
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၌ အဓိကကျသော မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်ကျော်ခွင့်ကတ် အသုံးပြုကာ တရုတ်နိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့် ရရေး ကြိုးပမ်းနေကြသည့် မြန်မာနိုင်ငံသား ရာထောင်ချီရှိနေသည်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ ဖြစ်ပေါ်နေချိန် ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့သော နယ်စပ်ကို တရုတ်ဘက်က ဖွင့်ပေးလိုက်သောကြောင့် နိုင်ငံအနှံ့မှ မြန်မာများ အလုံးအရင်းဖြင့် ဝင်ရောက်နေကြခြင်း ဖြစ်သည်။
ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လဆန်းကတည်းက မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ကို လူအဝင်အထွက် ပိတ်ထားခဲ့ပြီး စက်တင်ဘာ ၄ တွင် နိုင်ငံသားစိစစ်ရေးကတ်ရှိသူ မည်သူမဆို တရုတ်နိုင်ငံအတွင်း ၆ ညအိပ်၊ ၇ ရက် လည်ပတ်ခွင့်ရသော အပြာရောင်စာအုပ် ခေါ် Temporary Border Pass (TBP) တစ်ခါသုံးကတ်ကို စတင် ထုတ်ပေးခဲ့သည်။
မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တွင် တစ်ရက်လျှင် လူဦးရေ ၆၀၀ သာ ဝင်ခွင့် ကန့်သတ်ထားရာ ၁၀ ရက်အတွင်း လူ ၆၀၀၀ နီးပါး ဝင်ရောက်ဖွယ်ရှိကြောင်း ယူဆရသည်။
TBP တစ်ခါသုံးကတ် ကိုင်ဆောင်ထားသော မြန်မာလုပ်သားများသည် နယ်စပ်ရှိ ရွှေလီ၊ ကျယ်ဂေါင်၊ မန်စီ စသည့် တရုတ်မြို့များရှိ စက်ရုံ၊ အလုပ်ရုံများ၌ ဝင်ရောက်အလုပ်လုပ်ကိုင်ကြပြီး တစ်ရက်လျှင် တရုတ် ယွမ် ၆၀ (မြန်မာငွေ ၂ သောင်းခွဲ) ဝန်းကျင် ရရှိသည်ဟု ဒေသခံများက ပြောကြသည်။
တရုတ်နိုင်ငံအတွင်း ဝင်ရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသူများထဲတွင် နေပြည်တော်မှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး စက်ရုံ၌ တစ်လလျှင် ကျပ် ၇ သိန်းဝန်းကျင် ရရှိမည်ဆို၍ နယ်စပ်သို့ ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
“နေပြည်တော်မှာ အလုပ်မရှိဘူးလေ။ ရွှေလီမှာရှိတဲ့ အမျိုးတွေခေါ်လိုက်လို့ ရောက်လာတာ။ တစ်လကို ယွမ် ၁၅၀၀ (မြန်မာငွေ ၇ သိန်း) ဝန်းကျင် ပေးမယ်ပြောတယ်။ ကျွန်မတို့ အခုမှ ဒီဘက်ရောက်ဖူးတာ” ဟု ထိုအမျိုးသမီးငယ်က ပြောသည်။
မူဆယ်ခရိုင် အိမ်ထောင်စုစာရင်းရှိသူများက တစ်နှစ်သက်တမ်းရှိ နယ်စပ်အဝင်အထွက် စာအုပ်အနီ ရရှိကြပြီး အခြား ပြည်နယ်နှင့် တိုင်းများမှ လာရောက်ပါက ရက်ပိုင်းသက်တမ်းရှိ TBP စာအုပ်အပြာသာ ရရှိကြသည်။
ထို TBP အပြာရောင်စာအုပ်သက်တမ်းကုန်ဆုံးပါက မြန်မာအလုပ်သမားအများစုသည် တရုတ်နိုင်ငံ၌ တရားမဝင်လုပ်သားအဖြစ် နေထိုင်ရမည်ဖြစ်သည်။

ထိုစာအုပ်ရရှိရေး တန်းစီသူများကို တုံကင်လက်မှတ် ပေးခဲ့ပြီး နောက်ပိုင်းတွင် တုံကင်ကို နယ်စပ်ဂိတ် တာဝန်ကျ ပြည်သူ့စစ်၊ ရဲ၊ လဝက၊ ယာဉ်ထိန်းရဲ အစ ရှိသည့် အဖွဲ့စုံက ပွဲစားများမှတစ်ဆင့် ထုတ်ပေးရာမှ တုံကင်နံပါတ်တစ်ခုလျှင် တရုတ်ယွမ် ၅၀၀ (မြန်မာငွေ ၂ သိန်းကျော်) အထိ ပေါက်စျေး ဖြစ်နေသည်။
ကွတ်ခိုင်မြို့နယ်မှ လာသော အမျိုးသမီးတစ်ဦးက တုံကင်လက်မှတ်များ ဖောင်းပွနေသည်၊ ပိုက်ဆံများများပေးနိုင်သူသာ တရုတ်နိုင်ငံထဲ ရောက်နိုင်မည်ဟု ပြောသည်။
“အဲဒီဗမာတွေက (စစ်ကောင်စီဝန်ထမ်းတွေက) တုံကင်နံပါတ်ပြလည်း ပေးမဝင်ဘူး။ ကျွန်မရတဲ့ တုံကင်နံပါတ် ၅၆ နံပါတ်တစ်ခုကို ၄ ယောက်လောက် ပေးထားတာတဲ့။ သူတို့ကို ပိုက်ဆံများများပေးနိုင်တဲ့သူက အထဲကို ဝင်သွားရတယ်” ဟု သူက ဆိုသည်။
ယမန်နေ့ (စက်တင်ဘာ ၁၃) တွင် TBP တစ်ခါသုံးကတ်အတွက် တုံကင်နံပါတ်များကို ထုတ်ပေးနေပြီး နံနက် ၁၀ နာရီအချိန်ထိ စာရင်းပေးထားသူ လူဦးရေ ၁၅၀၀ ကျော် ရှိကြောင်း နယ်စပ်အနီး နေထိုင်သူများထံမှ သိရသည်။
တုံကင်နံပါတ်ပြဿနာ ကင်းစေရေး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း မူဆယ်-ရွှေလီ အဝင်အထွက်ဂိတ်တွင် လာရောက်ကူညီဆောင်ရွက်ပေးနေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက်အသင်း (မူဆယ်) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီနေ့ကတော့ တာဝန်ရှိတဲ့သူ အဆင့်ဆင့်ကနေ ကြီးကြပ်ပြီးတော့ ပေးနေတယ်။ တုံကင်နံပါတ်တွေ ရောင်းစားနေတဲ့ပြဿနာတွေ မရှိအောင်ရယ်၊ ရှိခဲ့ရင်လည်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေတယ်။ အခုထုတ်ပေးတဲ့ နံပါတ်နဲ့ နာမည်စာရင်းတွေကို ဂိတ်တွေမှာ ပို့ထားပြီးတော့ အဲ့ဒီစာရင်းအတိုင်းပဲ ဂိတ်တွေမှာ ဝင်ရမယ်” ဟု သူက ပြောသည်။
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်က အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု၊ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ နည်းမျိုးစုံဖြင့် မြန်မာပြည်သူများ ထွက်ခွာနေကြောင်း ပြောကြားသည်ဟု စစ်ကောင်စီအာဘော်သတင်းစာများတွင် ရေးသားထားကြသည်။
တရုတ်-မြန်မာနယ်စပ်တစ်နေရာဖြစ်သည့် “ ဝ” ပြည်တပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသတွင် ကျားဖျံဟု ခေါ်သည့် အွန်လိုင်း ငွေကြေးလိမ်လည်မှု ကျူးလွန်နေသည်ဟု စွပ်စွဲခံရသူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို UWSA က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ ယခုလ ၆ ရက်နေ့က လွှဲပြောင်းပေးခဲ့သည်။
လက်ရှိတွင် မူဆယ်မြို့၌ လူအဝင်အထွက် များနေသလို မကြာသေးခင်ကလည်း မြို့အနီးတွင် တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)