စစ်ကောင်စီသည် အသက် ၁၈ မှ ၃၅ အောက် အမျိုးသားများကို နယ်စပ်ဂိတ်ပေါက်များမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခြင်းကို ယနေ့ (စက်တင်ဘာ ၂) မှစတင်ပြီး ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံးရှိ တနင်္သာရီတိုင်း၊ ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် သွားရောက်ရန် ကြိုးစားသည့် လူလတ်ပိုင်းအမျိုးသားများကို စစ်ကောင်စီက နယ်စပ်ဖြတ်ကျော်ခွင့် မပေးခဲ့ဟု ဒေသခံတို့က ဆိုသည်။
“အခုက ဒီကမ်းနားမှာ အကုန်တိတ်ဆိတ်ခြောက်ကပ်သွားပြီ။ ဘာမှမရှိတော့ဘူး။ ခါတိုင်း ပုံမှန်ဆိုရင် တစ်နေ့တစ်နေ့ကို နယ်စပ်ကနေ လူ ၄၀၀ ကနေ ၅၀၀ ကြားမှာ အဝင်အထွက်ရှိတယ်လေ။ အခုက လူငယ်တွေ ထွက်လို့မရဘူးဆိုတော့ ဒေသခံတွေရော၊ ကယ်ရီသမားတွေ အလုပ်မဖြစ်တော့ဘူး” ဟု ၎င်းက ပြောသည်။
ပင်လယ်ဆိပ်ကမ်းမြို့ ကော့သောင်း၏ တစ်ဖက်ခြမ်းတွင် ထိုင်းနိုင်ငံ ရနောင်းမြို့ရှိပြီး ဒေသခံများသည် ကာလရှည်ကြာ နှစ်နိုင်ငံအကြား ကူးလူးဆက်သွယ်သွားလာခဲ့ကြသည်။
ကော့သောင်းဒေသခံများအတွက် ၂ နှစ်သက်တမ်းရှိ အပြာရောင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးကာ ထိုင်းနိုင်ငံသို့ ဝင်ထွက်သွားလာခွင့်ပြုထားပြီး ကော့သောင်းနယ်ခံမဟုတ်သူများကို ၇ ရက်သက်တမ်းရှိ အစိမ်းရောင် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ဝင်ထွက်ခွင့်ပြုထားသည်ဟု သိရသည်။
ထို့ပြင် နိုင်ငံကူးလတ်မှတ် (Passport) ဖြင့် ကော့သောင်းနယ်စပ်ဂိတ်ကို ဖြတ်ကာ ထိုင်းနိုင်ငံသို့ သွားရောက်သူများလည်းရှိသည်။
ထိုနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုင်ဆောင်၍ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသူ များစွာရှိနေသည်။
မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် သဘောတူစာချုပ်ကို ၁၉၉၇ တွင် လက်မှတ်ရေးထိုးခဲ့ပြီး တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်းတို့ကို နယ်စပ်ဝင်ထွက်ပေါက်အဖြစ် သတ်မှတ်ကာ ၂၀၁၃ တွင် ထီးခီး-ဖူနာရွန်နယ်စပ်ဂိတ်ကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
ထိုနယ်စပ်ဂိတ် ၄ ခုကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနှင့် ထိုင်းနိုင်ငံသားများအပြင် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာကိုင်ဆောင်ထားသော တတိယနိုင်ငံများမှ နိုင်ငံသားများကိုလည်း ဝင်ခွင့်ပြုကြောင်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာန၏ အင်တာနက်စာမျက်နှာတွင် တွေ့ရသည်။
နိုင်ငံအနှံ့စစ်မျက်နှာပြင်များတွင် အရေးနိမ့်နေသည့် စစ်ကောင်စီသည် တပ်သားသစ်များလည်း အလွယ်တကူစုဆောင်းမရသည့်နောက် စစ်မှုထမ်းရန် အသက်ကန့်သတ်ချက် ပြည့်မီသည့်လူငယ်များ နိုင်ငံတွင်းမှ ထွက်ခွာခွင့်မရရန် နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်တားမြစ်နေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီက အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် ၂ နှစ်မှ ၅ နှစ်ကြာ စစ်မှုထမ်းရမည်ဖြစ်သည်။
ထိုဥပဒေထွက်လာပြီးနောက် စစ်ကောင်စီလက်မှ လွတ်ရန် လူငယ်များသည် ရသည့်နည်းဖြင့် ထွက်ပြေးကြရာ နောက်ဆုံးတွင် စစ်ကောင်စီက လူလတ်ပိုင်းအမျိုးသားများကို ပြည်ပထွက်ခွင့်မရရန် တင်းကျပ်စွာကန့်သတ်လာသည်။
ထို့နောက် PV ပတ်စပို့ဟု လူအများသိကြသည့် အလည်အပတ်နိုင်ငံကူးလက်မှတ်အမျိုးအစားဖြင့် ပြည်ပထွက်အလုပ်လုပ်မည့်သူများကို ပြည်ပထွက်ခွင့်မရအောင် လေဆိပ်နှင့် နယ်စပ်ဂိတ်ပေါက်များတွင် တားဆီးပိတ်ပင်နေကြောင်း စစ်ကောင်စီက ဩဂုတ် ၁၅ သတင်းစာများမှတစ်ဆင့် တရားဝင် ကြေညာခဲ့သည်။
အာဏာသိမ်းပြီးနောက် ၂၀၂၂ မှ ၂၀၂၄ ဇူလိုင်လအထိ နယ်စပ်ဝင်ပေါက်များအပါအဝင် နိုင်ငံအတွင်းမှ ထွက်ခွာသွားသူ ၂ သန်း ၃ သိန်းနီးပါးရှိကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ထားသည်။