ဆောင်းပါး

လီဆူတိုင်းရင်းသားတစ်ယောက်၏ ငြိမ်းချမ်းရေးအိပ်မက်

ဆဒုံး —  တောင်ယာမှအပြန် နေအိမ်ဧည့်ခန်းအတွင်း မဖိတ်ခေါ်ဘဲ ရောက်ရှိနေသည့်  ရိုင်ဖယ်သေနတ်ကို တွေ့လိုက်သည့်အခါ သရဲတစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ဦးဗျာလင်း ထိတ်လန့် တုန်လှုပ်သွားသည်။

နေအိမ်တွင် ရိုင်ဖယ်သေနတ် လာရောက်ထောင်ထားသည့် သဘောမှာ စစ်မှုထမ်းရန်အတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်ကို ထိုဒေသတွင် မွေးဖွားကြီးပြင်းလာသည့် သူ့အတွက် မည်သူ့ကိုမျှ မေးမြန်းနေစရာမလိုဘဲ သိနှင့်နေပြီးဖြစ်သည်။

“အစကတည်းက သူတို့က ရွာထဲမှာရှိတဲ့ အိမ်တွေမှာ ဘယ်သူတွေက စစ်မှုထမ်းရမယ်ဆိုတာကို သိတယ်။ အဲဒီတော့ စစ်မှုထမ်းရမယ့် နာမည်ကို လာကောက်ရင်းနဲ့ သေနတ်ကိုတစ်ခါတည်း ထားသွားတာ။ ထွက်ပြေးလို့လည်း မရ၊ တိမ်းရှောင်လို့လည်းမရတာနဲ့ သူတို့ပြောတာကို နားထောင်လိုက်ရတယ်”  ဟု ၄၅ နှစ်အရွယ် ဦးဗျာလင်းက ရှင်းပြသည်။

ဤသို့ဖြင့် တရုတ်-မြန်မာ နယ်စပ် အနီးရှိ လီဆူတိုင်းရင်းသား အများစုနေထိုင်ရာ ငါန့်ထုံကျေးရွာ ဇာတိ  ဦးဗျာလင်းသည် KIA တွင် ၇ နှစ်ကြာ စစ်မှုထမ်းခဲ့သည်။

အစာအိမ်ရောဂါကြောင့် KIA မှ အနားယူခဲ့ပြီးနောက် မိသားစုနှင့် ပြန်လည်နေထိုင်စဉ်  ကချင်ဒေသ တစ်ကျော့ပြန် စစ်ပွဲများ ဖြစ်ပွားလာရာ မိသားစုဝင်များ  ရွာကို စွန့်ခွာ ထွက်ပြေးကြရသည်။ နောက်ဆုံးတွင်  ဆဒုံးမြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။  

ပြည်တွင်းစစ်က မြန်မာနိုင်ငံတွင် နှစ်ပေါင်း ရဝ ကျော် ဖြစ်ပွားလျက်ရှိရာ တိုင်းရင်းသားဒေသတွင် နေထိုင်သော ဦးဗျာလင်းတို့အတွက် စစ်ပွဲအတွေ့အကြုံ ဆိုသည်မှာ အသစ်အဆန်း မဟုတ်ချေ။  ကလေးဘဝကပင်  စစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သောကြောင့် သူ့တွင် စစ်ရေးပဋိပက္ခ၊ စစ်၏ အနိဋ္ဌာရုံတို့နှင့် ပတ်သက်ပြီး ပြောပြစရာ များစွာ ရှိနေသူဖြစ်သည်။

“ကျွန်တော် ၅နှစ်သားလောက်မှာ ကတည်းက ရွာနားမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်လို့ အမေနဲ့ အဖေက ကျောပိုးပြီး ထွက်ပြေးလာခဲ့ရပါတယ်”  ဟု သူက စဉ်းစားရင်း ပြောသည်။

ထိုအချိန်က နိုင်ငံတကာက ကူညီမည့် အဖွဲ့များလည်းမရှိသကဲ့သို့ လူ့အခွင့်အရေး အဖွဲ့များလည်း မရှိခြင်းကြောင့် ဒုက္ခအလွန်ရောက်ခဲ့ရသည်ဟု ပြောသည်။

“ဒီလိုမျိုးစစ်ဖြစ်တာကို လုံးဝ၊ လုံးဝ မလိုလားတာ အမှန်ပါပဲ။ စစ်ကြောင်းတွေလာပြီ ဆိုပြီးတော့ တစ်နေရာကနေ တစ်နေရာကို ခဏခဏ ပြောင်းရွှေ့သွားခဲ့ရပါတယ်၊ ဒီမှာ အိမ်ဆောက်ပြီးရင်လည်း ပြန်ပြီး ပစ်ထားခဲ့လိုက်နဲ့ နေခဲ့ရပါတယ်”  ဟု ဦးဗျာလင်းက ပြောသည်။

(ဓာတ်ပုံများ- ဖြိုးသီဟချို/Myanmar Now)

မြေစာပင်

ဆဒုံးမြို့ရှိ အစိုးရ ရုံးဟောင်းတစ်ခုတွင် တည်ရှိသည့် စခန်းတွင် ခိုလှုံနေကြသူများမှာ တရုတ်-မြန်မာ နယ်စပ်ရှိ လီဆူတိုင်းရင်းသားကျေးရွာများဖြစ်သည့် ခေါင်ရှောင်၊ လောင်ပြင်၊ ကျင်လုံ၊ ငါန့်ထုံ၊ အင်ဘူကောင်း၊ ပန်ဆဲ၊ ပျန့်ပုံ၊ ထွန်ခုတ်ထန်၊ တန်လှိုင်တို့မှ တိမ်းရှောင်လာကြသူများ ဖြစ်သည်။

ဒုက္ခသည် စခန်းတာဝန်ခံ ကိုဝမ်းဟူက ၎င်းတို့စခန်းတွင် ခိုလှုံနေသူ ၆ဝဝ ကျော် ရှိကြောင်း၊ ကျည်ဆန်နှင့် ဗုံးဆန်များကြား နေထိုင်ရသည့် အရပ်သားများမှာ တပ်မတော်နှင့် KIA တို့ကြား ဓားစာခံများ ဖြစ်နေရကြောင်း သူက ဆိုသည်။

၁၉၉၄ အပစ်ရပ်စာချုပ် မချုပ်မီ တိုက်ပွဲများဖြစ်ပွားစဉ် တပ်မတော်က အဓမ္မခိုင်းစေမှုများ ရှိခဲ့ပြီး တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂ဝ၁၁ခုနှစ်တွင်တော့ အဓမ္မခိုင်း စေမှုများ ပြုလုပ်လာသည်မှာ KIA ဖြစ်သည်ဟု သူက ပြောသည်။  

“ထမင်းပို့။ ကျည်ဆန်ပို့ပေါ့၊ ရှေ့တန်းကို သွားရတာ၊ အလှည့်ကျ တာဝန်နဲ့ သွားနေရ တာပေါ့။ ရှေ့တန်းမှာ သူတို့က တိုက်နေတာ၊ ကျွန်တော်တို့က အထောက်အကူအနေနဲ့ ပို့ပေးနေရတာ”  ဟု ကိုဝမ်းဟူက ပြန်ပြောပြသည်။

“သွားတဲ့အခါမှာတော့ လမ်းက ရှင်းရှင်းလေး။ ပြန်လာတဲ့ အခါမှာတော့ ဗုံးတွေကြဲလို့ လမ်းတောင်မှ ခုတ်ရှင်းပြီးတော့မှ ပြန်လာရတယ်။ လေယာဉ်လာတဲ့အခါမှာ ကျွန်တော်တို့က ပုန်းပေါ့” ဟု ကိုဝမ်းဟူက ဒုက္ခသည်စခန်း အတွင်းရှိ ယာယီဘုရားကျောင်းတွင် ထိုင်ရင်း ပြောပြသည်။

စခန်းတာဝန်ခံတစ်ဦးဖြစ်သည့် ကိုငွာလင်းက ၂ဝ၁၁ တိုက်ပွဲများ ပြန်ဖြစ်လာချိန်တွင် နယ်စပ် အနီးရှိ တိုင်းရင်းသားများမှာ တိမ်းရှောင်ရခြင်းမှာ တပ်မတော်က အဓမ္မစေခိုင်း၊ နှိပ်စက်မည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်သည်ဟု ပြောသည်။

 “၁၉၉၄ မတိုင်ခင်က တိုက်ပွဲတွေ ဖြစ်တုန်းကလို ပေါ်တာဆွဲတာတွေ လုပ်ဦးမလား ဆိုပြီးတော့ ပြေးကြတာ”  ဟု ကိုငွာလင်းက ပြောသည်။

လက်တွေ့တွင်မူ KIA ၏ အဓမ္မခိုင်းစေမှုများဖြင့်သာ ကြုံတွေခဲ့ရသည်ဟု သူက ပြောသည်။

“ဒီမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ တပ်မတော်ဘက်က စည်းရုံးရေးဆင်းနေတဲ့ အချိန်မို့လို့ ထင်ပါတယ်။ ဒီဘက်မှာတော့ ပေါ်တာဆွဲတာတို့ဘာတို့လည်း မရှိဘူး။ သိက္ခာလည်း တော်တော်လည်း ထိန်းနေပါတယ်”  ဟု ကိုငွာလင်းက ထင်မြင်ချက်ပေးသည်။

KIA နှင့်ဆက်သွယ်သော ရွာသားများ ဖမ်းဆီးနှိပ်စက်ခံရသည့်ထဲတွင် ဦးလာစစ်၊ ဦးလာလဲ အမည်ရှိ ညီအစ်ကို နှစ်ဦးလည်း ပါဝင်သည်ဟု ပြောသည်။

“ညီအစ်ကိုနှစ်ယောက် KIA ကို ရိက္ခာသွားပို့တဲ့အချိန်မှာ တပ်မတော်နဲ့ တွေ့ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ ထောင် ၃ နှစ် ကျခံခဲ့ရပြီးတော့ အရိုက်အပုတ် ခံခဲ့ရပါတယ်” ဟု ကိုငွာလင်းက ပြောသည်။

“စစ်တပ်နှစ်ခုရဲ့ ကြားမှာ သူတို့ လုပ်ချင်တာ၊ လုပ်တာကို ခံခဲ့ရပါတယ်။ ဟိုဘက်က ခြိမ်းခြောက်၊ ဒီဘက်က ခြိမ်းခြောက်နဲ့ တော်တော် ဒုက္ခရောက်ခဲ့ပါတယ်”

(ဓာတ်ပုံများ- ဖြိုးသီဟချို/Myanmar Now)

ငြိမ်းချမ်းရေး အိပ်မက်

မပေါ်ကျေးရွာဇာတိ ၁၅ နှစ် အရွယ် မိန်းကလေးတစ်ဦးသည် လွန်ခဲ့သော ၇ နှစ်ကပင် ဒုက္ခသည်အဖြစ်ကို မခံယူဘဲ ရောက်ရှိခဲ့သည်။

၂ဝ၁၁ခုနှစ် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည့်အချိန်က ဒုတိယတန်းကျောင်းသူဖြစ်သည်ဟု အမှတ်တရ ပြန်ပြောပြသည်။

“စစ်ဖြစ်တဲ့ အချိန်တုန်းက အရမ်းငယ်သေးတယ်။ တိုက်ပွဲဖြစ်တော့ တစ်ခါမှ မရောက်ဘူးတဲ့နေရာ ရောက်တယ်ဆိုတော့ ပျော်လည်း ပျော်တယ်။ ဗုံးသံတွေကြားတော့ အရမ်းလည်း ကြောက်ခဲ့ရတယ်။ လမ်းက အဝေးကြီးလျှောက်ခဲ့ရလို့ အရမ်းလည်း ဒုက္ခရောက်ခဲ့ရတယ်”  ဆဒုံးဒုက္ခသည် စခန်းအတွင်းရှိ ယာယီ ဘုရားကျောင်းတွင် ဝတ်ပြုနေသူများကို ငေးရင်း ထိုမိန်းကလေးက ပြန်ပြောပြသည်။

စစ်ရေးနှင့် တွေ့ကြုံရမှု များပြားလာသောကြောင့် သူ၏ ပညာရေးလည်း ထိခိုက်ရသည်။ မြို့ပြရှိ သူ့အရွယ် တခြားကလေးများ ၁ဝ တန်း တက်တော့မည့်အချိန်တွင် သူက ၅ တန်းသာ ရောက်သေးသည်။

သူက ကျောင်းပုံမှန်တက်ရသောအခြေအနေကို မျှော်လင့်နေသူဖြစ်သည်။

ဆဒုံးမြို့ ဒုက္ခသည်စခန်းရောက် ဦးဗျာလင်း

(ဓာတ်ပုံများ- ဖြိုးသီဟချို/Myanmar Now)

ယခင် KIA စစ်သားဟောင်း ယခု စစ်ပြေးဒုက္ခသည် ဦးဗျာလင်းက ၎င်းတို့ဒေသတွင် တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည့်အတွက် သူတို့တွင် အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင်မရှိသလို၊ တစ်ပါးသူ အထောက်အပံ့ကိုလည်း အချိန်ကာလ ကြာရှည်စွာ မယူလိုကြောင်း ပြောသည်။

တိုက်ပွဲများရပ်ပြီး ငြိမ်းချမ်းရေး အမှန်တကယ် ရရှိပါက နေရာတကာ သွားလာ လုပ်ကိုင် စားသောက်နိုင်မည်ဖြစ်ပြီး နိုင်ငံနှင့်ပြည်သူ စီးပွားဖွံ့ဖြိုးနိုင်မည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးရပြီဆိုရင် ကျွန်တော် ငိုကြွေးမတတ် ပျော်ရွှင်မိမယ် ထင်ပါတယ်”  ဟု ပြောလိုက်သည့် ဦးဗျာလင်း၏ တုန်ရီနေသည့်အသံက ဒုက္ခသည်စခန်းအတွင်းရှိ ဆူညံနေသော ကလေးငိုသံများကြားမှ တိုးညှင်းစွာ ထွက်ပေါ်လာလေသည်။

Related Articles

Back to top button