သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့ (ဩဂုတ် ၃၀) တွင် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် စစ်တပ်ရောက်လာသဖြင့် ဒေသခံများ ထွက်ပြေးနေရသည်။ 

ယနေ့ နံနက် ၁၀ နာရီခွဲတွင် အသက် ၅၀ နှစ်အရွယ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်နွယ်မှာ နေအိမ်၌ ရှိနေစဉ် အမည်မသိလူတစ်ဦးက ဝင်ရောက်လာပြီး နဖူးတည့်တည့်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ 

“အိမ်ထဲဝင်လာပြီး နဖူးတည့်တည့်ကို သေနတ်နဲ့ပစ်သွားတာ။ တစ်ချက်ပဲ အနီးကပ်ပစ်ခတ်ခံရတယ်” ဟု ၎င်းက  Myanmar Now ကို ပြောသည်။

ထိုသို့ ပစ်သတ်ခံရပြီး မကြာမီ စစ်တပ်က ကားရှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြင်းများ၊ အသံဗုံးဖောက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု အထက်ပါမျက်မြင်တွေ့ရှိသူက ဆက်ပြောသည်။

ပစ်သတ်ခံရသူ ဦးမြင့်နွယ်သည် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လွန်ခဲ့သည့် နှစ်လခန့်မှစ၍ တာဝန်ယူခဲ့သူဖြစ်ကာ ကျေးရွာအတွင်း စစ်တပ်ကို ခေါ်၍ မကြာခဏလူဖမ်းခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဘုရားလှကျေးရွာမှ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ရွာနီးချုပ်စပ်မှာလည်း သူ့(ဦးမြင့်နွယ်)သတင်းက နာမည်ဆိုးနဲ့ ကျော်ကြားနေတာ” ဟု ၎င်းက ဆိုသည်။

ထိုသို့ လုပ်ကြံသတ်ဖြတ်ခြင်း မခံရမီ နံနက် ၅ နာရီခန့်ကပင် ဦးမြင့်နွယ်သည် အရပ်ဝတ်လူများကို ဦးဆောင်ကာ ကျေးရွာသားတစ်ဦးကို ဖမ်းဆီးခဲ့သည် ၎င်းက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်သည် ဘုရားလှကျေးရွာတွင် ယနေ့ ညနေပိုင်းအထိ တပ်စွဲထားကာ ထွက်ပြေးနေကြသည့် ဒေသခံများကို လိုက်လံရှာဖွေလျက်ရှိသည်ဟု ရွာသားများထံမှ သိရသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်နွယ်ကို ၎င်းတို့လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ကြောင်း တောင်သာပြောက်ကျားတပ်ဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။ 

မကြာသေးမီက တောင်သာမြို့လယ်နာရီစင်အနီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကို စစ်တပ်က သုံးညဆက်တိုက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများနှင့် NLD ပါတီဝင်တစ်ဦးထံမှ သိရသည်။ 

တောင်သာမြို့နယ်တွင် ဇွန်လအတွင်း စစ်တပ်ထောက်ခံသူ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ သတင်းပေးများ စသည့် ဒလန်ရှင်းလင်းရေးများ ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ပြီး တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးစာရေး ဦးလူမော် ၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဌေး တို့ ပစ်သတ်ခံရပြီး တောင်သာမြို့၊ အရှေ့စျေးရှိ ယွန်းယွန်းလျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် မနှင်းနှင်းဝေမှာ ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် စစ်တပ်က တောင်သာမြို့နယ်အတွင်း NLD ပါတီဝင်များနှင့် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ​​ဦးမျိုးမြင့်သန်းဆိုသူသည် ၂၄ နာရီမပြည့်မီ စစ်ကြောရေး၌ သေဆုံးခဲ့ရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button