နေ ခြင်းအပေါ် အပျော်ကျူးသော ပြည်သူများ စာနာစိတ်ကင်းမဲ့နေစေရန်၊ ယခင်ကာလတုန်းကလို လမ်းမများ ပေါ်ထွက် ကန့်ကွက်ဆန္ဒပြမှုများ မပြုလုပ်နိုင်ရန် လုပ်ဆောင်ထားနိုင်ခဲ့ပြီ မဟုတ်ပါလား။ 

သီတင်းကျွတ်လပြည့်နေ့ကြီး ဗုံးကြဲသတ်ဖြတ်နေသော ဖြစ်ရပ်ကိုကြည့်ပြီး ကံ ကံ၏ အကျိုး၊ သင်္ခါရတရားပဲ ဟု ရှုမြင်ကြမည့် ဗုဒ္ဓဘာသာဝင်များက နည်းလှမည် မဟုတ်ပေ။ ဤသို့ဖြင့် ၎င်းပြည်သူများသည် အာဏာရှင် စနစ် တည်ဆောက်ရေး၏ အုတ်တစ်ချပ် သဲတစ်ပွင့်များ ဖြစ်မှန်းမသိ ဖြစ်နေကြရပေပြီ။

သို့ဖြစ်ရာ တစ်ချိန်က နိုင်ငံတော်၏ မိခင်အဖြစ် “အမေ” ဟု တင်စားခေါ်ဝေါ် ချစ်ခင်လေးစားခဲ့ကြပြီး၊ ယခုအခါ စစ်အာဏာရှင်တို့၏ အကျဉ်းသားအဖြစ် မည်သည့်နေရာတွင် ချုပ်နှောင်ထားမှန်းမသိရသော ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများကို သတိပေးပြောကြားချက် တစ်ခုကို အမှတ်ရ ပြန်လည်ဖော်ပြ ပေးချင်ပါသည်။ ထိုစကားကို အာဏာမသိမ်းမီ လပိုင်းအလို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း နောင်ဆုံးကျင်းပခဲ့ သော ၂၁ ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

“ကိုယ့်လက်ပေါ် မီးပွားကျလာမှ ပူလောင်တယ်လို့ သဘောထားတာမျိုး၊ ကိုယ့်မျက်စိနား နီးကပ်လာမှ အရေး တယူ လုပ်တာမျိုးနဲ့ ပြည်ထောင်စုသစ်အတွက် အိမ်မက်တွေ မက်နိုင်ကြမှာ မဟုတ်ပါဘူး။ ကျမတို့ ပြည်ထောင်စုကြီးရဲ့ နေရာတစ်ခုခုမှာ ပဋိပက္ခဖြစ်တာပဲဖြစ်ဖြစ် ကျမတို့ ပြည်ထောင်စုရဲ့ သားသမီးတွေ တစ်နေရာရာမှာ နာကျင်ခံစားနေရတာပဲဖြစ်ဖြစ် လက်သည်းဆိပ်ရာ လက်ထိပ်နာဆိုသလို မျှဝေခံစားနိုင်ကြရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်သည် “ပြည်ထောင်စုသစ်” သို့မဟုတ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း သော နိုင်ငံတော်သစ်အတွက် ပြည်သူများ ထားရှိသင့်သော စိတ်နေစိတ်ထားကို ပြောကြားသွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် က အားလုံးက အမြတ်တနိုးတန်ဖိုးထားပြီး ငါတို့ရဲ့ ပြည်ထောင်စု ဆိုတဲ့ ခံယူချက်တွေ၊ အတွေးအမြင်တွေ ဖြစ်ပေါ်လာအောင် တိုင်းရင်းသားတွေရဲ့ သီးသန့်တည်ရှိနေတဲ့ တန်ဖိုးထားမှု အားလုံးကို မျှဝေဖို့ လိုပါတယ်။ စာနာထောက်ထားမှုနဲ့ အသိအမြင်မှန်ကန်မှု ပေါင်းစပ်နိုင်မှသာ သူ့ဒေသ ငြိမ်ချမ်းရေးမရတာ ငါနဲ့မဆိုင်ဘူးဆိုတဲ့ ကိုယ်လွတ်ရုန်းတဲ့စိတ်ဓာတ်မျိုး၊ နောက်လာမယ့် မျိုးဆက်တွေရဲ့ ကိစ္စ နောင်ခါလာ နောင်ခါဈေး ထည့်တွက်စရာမလိုဘူးဆိုတဲ့ တာဝန်မသိတဲ့ ခံယူချက်မျိုးတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။ 

အထက်ပါ စကားများကို ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စစ်အာဏာရှင် စနစ်ကို နှစ်ပေါင်း ၃၂ နှစ် တိုင်တိုင် မရပ်မနား အကြမ်းမဖက်နည်းလမ်းဖြင့် တော်လှန်ခဲ့ပြီး ရရှိလာခဲ့သော နက်ရှိုင်းသည့် အသိဉာဏ်ပညာ အစုအဝေးအပေါ် အခြေခံပြီး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ထားရှိ အပ်သော “ပြည်ထောင်စုသစ်” တည်ဆောက်ရေးဆိုင်ရာ စိတ်နေသဘောထားအဖြစ် ညွှန်ပြခဲ့ခြင်းဖြစ်သည်။ 

ယခုအချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကြောက်ဆုံး လူသား ပြပါဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ ထို့ကြောင့် သူ့ကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို ကမ္ဘာကြီးအား အသိမပေးရဲသလို သူ့ကို ပြန်လွှတ်ပေးရဲသော သတ္တိလည်း မင်းအောင်လှိုင်တွင် မရှိပါ။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းသားဘဝဖြင့် အသက်သေဆုံးသည့် အချိန်ထိ မင်းအောင်လှိုင် ကြံစည်နေခြင်း ဖြစ်သည်။ 

ထို့ကြောင့် မုံရွာ-အမြင့်လမ်းပိုင်းက အကြမ်းမဖက် ဆီမီးသပိတ်ကို ရက်ရက်စက်စက် အကြမ်းဖက် ဗုံးကြဲခဲ့ သော စစ်အာဏာရှင်များကို ဒေါ်အောင်ဆန်းစုကြည် စကားအတိုင်း ကိုယ့်လက်ပေါ် မီးပွားကျမှ ပူလောင် တယ်လို့ သဘောထားမျိုး မထားကြဘဲ တစ်နိုင်ငံလုံး နည်းလမ်းမျိုးစုံဖြင့် ဝိုင်းဝန်းဆန့်ကျင်ကြပါမှ လက်နက် အားကိုး အနိုင်ကျင့်ဗိုလ်ကျစိုးမိုးသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်နှိုးဆော်လိုက်ရပါသည်။ 

Related Articles

Back to top button