သတင်း

နယ်စပ်ခြံစည်းရိုးကာရံနေမှု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ယခုလအတွင်း ဆွေးနွေးမည် 

နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရုတ်အစိုးရဘက်က ခြံစည်းရိုးခတ်ခြင်းနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတို့ ယခုလအတွင်း ဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့ (ဇန်နဝါရီ ၈) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ယင်းအစည်းအဝေးတွင် မြန်မာနှင့် တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အရာရှိများ ဦးဆောင်ပါဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံနယ်နိမိတ်မျဉ်း ပြန်ဖော်ရန်၊ နယ်စပ်ခြံစည်းရိုး ကာရံလိုသည့် နိုင်ငံဘက်က ကုန်ကျစရိတ် စိုက်ထုတ်ရန် အစရှိသည့် အသေးစိတ်ကိစ္စရပ်များ ဆွေးနွေးသွားရန်ရှိသည်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုသည်။

“နှစ်နိုင်ငံနယ်နိမိတ်စာချုပ်ပြဋ္ဌာန်းချက်ပါ သဘောတူညီချက်တွေနဲ့အညီ ခြံစည်းရိုးကာမယ်ဆိုရင်လည်း စနစ်တကျ ဟိုဘက်ဒီဘက် နယ်မကျော်ဘဲ အဲဒီသဘောတူညီချက်နဲ့ ကာနိုင်ဖို့ အစည်းအဝေးလုပ်မယ်” ဟု ၎င်းက ပြောသည်။ 

လက်ရှိ မြန်မာ-တရုတ်နယ်နိမိတ်စာချုပ်ပြဋ္ဌာန်းချက်အရ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း၏ ၁၀ မီတာအတွင်း မည်သည့်အဆောက်အအုံမှ အခိုင်အမာဆောက်ခွင့်မပြုဆိုသည့် သဘောတူညီချက်ရှိပြီး အဆောက်အအုံများ တည်ဆောက်လာပါက ပြန်လည်ဖျက်သိမ်းပေးရမည်ဖြစ်သည်။ 

တရုတ်အစိုးရသည် လတ်တလောတွင် မြန်မာနယ်စပ်တလျှောက် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ ဟိုပန်ခရိုင်နှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့တွင် ယာယီခြံစည်းရိုးများ ကာရံလျက်ရှိသည်။  

“အဲဒီကိစ္စ အောက်ခြေမှာ မေးတယ်။ အပေါ်မှာလည်း မေးတယ်။ တရုတ်က ပြန်ဖြေတာကတော့ ကိုဗစ်ကာလ ယာယီအနေနဲ့ ဟိုဘက်ဒီဘက် လူနေထူထပ်တဲ့ နေရာတွေကနေ ကူးလူးဆက်ဆံတဲ့ နေရာတွေရှိတယ်။ ခိုးဝင်တာမျိုးမရှိအောင်၊ ဟိုဘက်ဒီဘက် ကူးလူးသွားလာတာမျိုးမရှိအောင် ယာယီအနေနဲ့ ခတ်တာပါလို့ ပြောတယ်” ဟု ဦးဇော်ဌေးက ပြောသည်။ 

မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရံနေခြင်းကို တရုတ်အစိုးရက မြန်မာနိုင်ငံကို ကြိုတင်အသိပေးအကြောင်းကြားခြင်း ရှိမရှိနှင့် နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်ကိစ္စအပေါ် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်အပေါ် ၎င်းက ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

ကပ်ရောဂါထိန်းချုပ်ရေးအတွက် ရည်ရွယ်၍ နယ်စပ်ခြံစည်းရိုး ယာယီကာရံခြင်းဆိုပါက နောင်တွင် အငြင်းပွားမှုမရှိစေရန် နယ်နိမိတ်မျဉ်းမကျော်ဘဲ စနစ်တကျ ကာရံရန် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ၏ ယခုလအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးမည်ဟု ဆိုသည်။

တရုတ်အစိုးရဘက်က နယ်စပ်ခြံစည်းရိုးကာရံနေခြင်းကို သက်ဆိုင်ရာရှမ်းပြည်နယ်အစိုးရထံ စာရင်းနှင့် ဓာတ်ပုံမှတ်တမ်းများ တောင်းယူစစ်ဆေးပြီးဖြစ်သလို လက်ရှိမြေပြင်အနေအထားအရ ခြံစည်းရိုးသည် အခိုင်အမာမဟုတ်ဘဲ ယာယီခြံစည်းရိုးခတ်ခြင်းသာဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းလူနာနှစ်ဦးကို ၂၀၂၀ မတ်လနှောင်းပိုင်းတွင် စတင်တွေ့ရှိပြီးနောက် ဧပြီလမှစ၍ တရုတ်အစိုးရက နယ်စပ်လူအဝင်အထွက်ကို ကန့်သတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။ 

ထို့အပြင် မိုင်ပေါင်း ၁၃၂၃  (ကီလိုမီတာ ၂၁၀၀ ကျော်) ထိစပ်နေသော မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်တလျှောက် မူဆယ်၊ နမ့်ခမ်း၊ လောက်ကိုင်၊ မန်ဟီးရိုးမြို့နယ်စသော ဒေသများရှိ နှစ်နိုင်ငံ နယ်စပ်မှတ်တိုင်များအနီး တိုင်များစိုက်ထူ၍ သံဆူးကြိုးများဖြင့် ခြံစည်းရိုးကာရံခြင်းကို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။  

စောင့်ကြည့်ကင်မရာများ၊ အနီအောက်ရောင်ခြည် (Infrared) သုံး အာရုံခံကိရိယာများအပြင် ဗို့အားမြင့် လျှပ်စစ်လွှတ်ထားသည့် ခြံစည်းရိုးတံတိုင်းကို တရုတ်နိုင်ငံက ၂၀၂၂ အောက်တိုဘာတွင် အပြီးတည်ဆောက်ရန် စီစဉ်နေသည်ဟုလည်း နိုင်ငံတကာသတင်းများတွင် ရေးသားဖော်ပြထားသည်။ 

သို့သော် ကိုဗစ်နိုင်တင်းပြန့်ပွားမှုထိန်းချုပ်ရေးသည် တရုတ်အစိုးရ ကာလရှည်ကြာစွာ စိုးရိမ်ပူပန်ခဲ့ရသည့် နယ်စပ်ပြဿနာများကို ကိုင်တွယ်ရန် အကြောင်းပြချက်ဖြစ်နေသည်ဟု The Diplomat သတင်းစာ၏ ဒီဇင်ဘာ ၁၇ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။

တရားမဝင်ကုန်စီးဆင်းမှုကို လုံးဝဖြတ်တောက်လိုက်ခြင်းမျိုးမဟုတ်ဘဲ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်သတ်မှတ်ချက်များဖြင့် ကုန်သွယ်ရေးပြုလုပ်နိုင်မည်ဟူသော တရုတ်အစိုးရ၏ အသားစီးရယူနိုင်မှုကို တိုးမြှင့်ပေးသည်ဟု ဆောင်းပါးရှင် Sebastian Strangio က ဆိုထားသည်။

နယ်စပ်ရှိ တရုတ်အစိုးရ၏ အကျိုးစီးပွားများအပေါ် ထောက်ခံပေးရန် မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကို ဖိအားပေးနိုင်သော အခြေအနေတစ်ခု ဖန်တီးပေးနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

တရုတ် – မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်တနာကမူ တရုတ်အစိုးရ၏ ရည်ရွယ်ချက်သည် ကိုဗစ်နိုင်တင်းပြန့်ပွားမှု ကာကွယ်ရန်လား၊ အစိုးရဆန့်ကျင်သူများ နိုင်ငံအတွင်းမှ ထွက်ပြေးခြင်းကို ကာကွယ်ရန်လား၊ မူးယစ်ဆေး၊ တောရိုင်းတိရစ္ဆာန်ထွက်ကုန်နှင့် အခြား တရားမဝင်ပစ္စည်းများ ကုန်သွယ်ခြင်းကို တားမြစ်ရန်လား၊ အိမ်နီးချင်းနှင့် ပြည်ပမှ ဘာသာရေးအုပ်စုများ နိုင်ငံအတွင်းလာရောက်လှုပ်ရှားခြင်းကို စိုးရိမ်မှုကြောင့်လားဆိုသည့် ထင်ကြေးများကို Asia Times ဆောင်းပါးတစ်ပုဒ်တွင် မေးခွန်းထုတ်ထားသည်။ 

Show More

Related Articles

Back to top button