ဆောင်းပါး

ဆေးရောင်စုံတဲ့ မြန်မာ-တရုတ်နယ်စပ်

မူဆယ်၊ ရွှေလီ — တရုတ်နိုင်ငံထဲ နယ်စပ်ဖြတ်၊ အလည်သွားဖို့က သိပ်မခက်ခဲပါဘူး။ နိုဝင်ဘာလလယ်ပိုင်း ရှမ်းပြည်နယ်၊ မူဆယ်မြို့ရောက်တော့ နယ်စပ် လဝကဂိတ်မှာ မှတ်ပုံတင်ပြ၊ ကျပ် တစ်ထောင်သွင်းရင်  ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ရပါတယ်။ ဒီလက်မှတ်ရှိရင် တရုတ်နိုင်ငံဘက်ကို တရားဝင် ကူးသွားလို့ ရပါပြီ။

တရုတ်ဘက်က စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းဖို့ တန်းစီချိန်မှာ ထူးခြားမှုတစ်ခုနဲ့ ကြုံရပါတယ်။ ကလေးကိုယ်စီ ပွေ့ချီထားတဲ့ အမျိုးသမီးနှစ်ယောက်က တန်းစီနေတဲ့သူတွေရဲ့ရှေ့ဆုံးကို သွားတော့ တရုတ်လဝကဂိတ် ဝန်ထမ်းက မြန်မာဘာသာနဲ့ “တန်းစီ တန်းစီ” ဆိုပြီး တစ်ခန်းလုံးဟိန်းသွားအောင် ထအော်တော့တာပါပဲ။ လူတန်းထဲက တချို့က သူတို့ကြားထဲဝင်ဖို့ ဖိတ်ခေါ်ကြတဲ့အတွက် အမျိုးသမီးနှစ်ယောက်လည်း ကြားဖြတ်ဝင်ကြပါတယ်။ တရုတ်လဝကအရာရှိက “တန်းစီ တန်းစီ” ဆိုပြီး ထပ်အော်ပါလေရော။

ဒါနဲ့ပဲ သူတို့နှစ်ယောက်ကို နောက်ဆုံးမှာ ဝင်တန်းစီဖို့ ပြောလိုက်မှ အဆင်ပြေသွားပါတော့တယ်။ ဒီအခြေအနေအရ ဆိုရင် နယ်စပ်ဂိတ်မှာ တန်းစီကြတဲ့အခါ ကြားဖြတ်ဝင်ရောက်တာ၊ ရှေ့ဆုံးက ဝင်တိုးတာ မကြာခဏ ဖြစ်ပွားနေကြောင်း ခန့်မှန်းနိုင်မှာပါ။ တရုတ်ဘက်ကတောင် မြန်မာလို အော်ပြောနိုင်နေပြီ မဟုတ်လား။

ဖုန်တလုံးလုံးထနေတဲ့ မူဆယ်နယ်စပ် ဆင်ဖြူဂိတ်ကိုကျော်လိုက်တာနဲ့  တရုတ်ပြည်ထဲက ညီညာ ပြန့်ဖြူးနေတဲ့လမ်းတွေ၊ သပ်သပ်ရပ်ရပ်တည်ဆောက်ထားတဲ့ စျေးဆိုင်၊ အဆောက်အအုံတွေကို သတိထားမိပါတယ်။  ကျောက်စိမ်း အချောထည်လုပ်ငန်း၊ အရောင်းဆိုင်တွေကိုလည်း တွေ့ရပါတယ်။

တရုတ်ပြည်မှာတော့ ရွှေလီမြို့ဟာ မြန်မာ့ကျောက်စိမ်းကို အကြီးအကျယ် ရောင်းဝယ်ကြတဲ့ဒေသတစ်ခုလို့ သိရပါတယ်။ ကိုယ့်ပစ္စည်းသူများအိမ်မှာ ပိုပြီး အရောင်းအဝယ် ဖြစ်နေတာ ကလည်း စိတ်မချမ်းမြေ့စရာကိစ္စတစ်ခုပါ။ မြန်မာအစိုးရက စျေးကွက်နဲ့နည်းပညာကို ပြည်တွင်းမှာ မစီစဉ်ပေးနိုင်သေးသလို မှောင်ခိုစျေးကွက်ကိုလည်း တားနိုင်တဲ့အလားအလာ မရှိသေးပါဘူး။

(ဓာတ်ပုံ – အိချယ်ရီအောင်/Myanmar Now)

မြန်မာပြည်မှာ လူနည်းစုကပဲ ကျောက်စိမ်းကို မက်မောကြတာပါ။ ရွှေ၊ စိန်၊ ပတ္တမြားနီလာကိုပဲ တန်ဖိုးထားစရာ ရတနာတွေအဖြစ် သတ်မှတ်ကြပါတယ်။ တရုတ်မှာတော့ ဒီလို မဟုတ်ပါဘူး။ ရွှေလီမှာ “တရုတ်-မြန်မာ၏ ရေစက်သည် ကျောက်စိမ်းကဲ့သို့တန်ဖိုးရှိသည်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို စိုက်ထူထားတာကို ကြည့်ရင် တရုတ်တွေ ကျောက်စိမ်းကို ဘယ်လို သဘောထားလည်း သိသာနေပါတယ်။  

ရွှေလီဝန်းကျင် လမ်းတံတားဂိတ်တွေမှာ ဝန်ထမ်း အမျိုးသား အမျိုးသမီးတွေက ပြုံးရယ်ပြပြီးမှ ပိုက်ဆံ ကောက်ပါတယ်။ စနစ်တကျနဲ့ ပိုက်ဆံပြန်အမ်းပါတယ်။ မြန်မာပြည်မှာတော့  ထမင်းစားရင်း ပိုက်ဆံကောက်ခံသူက တစ်မျိုး ၊ ကားသမားကို ပြန်အော်တဲ့ သူကတစ်ဖုံ အမျိုးမျိုးပါ။ လမ်းတံတားကြေး ပေးဆောင်သူကို ပြုံးရယ် စကားပြောတဲ့ဝန်ထမ်း  မြန်မာပြည်မှာ ရှာမှရှားပါလိမ့်မယ်။ အဲ့ဒီလိုပြုံးပြတဲ့သူမျိုးများတွေ့ရင် ပြတိုက်ထဲထည့်ပြီး သိမ်းထားရမယ့်သဘောမှာရှိပါတယ်။ မြန်မာပြည်တွင်း ကားနဲ့ခရီးထွက်ခဲ့သမျှကာလတစ်လျှောက်လုံး ဖြတ်ခဲ့တဲ့ ဂိတ်တွေမှာ  အကြွေပြန်အမ်းတာမျိုး မကြုံဖူးပါဘူး။ ပြန်အမ်းငွေ ရတဲ့နေ့ ကျွန်တော်ထီသွားထိုးပါမယ်။ မကြုံဖူးတာတွေ ကြုံတာဆိုတော့ ပေါက်ဖို့ခက်တဲ့ ထီတောင် ကိုယ်ပေါက်မယ်ထင်လို့ပါ။  

တူညီတာတစ်ခုကတော့ လမ်း၊ တံတား တည်ဆောက်ဖို့  တောင်တွေကို ဖြိုဖဲ့၊ သစ်ပင်တွေခုတ်ကြခြင်းပါ။ မြန်မာပြည်မှာ သစ်ပင်ကို ခုတ်ပြီးရင် ပြန်စိုက်ကြခြင်း မရှိပေမယ့် တရုတ်ပြည် ရွှေလီဘက်မှာတော့  ဖြိုချပြီးတဲ့ တောင်နံရံ၊ တောင်စောင်းပေါ်မှာ သစ်ပင်တွေပြန်စိုက်ထားတာ တွေ့ခဲ့ရပါတယ်။

ကားလမ်းမကြီး ဘေး ဘယ်ညတစ်လျှောက်မှာ သီးနှံမျိုးစုံကို နေရာလွှတ်မကျန် စိုက်ပျိုးထားသလို သီးနှံမျိုးစုံကို မျက်စိတစ်ဆုံး စိမ်းစိမ်းစိုစို စိုက်ပျိုးထားတာကို တွေ့မြင်ခဲ့ရပါတယ်။ နှစ်နိုင်ငံ စိုက်ခင်းတွေကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ တရုတ်ပြည်က နည်းပညာက ပိုမိုသာလွန်ကောင်းမွန်တယ်ဆိုတာ အပြင်ပန်းကို ကြည့်ရင်တောင် သိနိုင်ပါတယ်။

ကြံခင်းတွေနားမှာ သကြားစက်ရုံရှိတာ တွေ့ရပါတယ်။ ကိုယ်စိုက်ပျိုးရတဲ့ သီးနှံကို အနီးဝန်းကျင်က စက်ရုံမှာပဲ သွားရောက်ချလို့ရတဲ့အတွက် တောင်သူတွေ သယ်ယူပို့ဆောင်ရေးစရိတ် ကုန်ကျစရာ သိပ်မလိုတော့ပါဘူး။   မြန်မာပြည်မှာလည်း အဲ့ဒီလိုမျိုး တောင်သူတွေ  အသုံးစရိတ် ပိုထွက်လာအောင် အစိုးရအနေနဲ့ စီစဉ် ပြုလုပ်ပေးသင့်ပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဆိုပြီးပြောပေမဲ့ စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်သူတွေက ပြည်ပကိုသွားရောက် လုပ်ကိုင်သူတွေ ပိုမိုများပြားလာခြင်းကြောင့် စိုက်ခင်းထဲဆင်းမယ့်သူ  ရှားပါးလာပါပြီ။ ဌာနဆိုင်ရာတွေနဲ့ တပ်မတော်က ဒေသအသီးသီးမှာ မြေသိမ်းဆည်းမှု အများအပြား ပြုလုပ်ခဲ့တာကြောင့် စိုက်ပျိုးရေးသမားတွေ လုပ်ငန်းပြောင်းကြရတာလည်း ရှိပါတယ်။ ကိုယ့်နိုင်ငံမှာ စိုက်ပျိုးလို့ရတဲ့ သီးနှံအများစုကို အိမ်နီးချင်းနိုင်ငံတွေကနေ စျေးကြီးပေးပြီးဝယ်စားနေရတဲ့ အနေအထားကို ရောက်နေပါပြီ။

(ဓာတ်ပုံ – အိချယ်ရီအောင်/Myanmar Now)

မှန်ချပ်တွေနဲ့ တံတားခင်းထားတဲ့ နာမည်ကျော် ရင်ကျန်းမှန်တံတားကိုလည်း ရောက်ခဲ့ပါတယ်။ တံတားပေါ်ကနေကြည့်ရင် နက်ရှိုင်းတဲ့အောက်ခြေမြေပြင်ကို အတိုင်းသား မြင်ရတဲ့ အတွက် တံတားပေါ် လမ်းလျှောက်ရတာ ရင်ခုန်စရာပါပဲ။ အဲဒီတံတားကို သွားတဲ့ အမြန်လမ်းမှာ မိုင် ရဝ ၊ ၈ဝ ထက် ပိုမမောင်းဖို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ကို ပို့ပေးတဲ့ ယာဉ်မောင်းကတော့ သူတို့နိုင်ငံက သတ်မှတ်ထားတဲ့ မိုင် ရဝ ၊ ၈ဝ နှုန်းကြားထဲမှာပဲ မောင်းနှင်ပါတယ်။ သတ်မှတ်မြန်နှုန်းအတိုင်း မောင်းတာက  ပိုပြီး  အန္တရာယ်ကင်းစေတဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်တစ်ခုပါပဲ။

မြန်မာပြည်က အမြန်လမ်းပေါ် ယာဉ်မောင်းသူ အများအပြားက သတ်မှန်မြန်နှုန်းထက်ပိုပြီး မောင်းကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံပြီးရင် မြန်မာနိုင်ငံက ယာဉ်တိုက်မှုအများဆုံး နိုင်ငံ ဖြစ်နေပါပြီ။

သတ်မှတ်ထားတဲ့ မိုင်နှုန်းတွေအတိုင်းသာ မောင်းနှင်ကြရင် ဒီအဆင့်ကနေ လျော့ကျသွားမယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။  

နယ်စပ်ဂိတ် အနီးတစ်ဝိုက်က ဆိုင်ခန်းတွေမှာတော့ မြန်မာတွေ များလား မများလား… ကြားရတဲ့အသံက ဗိုလ်အောင်ဒင်သီချင်းသံ ဖြစ်နေပါတယ်။ တချို့လည်း ကာရာအိုကေရုံရှေ့မှာ ဒူးထောင် ပေါင်ကား ထိုင်နေကြပါတယ်။ ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်လုပ်ပြီး အလှူခံထွက်တဲ့  ဘုန်းကြီး၊ သီလရှင်တွေကိုလည်း တရုတ်ပြည်ထဲက စျေးတချို့မှာ တွေ့ရပါတယ်။
မြန်မာပြည်ပြန်ရောက်ပြီး နေဝင်သွားချိန် တရုတ်ပြည်ဘက်ကို ကြည့်လိုက်တော့  မီးရောင် ထိန်ထိန်လင်းနေပါတယ်။ မူဆယ်ဘက်ကတော့ မီရောင်က ဟိုတစ်ကွက် ဒီတစ်ကွက်ပါပဲ။
အာဏာပိုင်တွေရော ပြည်သူတွေပါ ပြုပြင်စရာတွေ အများအပြား ရှိနေတယ်ဆိုတာ တရုတ်နယ်စပ်အခြေအနေတွေက ပြနေတယ်လို့ ယူဆမိပါတယ်။    ။

Show More

Related Articles

Back to top button