သတင်း

ပူတာအိုတွင် စစ်ရှောင် ၅၀၀၀ ကျော် ရှိလာ၊ အကူအညီလိုနေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၈ မှ အစပြုသော တိုက်ပွဲများကြောင့် စစ်ရှောင် ၅၀၀၀ ကျော် ရှိလာပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကာယကံရှင်အချို့က ပြောသည်။

မြို့တောင်ဘက် မိုင် ၃၀ ကျော်အကွာ အင်စီယန်ကျေးရွာအနီး ရှိန်ဂတ်ဘွတ်‌တောင်တွင် အစပြုသည့် တိုက်ပွဲများကြောင့် မြစ်ကြီးနား−ပူတာအိုလမ်းတစ်လျှောက်ရှိ အင်စီယန်၊ လုံရှာယန်၊ ဖတ်မာ၊ ဆွမ်ပီယန် ကျေးရွာဒေသခံများ တိမ်းရှောင်နေရသည်ဟု ၎င်းတို့ထံမှ သိရသည်။

မြို့နှင့် ၁၂ မိုင်အကွာတွင်ရှိပြီး စစ်ရှောင်ဦးရေ ၄၀၀၀ ခန့်ရှိသည့် လုံရှာယန်မှ ရွာသားများမှာ တောအတွင်း မိုးကာစများဖြင့် တဲထိုးကာ ဖြစ်သလိုနေကြရပြီး အအေးဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရသည်ဟု ထိုဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားက ပြောသည်။

“‌နေ့လယ်ဆိုရင် မီးမမွှေးရဲလို့ မနက်စောစောမွှေးပြီး ထမင်းဟင်းချက်ရတယ်၊ မနက် ၆ နာရီလောက်ဆို အကုန်စားပြီးသောက်ပြီး မီးငြှိမ်းရတယ်၊ လေယာဉ်လာမှာ ကြောက်လို့” ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် တစ်ပတ်ခန့်မှစကာ ပူတာအိုမြို့ အဝင်အထွက်ကို စစ်တပ်က ကန့်သတ်ထားသည့်အတွက် ရိက္ခာပြတ်လပ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ထိုသူက ဆက်ပြောသည်။

ဖေ‌ဖော်ဝါရီ ၂၂ တိုက်ပွဲဖြစ်ပွားစဉ် စစ်လေယာဉ် ၂ စီးက ဖတ်မာနှင့် အင်စီယန်ရွာအနီးသို့ လာရောက်ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့က အတည်ပြုသည်။

၅မိုင်ကျော်သာ ဝေးသည့် အင်စီယန်ရွာဘက်တွင် တိုက်ပွဲဖြစ်သံများ ယနေ့ထိ ကြားရကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများရှိကြောင်း အသက် ၄၀ ကျော်အရွယ် ဆွမ်ပီယန်ရွာသားက ပြောသည်။

“ရိက္ခာယူ၊ ဘာယူလောက်ပဲ ပြန်ရဲသေးတယ်၊ တိုက်ပွဲကလည်း အချိန်မရွေးပြန်ဖြစ်နိုင်တယ်ဆိုတော့ ဘယ်သူမှ မပြန်ရဲသေးဘူး” ဟု ၎င်းက ပြောသည်။

ဒေသအတွင်း တိုက်ပွဲများစတင်ခဲ့သည့် အင်စီယန်ရွာအနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီ ခြေလျင်တပ်ရင်း(၄၆)နှင့် (၁၃၈)ကို နေ့စဉ်နီးပါး တိုက်ခိုက်နေကြောင်း KIA ပြန်ကြားရေးသတင်းဌာန Kachinnet Burmese က ဆိုထားသည်။

ထိုနေရာရှိ ရှင်ဂတ်ဘွမ်တောင်အနီးတွင် ပိတ်မိနေသည့် စစ်သားများကို စစ်ကူရန် အင်စီယန်သို့ ပူတာအိုမှတစ်ဆင့် အင်အား ၁၀၀ ကျော် ထပ်မံပို့လွှတ်သဖြင့် ဖေဖော်ဝါရီ ၂၂၊ ၂၃ တွင် လုံရှာယန်နှင့် တန်ဂျာ၊ မူလာရှီးဒီးနှင့် ဖတ်မာရွာများအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Kachinnet Burmese က ရေးထားသည်။

တိုက်ပွဲများမှာ ဖေဖော်ဝါရီ ၂၄ ရက်မှစတင် ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံမှ သိရသည်။

“လောလောဆယ်တော့ ထူးခြားတာ မရှိသေးဘူး၊ နှစ်ဖက်တပ်တွေကတော့ အချင်းချင်းစောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးချိန်တွင် နိုင်ငံအနှံ့၌ စစ်ကောင်စီကို ခုခံမှုများရှိနေရာ ကချင်ပြည်နယ်အတွင်းတွင် KIA က ဦးဆောင်၍ တိုက်ခိုက်မှုများလုပ်နေသည်။

ပူတာအိုမြို့နယ်အပါအဝင် ဖားကန့်၊ ဆွမ်ပရာဘွမ်၊ မိုးညှင်း၊ ဝိုင်းမော်၊ တနိုင်းစသည့် ကချင်ပြည်နယ်အနှံ့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

KIA ကို နိုင်ငံရေးဦးဆောင်မှုပေးနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားအားလုံးနှင့် လက်တွဲ၍ အမြစ်ပြတ်ချေမှုန်းမည်ဟု ပြောဆိုထားပြီးဖြစ်သည်။

ရေခဲတောင်များ တည်ရှိသော၊ ရာသီဥတု ဆိုးရွားပြင်းထန်နေသော ပူတာအိုမြို့နယ်အတွင်း အထက်ပါတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button