တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် နယ်စပ်မြို့ မူဆယ်ရှိ မန်ဝိန်းဂိတ်ကို ၂၄ နာရီဂိတ် အဖြစ် ယနေ့ (ဇန်နဝါရီ ၅) မှစ၍ တရုတ်ဘက်က ၁၀ ရက်ကြာ ဖွင့်ပေးလိုက်ပြီ ဖြစ်သည်။
ကိုဗစ်နိုင်တင်းရောဂါကူးစက်ကာလအတွင်း ယခင်က နံနက် ၆ နာရီမှ ည ၉ နာရီအထိ အချိန်အကန့်အသတ်ဖြင့် ဝင်ခွင့်ပြုထားသော မန်ဝိန်းဂိတ်အား နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း၍ စမ်းသပ်ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
” တရုတ်က ကိုဗစ်ကြောင့် တင်းကျပ်ထားတဲ့စည်းကမ်းတွေကို ဖြေလျှော့ပေးတာ မဟုတ်ပါဘူး။ ဂိတ်ဖွင့်ချိန်ကိုပဲ အချိန်တိုးပေးလိုက်တာပါ။ ဒါပေမဲ့ ဒါကလည်း ကုန်သွယ်ရေးအပေါ် အများကြီး သက်ရောက်မှု ရှိတယ်” ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း(မူဆယ်) ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က Myanmar Now ကို ပြောသည်။
မန်ဝိန်းဂိတ်သည် ကုန်တင်ယာဉ်ကြီးများ အဓိက ဝင်ထွက်သော ဂိတ်ဖြစ်ပြီး ကျင်စန်းကျော့ဂိတ်ကိုလည်း နံနက် ၆ မှ ညနေ ၄ နာရီအစား ည ၈ နာရီခွဲအထိ အချိန်ထပ်တိုးပေးလိုက်ကြောင်း သိရသည်။
နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်အတွက် မူဆယ်ကုန်သွယ်ရေးတာဝန်ရှိသူများနှင့် တရုတ်တာဝန်ရှိသူများက ပြီးခဲ့သည့်နှစ်အတွင်းက ဆွေးနွေးခဲ့ကြပြီး ဇန်နဝါရီ ၂ တွင် ဒေသအဆင့် သဘောတူခဲ့ခြင်း ဖြစ်သည်။
တရုတ်အစိုးရက ကိုဗစ်နိုင်တင်းကူးစက်မှုထိန်းချုပ်ရန်အတွက်ဟုဆိုကာ ၂၀၂၀ ၊ ဧပြီမှစ၍ တရုတ်နယ်စပ်ဂိတ်များတွင် လူအဝင်အထွက် ကန့်သတ်ခဲ့ကာ မူဆယ် နယ်စပ်ဂိတ် ၅ ခုအနက် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့ကိုလည်း အဝင်အထွက် ပိတ်ခဲ့သည်။
မန်ဝိန်းဂိတ်အပါအဝင် ကျင်စန်းကျော့နှင့် ပန်ဆိုင်း- ဝမ်တိန်ဂိတ်များ၏ ဂိတ်ဖွင့်လှစ်ချိန် လျှော့ချလိုက်ကာ ဧပြီ ၅ မှစ၍ မြန်မာယာဉ်မောင်းများကို ဝင်ခွင့်မပြုဘဲ တရုတ်ဒေသအာဏာပိုင်အဖွဲ့အစည်းက ခွင့်ပြုထားသော ကျန်းမာရေး ဆေးစစ်ပြီးသည့် ယာဉ်မောင်းများဖြင့်သာ အစားထိုးမောင်းနှင်၍ တရုတ်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုခဲ့သည်။
လက်ရှိ စမ်းသပ်ကာလ ၁၀ ရက်တွင်လည်း အစားထိုးယာဉ်မောင်းစနစ်ကိုသာ ကျင့်သုံးမည် ဖြစ်သည်။
ထို့သို့ ပိတ်ထားသော ကိုးလကျော်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။
တရုတ်အစိုးရထုတ်ပြန်ထားသော ကိုဗစ်ထိန်းချုပ်ရေးစည်းကမ်းချက်များကြောင့် မြန်မာဘက်တွင် ကုန်စည်စီးဆင်းမှုမှာ ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ရပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်း၌ ကုန်ပစ္စည်းပို့ဆောင်ခများ အဆမတန် ဈေးတက်သွားခဲ့ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခု ရှိသည့်အနက် မူဆယ်နယ်စပ်သည် ကုန်သွယ်မှု အများဆုံးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်က ပို့ကုန်အဖြစ် ဆန်၊ ပဲမျိုးစုံအပါအဝင် လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန် အစရှိသော စားသောက်ကုန်များ တင်ပို့နေပြီး တရုတ်ဘက်က ဆောက်လုပ်ရေးသုံးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ ပြန်တင်သွင်းနေသည်။