
ယနေ့နံနက်ပိုင်းက လက်နက်အပြည့်အစုံဖြင့် မြန်မာ-တရုတ်နယ်စပ် မှတစ်ဆင့် မြန်မာဘက်ခြမ်း မူဆယ်မြို့ဧရိယာအတွင်းသို့ ဝင်ရောက်လာသည့် တရုတ်လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ရပ်ကို မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရုတ်ဘက်သို့ စာပို့ကန့်ကွက်လိုက်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်တွင် နံနက် ၈ နာရီခန့်က ဖြစ်ပွားသည့် အဆိုပါပြဿနာကို ကန့်ကွက်ကြောင်း နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးကို ကိုင်တွယ်သည့် တရုတ်နိုင်ငံ ရွှေလီအခြေစိုက် တရုတ် ပြည်ပရေးရာဌာနသို့ ယနေ့တွင် ပေးပို့လိုက်ပြီး နေပြည်တော်သို့လည်း အကြောင်းကြားထားကြောင်း မူဆယ်ခရိုင်၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာက Myanmar Now ကိုပြောသည်။
လူမှုကွန်ရက် Facebook တွင်ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်များတွင် သေနတ်ကိုင်ဆောင်ထားသည့် တရုတ်စစ်သားနှင့်ရဲတစ်ဒါဇင်ခန့်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မြန်မာ-တရုတ်နယ်စပ်ဂိတ် (ဆင်ဖြူဂိတ်ပေါက်) အနီး မြန်မာဘက် အခြမ်းရှိမြေပေါ်သို့ မိနစ်ပိုင်းမျှဝင်ရောက်တပ်စွဲခဲ့ကြသည်။
၎င်းတို့သည် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး မြန်မာဘက်အခြမ်းတွင် ဆင်ဖြူဈေးကော်မတီရုံးခန်း ဆောက်လုပ်နေသည် ကိုလာရောက်တားမြစ်ခြင်းဖြစ်သည်။
တရုတ်လုံခြုံရေးအရာရှိများ၏အဆိုအရ အဆိုပါဆောက်လက်စ အဆောက်အအုံသည် တရုတ်ဧရိယာ အတွင်းသို့ ရောက်ရှိနေကြောင်း တရုတ်တို့ကအကြောင်းပြသည်ဟု မူဆယ်ခရိုင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက Myanmar Now ကိုပြောသည်။
“သူတို့အမှန်ကန့်ကွက်လိုရင် တရားဝင် နယ်စပ်အာဏာပိုင် အဖွဲ့အချင်း ချင်းအကြောင်းကြား၊ ဆက်သွယ်ပြီး တော့ ကန့်ကွက်ရမယ်။ လူကိုယ်တိုင်လာမယ်ဆိုရင်လည်း ဒီလိုဝင်ရောက်မယ့်အကြောင်း သူတို့ အကြောင်း ကြားရမယ်။ ဒီထဲမှာ ပိုဆိုးတာက ယူနီဖောင်းတွေ၊ လက်နက်တွေ ပါလာတယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ လက်မခံပါဘူး။ ချက်ချင်းကို တရားဝင်ကန့်ကွက်လွှာပို့ထားပါတယ်”ဟု ၎င်းက ဆိုသည်။
တရုတ်လုံခြုံရေးတပ်ဖွဲ့များ မြန်မာဘက်ခြမ်းသို့ဝင်ရောက်လာစဉ်တွင် တရုတ်ဘက်ခြမ်းတွင် သံချပ်ကာကားများနှင့် ရဲကားများကလည်းစောင့်ကြည့်နေကြကြောင်း ဒေသခံ ကိုဇော်မင်းကပြောသည်။
“လက်နက်ကိုင်ပြီးဝင်လာတာကိုတော့ ဒေသခံအနေနဲ့ စိတ်ဆိုးတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမလေးစားသလို ဒေသခံတွေကိုလည်းစော်ကားတာ”ဟု ကိုဇော်မင်းက ဆက်ပြောသည်။
အငြင်းပွားသည့်အဆိုပါနေရာကို ဒေသခံများက မြန်မာပိုင်နက်ဟု အခိုင်အမာယုံကြည်ထားသည် ဟုလည်း ၎င်းကဆိုသည်။
ယင်းအငြင်းပွားဖွယ်မြေဧရိယာသည် လက်ရှိအချိန်တွင် မည်သည့်နိုင်ငံပိုင်ဖြစ်ကြောင်း သေချာစွာပြောကြား နိုင်ခြင်းမရှိသော်လည်း ယင်းကိစ္စကို ကန့်ကွက်လွှာပို့ရုံသာမက ဆက်လက်ဆွေးနွေးဆောင်ရွက်မည်ဟု ဦးဥက္ကာကပြောသည်။
ယခုအချိန်အထိ မြန်မာအစိုးရဘက်က ထိုကိစ္စအပေါ် တရားဝင် ထုတ်ပြန်ကြေညာချက်မျိုး မတွေ့ရသေးပေ။