ဘူးသီးတောင်၊ မောင်တော — သြဂုတ်လကုန်ပိုင်း ARSA အဖွဲ့၏ တိုက်ခိုက်မှုများမှ အစပြု ကြီးထွားလာခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မငြိမ်မသက်မှုများဖြစ်ပွားရာ ဒေသများသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်နိုင်သည့် အလားအလာ နည်းပါးလျက်ရှိသည်။ အောက်တိုဘာလလယ်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်လေ့လာရန် စစ်တွေ-ဘူးသီးတောင် ရှပ်ပြေးယာဉ်ဖြင့် ရေလမ်းခရီး စတင်ခဲ့သည်။
အောက်တိုဘာ ၁၂
စစ်တွေမြို့ကိုရောက်သည့် ညနေပိုင်း မြို့တွင်း လိုက်လံကြည့်ရှုရာ နာဇီစျေးဝန်းကျင် အပါအဝင် နေရာ တချို့တွင် လုံခြုံရေးရဲဂိတ်များ တွေ့ရသည်။ လူငယ်သမီးရည်းစားတချို့ လူမြင်ကွင်းတွင် တွဲသွားတွဲလာ လုပ်နေကြသည်။ စစ်တွေမြို့ လမ်းများပေါ်တွင် ဤမြင်ကွင်းမျိုးကို လွန်ခဲ့သည့် ၇ နှစ်က တွေ့ရခဲသည်ဟု ဆိုနိုင်သည်။
လမ်းပေါ်တွင် လူငယ်များ ဆိုင်ကယ်တဝီဝီဖြင့် သွားလာနေကြသည်။ မြို့ပြဂုဏ်ကျက်သရေ မပျက်စေရေးအတွက် လမ်းပေါ်တွင် အရက်သေစာ မသောက်စားကြရန် အာဏာပိုင်တို့က ပညာပေးလက်ကမ်းစာစောင်ဝေ၊ အသံချဲ့စက်ဖြင့် ကြေညာနေသည့် ကမ်းနားလမ်းဘေး တစ်နေရာတွင် ယောက်ျားလေး ၄ ဦး၊ မိန်းကလေး ၂ ဦး ပါဝင်သည့် အစုအဖွဲ့လေးက ဘီယာသောက်သုံးနေကြသည်။ အခြားမြို့ အများအပြားနည်းတူ ဤဒေသတွင်လည်း ဘီယာ၊ အရက် သုံးစွဲမှုက လျော့ကျလာခြင်းရှိဟန် မတူ။
အောက်တိုဘာ ၁၃
စစ်တွေ – ဘူးသီးတောင် ရှပ်ပြေးအမြန်ယာဉ်၏ အနေအထားမှာ ယခင်ကအတိုင်းပင်။ ခရီးသည်တချို့က အမိုးပေါ်တွင်တချို့ ရှိနေသည်။ ထိုင်ခုံများအလယ်ရှိ လျှောက်လမ်းတလျှောက်တွင် ပလတ်စတစ်ခုံများပေါ်တွင်လည်း လူအပြည့်။သြဂုတ်လကုန်ပိုင်း ပဋိပက္ခမှ တိမ်းရှောင်လာသူတချို့ နေရပ်ပြန်ကြသောကြောင့် ရှပ်ပြေးယာဉ်တွင် ခရီးသည် များပြားနေခြင်း ဖြစ်သည်ဟု သိရသည်။

ဘူးသီးတောင်သည် မွတ်စလင်အများစု နေထိုင်သည့်မြို့ဖြစ်သည်။ သို့သော်လည်း မြို့ပေါ်ရပ်ကွက်များတွင် မွတ်စလင်တို့ကို ခါတိုင်းလောက် မတွေ့ရတော့ပေ။ ပဋိပက္ခကာလအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြခြင်း၊ ကျေးလက်တွင် နေထိုင်သူတို့ကလည်း မြို့ပြလုပ်ငန်းခွင်သို့ ရောက်မလာခြင်းတို့ကြောင့် မွတ်စလင်အရေအတွက် နည်းပါးခြင်းဖြစ်သည်ဟု ဘူးသီးတောင်ရှိ မြိုတိုင်းရင်းသား လူငယ်တချို့က ဆိုသည်။
သြဂုတ်လ ပဋိပက္ခနောက်ပိုင်း ဘူးသီးတောင်တွင် ဒုက္ခသည်များ ခိုလှုံသည့်နေရာတချို့ ရှိနေသည်။ မြိုများ ခိုလှုံကြသည့် ဒုက္ခသည်စခန်းတွင် တချို့က နေရပ်ပြန်သွားကြပြီဖြစ်သည်။
နေရပ်မပြန်ကြသေးသူတို့မှာ ကျေးလက်ဒေသ လုံခြုံရေးအခြေအနေကို စိတ်မချရဟု ယူဆနေသောကြောင့် ဖြစ်ကြောင်း ဒုက္ခသည်စခန်းအတွင်းရှိ မူလတန်းကျောင်းအုပ်တစ်ဦးဖြစ်သည့် ဦးညိုသာက ပြောသည်။
ဟိန္ဒူတို့ နေထိုင်ကြသည့်စခန်းတွင် ရွာလုံးကျွတ်နီးပါး အသတ်ခံရသည်ဆိုသည့် ရဲဘောက်ကျကျေးရွာမှ ဒေသခံတို့လည်း ရှိနေသည်။ ထိုစခန်းတွင် ခိုလှုံနေသူများထဲမှ တချို့က အိမ်ပြန်ရန် မဝံ့ရဲကြသေးဟု ဆိုကြသည်။ မိသားစုဝင်များကို ဆုံးရှုံးလိုက်ရသောကြောင့် တစ်ဦးတည်း ရပ်တည်နေထိုင်ရတော့မည်သူတချို့ကိုလည်း တွေ့ခဲ့ရသည်။ ဟိန္ဒူ တော်တော်များ များက ရခိုင်စကား၊ မြန်မာစကားတို့ကို ပြောတတ်သူနည်းပါးကြသည်။ လူများစုဖြစ်သော မွတ်စလင်တို့နည်းတူ ဘင်္ဂါလီစကားကိုပင် ပြောဆိုကြသည်။
ပဋိပက္ခအစပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်သူတို့က ဟိန္ဒူများကို ဦးတည်တိုက်ခိုက်ခြင်းမရှိဘဲ အာဏာပိုင်တို့ကိုသာ ပစ်မှတ်ထားခဲ့ကြသည်ဟု သူတို့က ဆိုကြသည်။ နောက်ပိုင်းတွင်မူ မတူကွဲပြားသူတို့ ဤဒေသတွင် မနေရ ဆိုသည့် အယူအဆဖြင့် ကျန်လူမျိုးတို့ကိုပါ အန္တရာယ်ပြုခဲ့သည်ဟု ၎င်းတို့က ရှင်းပြသည်။
အောက်တိုဘာ ၁၄
ဘူးသီးတောင်ရှိ တခြားဒုက္ခသည်စခန်းများကို သွားကြည့်သောအခါ နေရပ်ပြန်သူ များသောကြောင့် ခိုလှုံသူ အနည်းငယ်သာ ကျန်တော့သည်ကို တွေ့ရသည်။ ကျန်ခဲ့သူများကလည်း မကြာခင် ပြန်ကြတော့မည့် အကြောင်း ပြောကြသည်။ မြို့ပေါ်စျေးတွင် ဆိုင်တချို့ ပိတ်ထားသည်။ ဆန်ဆိုင်တချို့ရှိ ဆန်အိတ်များတွင် ဒုက္ခသည်တို့ကို လှူဒါန်းထားသော အဖွဲ့အစည်း အမှတ်အသား၊ စာများကို တွေ့ရသည်။ အရောင်းအဝယ်သည် သြဂုတ်လနောက်ပိုင်း ၅ဝ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြသူတို့အနက် အများအပြားမှာ ယခင်ကတည်းက မြို့ပေါ်တွင် စီးပွားရေး အခြေခံမရှိသောကြောင့် စားရေးသောက်ရေး ပိုမိုကောင်းမွန်မည်ဟု ယူဆရသော ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည်စခန်းများရှိရာသို့ ထွက်သွားကြသူများဖြစ်ကြောင်း ဒေသခံတို့က တညီတညွတ်တည်း ပြောကြသည်။
ကျေးရွာများသို့ သွားရာလမ်းများတွင် စစ်ဆေးရေးဂိတ်ချထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တို့ အသင့်အနေအထား အမြဲရှိနေကြသည်။ ကျေးလက်ဒေသ မွတ်စလင်များ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့်သာ မြို့သို့ လာရောက်ခွင့်ရသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
အောက်တိုဘာ ၁၅
ဘူးသီးတောင်မြို့မှ တောင်ဘဇာဒေသဘက်ကိုသွားသည့် လမ်းအတိုင်း မေယုမြစ်ကို ကျော်လိုက်သည်နှင့် တွေ့ရသည့် မွတ်စလင်ကျေးရွာများတွင် မှည့်ဝင်းနေသော စပါးခင်းများအတွင်း ရိတ်သိမ်းမှုလုပ်ငန်းအသီးသီးကို လုပ်ကိုင်နေကြသည်။ လွန်ခဲ့သော ၄ နှစ်တာက ထိုဒေသတွင် တွေ့ရသည့်သူများလက်ထဲတွင် တောခုတ်ဓားများရှိသည်။ ယခု တောခုတ်ဓား ကိုင်ဆောင်ပါက ကင်းလှည့်လုံခြုံရေးတပ်ဖွဲ့ဝင်တို့ အထင်မှားပြီး အသက် အန္တရာယ်ကျရောက်နိုင်ကြောင်း ၎င်းတို့က ပြောကြသည်။ အဆိုပါလမ်းပေါ်ရှိ ပထမဆုံး တပ်ရင်းတစ်ခုကို ဖြတ်သန်းသွားလာသည့်အခါ တပ်မတော် ရဟတ်ယာဉ် ၅ စင်းကို တွေ့ရသည်။ တပ်ရင်းဘေးတွင်တော့ ခမီတိုင်းရင်းသားတို့ နေထိုင်သည့် ဝါးခုတ်တောင်ကျေးရွာ ရှိနေသည်။

တပ်ရင်းဘေးတွင်ရှိနေသည့်အတွက် သြဂုတ်လ ပဋိပက္ခဖြစ်ချိန်တွင် ထွက်ပြေးရန် မလိုအပ်ခဲ့ပေ။ သို့သော်လည်း မြို့တက်စျေးဝယ်ခြင်းကို လုံခြုံရေးအခြေအနေကြောင့် ကန့်သတ်ခံရသည့်အတွက် အခက်အခဲ ဖြစ်ခဲ့ဖူးကြသည်ဟု ပြောသည်။ ဝါးခုတ်တောင်ကျေးရွာကို ပတ်လည်ဝိုင်းနေသည့် မွတ်စလင်ကျေးရွာများတွင် နေထိုင်သူများ၊ အိမ်မွေးနှင့် လုပ်ငန်းသုံးတိရစ္ဆာန်များ မရှိကြတော့ပေ။ အိမ်များကတော့ အကောင်းအတိုင်း ကျန်ရစ်နေသည်။
အရှေ့ပြင်ရှည်ရွာဟုဆိုသည့် ရွာသို့ ရောက်မှ လူအရိပ်အချေ အနည်းငယ် မြင်ရသည်။ မည်သည့်အဖွဲ့အစည်းထံကမှ အကူအညီမရသေး၊ အာဏာပိုင်တို့က ရွာအတွင်း အိမ်ထောင်စုတစ်စုအတွက် ဆီပုလင်း အသေး၊ အာလူး ၇ လုံး၊ ကြက်သွန်နီ ၃ လုံးစီ ကူညီထားသည်ဟု ငှက်ဖျားတိုက်ဖျက်ရေးလုပ်ငန်းအတွက် ကျန်းမာရေးမှူးလုပ်ခဲ့သည့် မိုဟာမက်စော်လိမ်က ပြောသည်။

ရွာရှိ လူ ရဝဝ ကျော်ထဲမှ အများစုမှာ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သွားပြီဖြစ်ပြီး ရွာတွင် ၁ဝဝ ခန့်သာ ကျန်တော့သည်ဟု ဆိုသည်။ နံဘေးရှိ အနောက်ပြင်ရှည်ရွာမှ လူဦးရေ ၃ဝဝ နီးပါးမှာ ယခုအခါ ၂၉ ဦးသာ ကျန်ရှိတော့သည်။ အိမ်ရှိ ကျွဲ၊ နွား၊ ပရိဘောဂ ပစ္စည်းများကို ပြင်ပသို့ သွားရောက် ရောင်းချရင်း စားဝတ်နေရေးကို ဖြေရှင်းနေရာ နောက် ၁ဝ ရက်ကျော်ပါက ရောင်းချစရာကုန်တော့မည်ဟု ရွာတွင် ကျန်နေသူတစ်ဦးက သူ၏ အိမ်အတွင်း လိုက်ပြရင်းပြောသည်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြရသည့် အကြောင်းရင်းကိုလည်း ၎င်းတို့က ရှင်းပြသည်။ အာဏာပိုင်များနှင့် ဌာနေရင်းတိုင်းရင်းသားတို့က နှစ်ပေါင်းများစွာ ဖိနှိပ်မှု၊ အာဏာပိုင်များကို ကြောက်ရွံ့ရမှု၊ စီးပွားရေးအခွင့်အလမ်း နည်းပါးမှု၊ နိုင်ငံသားဖြစ်ခွင့် အလားအလာ နည်းပါးမှုတို့ကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

နိုင်ငံသားဖြစ်ခွင့်အတွက် လုပ်ဆောင်ရမည့်အဆင့်ဖြစ်သော စိစစ်မှတ်ပုံတင်ခြင်းကို အာဏာပိုင်တို့က ပြုလုပ်ပေးသော်လည်း အများစုက ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြခြင်းမှာ နောက်ကွယ်မှ ခြိမ်းခြောက်မှုကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ အသက်အန္တရာယ်ခြိမ်းခြောက်သူတို့က လူမျိုးအမည် ဘင်္ဂါလီဟု ရေးသွင်း မှတ်ပုံတင်ခြင်းကို မလိုလားကြဟု ဆိုသည်။
နိုင်ငံသားဖြစ်ခွင့်ရပါကလည်း အခြားသော တိုင်းရင်းသားများကဲ့သို့ ဒေသတွင်း လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရရန် မသေချာခြင်းကြောင့်လည်း စိစစ်မှတ်ပုံတင်လုပ်ငန်း အဆင့်ဆင့်တွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်မဝင်စားကြခြင်းဖြစ်ကြောင်း အနောက်ပြင်ရှည်ရွာက ဒုတိယကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိဆိုပ်က ပြောသည်။

အောက်တိုဘာ ၁၆
ဘူးသီးတောင်မှ မောင်တောမြို့ကို သွားရာလမ်းသည် ယခင်ကထက် ပိုမိုကောင်းမွန်လာပြီး မေယုမြစ်နံဘေး လမ်းခရီးကလည်း သာယာလှသည်။ မောင်တောမြို့ ၃ မိုင်ဂိတ်မှ ကြိမ်ချောင်းမြို့သို့ သွားရာလမ်းတွင် လူမနေတော့သည့် ရွာအများအပြားကို တွေ့မြင်ခဲ့ရသည်။ ရွာအားလုံးနီးပါး မီးလောင်ထားသည်။ အဝေးမှမြင်ရသော မီးမလောင်သေးသည့် အဆောက်အအုံကို အနီးကပ်သွားကြည့်သည့်အခါ စာသင်ကျောင်းဖြစ်နေတတ်သည်။
ကြိမ်ချောင်း မြို့သို့ရောက်သည့်အခါ သြဂုတ်လကုန်ပိုင်း အလစ်အငိုက်တိုက်ခိုက်ခံရသည့် ရဲကင်းမှ တပ်သားတချို့က လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံရသည့်နေရာကို လိုက်ပြသည်။ တိုက်ခိုက်ခံရချိန်တွင် စခန်းသို့ လာရောက် ခိုလှုံကြသူတို့လည်း ရှိကြောင်း၊ ၎င်းတို့တွင် တူးမီးသေနတ်များ ပါလာသည့်အတွက် တိုက်ခိုက်လာသူတို့ကို ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းခုခံကြကြောင်း ပြောကြသည်။ မီးသင့်ရွာ၊ ရပ်ကွက်၊ စျေးအတွင်း အသုံးဝင်သည့် ပစ္စည်းတချို့ကို သွားရောက်သယ်ဆောင်သူ၊ ကွမ်းသီးအတွက် ကွမ်းပင်အောက်ခြေခုတ်သူတို့လည်း ရှိနေသည်။
ထိုသို့ယူဆောင်ခြင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခွင့်ပြုသည်မှာ ၂ ရက်သာ ရှိသေးကြောင်း ပစ္စည်းများသယ်လာသူတစ်ဦးက ပြောပြသည်။
တောင်ပြိုလက်ဝဲဒေသတွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းတို့ကိုင်ရသည့် လက်နက်အရည်အသွေးအကြောင်း ပြောပြသည်။ ၂ ရက်ကြာ တိုက်ခိုက်ခံရစဉ်က ကိုင်တွယ်သည့် သေနတ်များသည် တစ်ကြိမ်လျှင် ၁၂ ချက်ခန့်သာ ပစ်နိုင်ကြောင်း၊ ကျည်မထွက်တော့သည့် သေနတ်ကို တူဖြင့်ထုပြီး ပြန်အသုံးပြုခဲ့ရကြောင်း ညည်းပြသည်။ တက်လာသော လူအုပ်ကြီးကို အလှည့်ကျစနစ်ဖြင့် ပစ်ခတ် ခုခံခဲ့ရကြောင်း၊ များသည်ထက်များလာသော လူအုပ်ကြီးသည် တပ်မတော်စစ်ကြောင်းရောက်လာမှ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြကြောင်း သူက ဆက်ပြောပြသည်။
ကြိမ်ချောင်းမှ ခမောင်းဆိပ်မြို့သို့ မှောင်ရီချိန်တွင် ရောက်သွားသောအခါ ပြန်လည်အခြေချနေထိုင်နေကြသူတချို့ကို တွေ့ရသည်။ ထိုနေရာတွင် ရဲ၊ စစ်သားများ တပ်စွဲထားသဖြင့် စိတ်ချလက်ချ ပြန်လည်ဝင်ရောက်လာကြခြင်းလည်း ဖြစ်နိုင်သည်။
တိုက်ခိုက်မှုနှင့်ရင်ဆိုင်ခဲ့ရသည့်ရဲတချို့က အတွေ့အကြုံများ ပြန်ပြောပြသည်။ သြဂုတ်လ ၂၅ သန်းခေါင်ကျော်တွင် ချောင်းတစ်ဖက်ကမ်းကျေးရွာများမှ ကြွေးကြော်သံများဖြင့် ချီတက်လာသူများထဲတွင် အမျိုးသမီးများလည်း ပါဝင်သည်၊ ၁ဝ ဦးခန့် ကျည်ဆန်ထိသွားမှ ပြန်ဆုတ်သွားသည်၊ အမည်းရောင်ဝတ်လူအုပ်တစ်ခုတွင် အနီရောင်ဝတ် ဦးဆောင်သူ တစ်ဦး အမြဲပါဝင်သည်၊ အနီရောင်ဝတ်သူ တိုက်ခိုက်ခံရလျှင် လူအုပ် ပြန်ဆုတ်သွားတတ်သည်ဟု ဆိုသည်။
ချောင်းကိုဖြတ်ပြီး မိနစ် ၂ဝ ခန့် သွားလိုက်သည်နှင့် ဟိန္ဒူအုပ်စုလိုက် သတ်ဖြတ်ခံရသော ရဲဘောက်ကျေးရွာကို လှမ်းမြင်ရသည်။ ထိုရွာလည်း မီးလောင်ပြာကျနေပြီဖြစ်သည်။ စခန်း မဆုံးရှုံးရေး ဦးစားပေးနေရသဖြင့် သွားရောက်ကူညီနိုင်ခြင်း မရှိဟု ဆိုသည်။
အောက်တိုဘာ ၁၇
ခမောင်းဆိပ်မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး ဒိုင်းနက်၊ သက်လူမျိုးတို့၏ ကျေးရွာဖြစ်သည့် အောင်ဇံရွာသို့ သွားသည့်လမ်းတလျှောက် ကျေးရွာများအားလုံး မီးလောင်ထား သည်။ သွားရေးလာရေး ခက်ခဲသည့် အောင်ဇံကျေးရွာတွင် နေထိုင်သူများထံသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း အရောက်အပေါက် အလွန်နည်းသည်၊ ပဋိပက္ခဖြစ်စဉ်တွင် အများစုက အနီးအနားရှိ တောတောင်များတွင်သာ ရှောင်ပုန်းခဲ့ကြသူများဖြစ်သည်။

အောင်ဇံရွာမှ မောင်တော၊ ဘူးသီးတောင်သို့ ပြန်ရာလမ်းရှိ သက်လူမျိုးတို့၏ ကျေးရွာသို့ရောက်ရှိသည့်အခါ ပဋိပက္ခနှင့် တစ်ကြိမ်ထက်မနည်း ကြုံခဲ့ရဖူးသော ဒေသခံတို့ကို တွေ့ရသည်။ ယခင်က ပဋိပက္ခအပြီးတွင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများထံမှ ထောက်ပံ့မှုမှာ ခွဲခြားကန့်သတ်မှုတို့ ရှိခဲ့သည်ဟု ဆိုသည်။



