
တရုတ်နယ်စပ်ကို နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ဖြင့် ကူးသန်းခွင့် ပြုထားသော်လည်း နယ်စပ်တွင် သောင်တင်နေသည့် ထောင်နှင့်ချီသော မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အကျိုးမရှိသည့် အစီအစဉ်ဖြစ်နေသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် ယူနန်ပြည်နယ် ရွှေလီမြို့ကို နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့်အစီအစဉ်သည် အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး အသက်ဝင်လာသည်။
ထိုအစီအစဉ်စတင်သည့်နေ့တွင် တရုတ်နိုင်ငံသားတစ်ဦး နိုင်ငံကူးလက်မှတ်ဖြင့် မြန်မာဘက်သို့ ဝင်ရောက်ခဲ့ပြီး ထပ်မံ ဝင်ထွက်သူမရှိဟု နှစ်နိုင်ငံနယ်စပ်ဌာနဆိုင်ရာများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာသွားသူလည်း ရှိမနေဟု ဆိုသည်။
တရုတ်နိုင်ငံသားများကလည်း စာအုပ်အနီ ခေါ် နယ်စပ်ဖြတ်သန်းခွင့်အထောက်အထားလက်မှတ် ကိုင်ဆောင်ပြီး ဝင်ထွက်နေကြသည်ဟု သူက ဆက်ပြောသည်။
“ရွှေလီက တရုတ်တွေတော့ စာအုပ်အနီနဲ့ နေ့စဉ် ဝင်နေတာပဲ။ နိုင်ငံကူးလက်မှတ်နဲ့ ဝင်မယ့် တရုတ်တွေတော့ လုံခြုံရေး အထူးဂရုစိုက်ကျတော့ ကုန်းလမ်းမဟုတ်ဘဲ လေကြောင်းနဲ့ဘဲ ဝင်ကြတာ များပါတယ်။ နိုင်ငံကူးလက်မှတ်နဲ့ ဝင်ကြတဲ့ တရုတ်တွေတော့ လေကြောင်းအသုံးပြုတာ များပါတယ်“ ဟု သူက ဆိုသည်။
“မနက်လာ ညပြန်တဲ့ တရုတ်တွေ နေ့စဉ် လူဦးရေ ၁၀၀ ကျော်ရှိပါတယ်။”
အဆိုပါသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်တာဝန်ရှိသူများ၏ အတည်ပြုချက် မရနိုင်သေးပေ။
နိုင်ငံကူးလက်မှတ်ရှိသူများသည် ရန်ကုန်ရှိ တရုတ်သံရုံး၊ မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးတို့တွင် ဗီဇာလျှောက်ထားရမည်ဖြစ်သည်။ ဗီဇာရရန် လွယ်ကူသော်လည်း နိုင်ငံကူးလက်မှတ်ရရန် မလွယ်ကူပေ။
အလုပ်အကိုင်အခွင့်အလမ်းအတွက် တရုတ်သို့ သွားရန် နယ်စပ်တွင် စောင့်နေကြသည့် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများကလည်း ပတ်စ်ပို့လျှောက်ထားခြင်းမရှိကြပေ။
ပတ်စ်ပို့ရရန် အချိန်များစွာ စောင့်ရသည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့လကပဲ ကျွန်တော် ပတ်စ်ပို့ရုံး သွားသေးတယ်။ အကြာကြီး ပြန်စောင့်ရအုံးမှာ။ နောက်နှစ် ၂၀၂၄ နှစ်ကုန်လောက်မှ အလှည့်ကျမယ်တဲ့။ ဒါတောင် ပတ်စ်ပို့်သက်တမ်း သွားတိုးတာ“ ဟု သူက ပြောသည်။
နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များ
တရုတ်နိုင်ငံထဲသို့ မြန်မာနယ်စပ်မှတစ်ဆင့် ဝင်ထွက်ခွင့်ကို ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်ဖြင့် ၂၀၂၀ နှစ်ဆန်းမှစတင်ပြီး တရုတ်ဘက်က ပိတ်ထားခဲ့သည်။
၂၀၂၃ စက်တင်ဘာ ၄ တွင် နယ်စပ်ဂိတ် ပြန်ဖွင့်ရာ နိုင်ငံသားစိစစ်ရေးကတ်ရှိသူ မည်သူမဆို တရုတ်နိုင်ငံအတွင်း ၆ ညအိပ်၊ ၇ ရက် လည်ပတ်ခွင့်ရသော အပြာရောင်စာအုပ် ခေါ် Temporary Border Pass (TBP) တစ်ခါသုံးကတ်ကို စတင် ထုတ်ပေးခဲ့သည်။
ခြွင်းချက်အားဖြင့် တရုတ်နယ်စပ်ရှိ မြန်မာမြို့များဖြစ်ကြသည့် မူဆယ်နှင့် နမ့်ခမ်းတွင် နေထိုင်ကြောင်း သန်းခေါင်စာရင်းရှိသူများမှာ ၁ နှစ်သက်တမ်းရှိသည့် နယ်စပ်သွားလာခွင့်လက်မှတ် အနီရောင်စာအုပ် ရရှိနိုင်သည်။
ရွှေ့ပြောင်းအလုပ်သမားများကလည်း နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ဖြင့် သွားလာခွင့်၊ အပြာရောင်စာအုပ် TBP ဖြင့် သွားလာခွင့်များထက် နယ်စပ်ဒေသခံများကဲ့သို့ အနီရောင်စာအုပ်ဖြင့် သွားလာခွင့်ကို ပိုမိုလိုလားကြသည်။
“မူဆယ်ဒေသခံတွေရတဲ့ ၁ နှစ်စာ စာအုပ်အနီကိုပဲ ရချင်ကြတာ။ တကယ့်လို့ မဖြစ်မနေ တစ်ခါသုံးကတ်ကိုပဲ ပေးမယ်ဆိုရင်တောင် ၆ ည အိပ်၊ ၇ ရက် အလုပ်လုပ်ပြီး ပြန်ထွက်လာရင် တစ်ခါသုံးကတ်ကို ချက်ချင်းလုပ်၊ ချက်ချင်းပြန်ဝင်လို့ရနိုင်အောင် လုပ်ပေးဖို့ မျှော်လင့်တာပေါ့။ ဘယ်နေ့ ဘယ်ချိန် ဘယ်နေရာ တုံကင်ပေးမယ်ဆိုတဲ့ အချက်အလက်တွေ ရချင်ကြတယ်“ ဟု တရုတ်ပြည်ထဲ ဝင်ရောက်ရန် ပြင်ဆင်နေသည့် အမည်မဖော်လိုသူ အလုပ်သမားတစ်ဦးက ပြောသည်။

အများအပြားသည် တရုတ်တွင် အလုပ်လုပ်ကိုင်စဉ် ထိုကတ် သက်တမ်းကုန်ဆုံးသွားသဖြင့် တရားမဝင်နေထိုင်ကာ အလုပ်လုပ်ကိုင်နေကြသည်။
တရုတ်ဘက်သို့ သွားလိုသူများပြားလာသည့်အတွက် စစ်ကောင်စီက တရုတ်သို့ TBP တစ်ခါသုံးကတ်ဖြင့် ဝင်ရောက်ခွင့်ကို တစ်ရက်လျှင် လူ ၅၀၀ သာ ခွင့်ပြုထားသည်။
ဒေသခံများ၏ အဆိုအရ ရွှေ့ပြောင်းလုပ်သား ၅၀၀၀ ခန့် မူဆယ်မြို့တွင် သောင်တင်နေပြီး TBP တစ်ခါသုံးကတ် ရရှိရေးအတွက် စောင့်ဆိုင်းနေကြသည်ဟု သိရသည်။
အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း TBPကတ်အတွက် တုံကင်ပေးမည်ဆိုသည့် သတင်းများကြောင့် လူ ၂၀၀၀ ခန့် နယ်စပ်ဂိတ်အနီး စုဝေးခဲ့ကြသော်လည်း စစ်ကောင်စီဌာနဆိုင်ရာများက တုံကင်ပေးဝေခြင်း မရှိပေ။
နယ်စပ်ဂိတ်များ ပြန်ဖွင့်ပြီးနောက် တရုတ်နိုင်ငံထဲသို့ ဝင်ရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၇,၀၀၀ မှ ၁၀,၀၀၀ ကြား ရှိနိုင်သည်ဟု နှစ်နိုင်ငံနယ်စပ်ဌာနများနှင့် နီးစပ်သူများက ခန့်မှန်းထားသည်။
မြန်မာပြည်သားများ လုပ်ကိုင်နေကြသည့်အထဲတွင် စိုက်ပျိုးရေးခြံများနှင့် စက်ရုံများလည်း ပါဝင်သည်။ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသူများလည်း ရှိသည်။
ပြည်နယ်အများအပြားတွင် သွားရောက် လုပ်ကိုင်နေကြပြီး အများစုမှာ ယူနန်ပြည်နယ်တွင် ရှိနေပြီး နယ်စပ်မြို့များဖြစ်သော ဂျယ်ဂေါင်၊ ရွှေလီတို့မှာ မြန်မာအလုပ်သမား များပြားသော မြို့များဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)