စစ်ကော်မရှင်ပြုလုပ်သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မကျင်းပမီနှင့် ရွေးကောက်ပွဲလုပ်နေစဉ်တွင် ထိုင်းနယ်စပ် မြဝတီမြို့နှင့် နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တို့တွင် ဒရုန်းဗုံးသီးများနှင့် ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှုများဖြင့် ကြုံခဲ့ရသည်။
စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲအတွက် မဲရုံများဖွင့်ရန် နာရီပိုင်းအလို ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီ ၄၀ ခန့်တွင် ထိုင်းနယ်စပ် မြဝတီမြို့မှ ကြံ့ခိုင်ရေးပါတီရုံးကို ဦးတည်ပြီး လက်နက်ကိုင်အဖွဲ့တခုက ဒရုန်းဗုံးသီးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။
ဒုရုန်းဖြင့်ကြဲချသည့် ဗုံးသီးများသည် ကြံ့ခိုင်ရေးပါတီရုံးတွင် ၂ လုံး၊ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၃) ရက်ကွက်ကြား ပိတောက်လမ်းတွင် ၁ လုံး ၊ အမှတ် (၄) ရပ်ကွက် ဆရာစံပု အလယ်တန်းကျောင်းတွင် ၁ လုံး ၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၂) တံတားအနီး ရေပူမီးပွိုင့်တွင်တစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီရုံးနှင့် ရတနာထွန်းစိန်ရွှေရတနာဆိုင်အပါအဝင် လူနေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးသွားသည်။ အနည်းဆုံးလူတစ်ဦးသေဆုံးသွားပြီး ၁၀ဦးခန့် ဒဏ်ရာရခဲ့သည်ဟုလည်း မြို့ခံတို့ကဆိုသည်။

ဒဏ်ရာရသူများကို ပေါက်ကွဲမှုဖြစ်သည့် ညကတည်းက မြဝတီမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသော်လည်း အသေးစားဒဏ်ရာရသူများမှာ ဆေးရုံမှ ပြန်ဆင်းသွားကြ ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဆေးရုံပေါ်၌ ဒဏ်ရာရသူ ၃ ဦးသာကျန်တော့ကြောင်း မြဝတီမြို့ဒေသခံအမျိုးသမီးကပြောသည်။
ယင်းတိုက်ခိုက်မှုအတွက် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသးပါ။
ညပိုင်း ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးထားသော်လည်း မြဝတီမြို့ပေါ်တွင် မဲပေးမှုများရှိကြောင်း မြဝတီဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကိုပြောသည်။
“မဲကတော့ စာရင်းရပြီးသားတွေကတော့ ထည့်ကြတာပဲ။ ဘယ်သူကတော့ မဲပုံးနံပါတ်ဘယ်လောက်ကို သွားရမယ်ဆိုတာ ကတ်တွေကြိုပြီးပို့ထားတယ်။ အဲဒါရထားတဲ့သူတွေကတော့ မဖြစ်မနေသွားထည့်ပေးရတယ်။ အဲဒါ လာမထည့်ရင် ပေါ်တာဆွဲမယ်ဆိုတဲ့ သတင်းတွေကတော့ ရပ်ကွက်လူကြီးတွေကတစ်ဆင့်ကြားနေရတယ်” ဟု ဆိုသည်။
မန္တလေးကိုပစ်တဲ့ ရှော့တိုက်ဒုံး
မြန်မာနိုင်ငံအလယ်ပိုင်းမြို့ကြီးဖြစ်သည့် မန္တလေးတွင်မူ ရွေးကောက်ပွဲမတိုင်မီ နာရီပိုင်းအလိုမှာပင် မြို့အတွင်းသို့ ရှော့တိုက်ဒုံးအပစ်ခံပြီး ၂ ဦး ဒဏ်ရာရသွားသည်။
ပစ်ခတ်တိုက်ခိုက်မှုကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Brave Warriors for Myanmar (BWM) အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင်ကြေညာချက်ထုတ်ပြန်သည်။
တိုက်ခိုက်မှုကို BWM ၏ ဦးဆောင်မှုဖြင့် No More Dictatorship (NMD-PDF) ၊ Shadow (အညာ) နှင့် Infinity (ပူးပေါင်းအဖွဲ့) တို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာချက်အရသိရသည်။
အတုအယောင်ရွေးကောက်ပွဲကို ပြည်တွင်း ၊ ပြည်ပက မြန်မာနိုင်ငံသားများ ဆန့်ကျင်နေသည့် ကြားက စစ်ကော်မရှင်ဘက်က ပြုလုပ်နေသဖြင့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသသည့်အနေနှင့် ပစ်ခတ်မှုလုပ်ဆောင်ခြင်းဖြစ်ကြောင်း (BWM) အဖွဲ့ကပြောသည်။

(Photo Credit – Ko Chit တယ်လီဂရမ်ချန်နယ်)
၈ ရက်နံနက် တစ်နာရီကျော်တွင် မန္တလေးမြို့ ကျုံး၏ အနောက်မြောက်ဘက် အောင်မြေသာစံမြို့နယ် ၈၆လမ်း နှင့် ၅လမ်း ထဲသို့ ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲခဲ့သည်။
ရှော့တိုက်ဒုံး ၄ လုံးအနက် ၃ လုံးမှာ ဧရာဝတီမြစ် ကျွန်းများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု စစ်ကော်မရှင်၏ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြည်တွင်း မီဒီယာများသို့ ပြောသည်။ ရှော့တိုက်ဒုံးသည် မန္တလေးမြို့အနောက်ဖက် စစ်ကိုင်းဖက်မှနေ၍ ပစ်ခတ်လာခြင်းဖြစ်ကြောင်းသူက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ မန္တလေးမြို့တွင် လုံခြုံရေး အထူးတင်းကြပ်၍ မဲရုံများ ဖွင့်လှစ်ခဲ့ရကြောင်း မန္တလေးမြို့ခံ အချို့က ဆိုသည်။
မန္တလေးမြို့ အောင်မြေသာစံနှင့် ချမ်းအေးသာစံ ၂ မြို့နယ်ရှိ မဲရုံများတွင် မဲရုံနှင့် ပေ၂၀၀ကျော်အကွာမှစကာ လမ်းပိတ်ထားပြီး စစ်သားများက လုံခြုံရေးယူထားသည်ကို တွေ့ရသည်။
စစ်ကော်မရှင်တပ်သည် တစ်ဖက်တွင် ရွေးကောက်ပွဲလုပ်နေသော်လည်း အခြားတစ်ဖက်တွင် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ဆက်လုပ်နေသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၈ ရက်) ရွေးကောက်ပွဲစတင်နေချိန် စစ်ကော်မရှင်တပ်က ဘုတလင်မြို့နယ် မြောက်ပိုင်းသို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။
မုံရွာမြို့မြောက်ဘက် ကပ်လျက်ရှိ တော်လှန်ရေးတပ်များ လှုပ်ရှားရာ ဘုတလင်မြို့နယ်အတွင်း နံနက် ၇ နာရီဝန်းကျင်ခန့်မှ စတင်ကာ Y -12 လေယာဉ်အပါအဝင် အင်ဂျင်တပ်လေထီး (ပါရာမော်တာ)တို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို နမခ စစ်ဌာနချုပ်အတွင်းကလည်း ဘုတလင်နယ်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံအချို့က ဆိုသည်။



