အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ကမ္ဘာ့တရားရုံးရှေ့မှောက် မြန်မာစစ်ဗိုလ်ချုပ်များ၏ ငြင်းဆိုခြင်း အတတ်ပညာ

စစ်တပ်၏ လတ်တလော လူသတ်၊ ရွာမီးရှို့လုပ်ရပ်များကဲ့သို့သော ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် ဖြစ်စဉ်များအတွက် ICJ ခုံရုံးတွင် ဖြေရှင်းနေရမှုနှင့် နောက်ဆုံး အခြေအနေကို ဆောင်းပါးရှင် သုတဇော်က တင်ပြထားသည်။

၂၀၂၆ ခုနှစ် နှစ်သစ်အဖွင့် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မြန်မာ့အရေးကို တဖန်ပြန်၍ တွေ့မြင်လာရသည်။ ဤတစ်ကြိမ်တွင် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်တပ်၏ ဖိနှိပ်ရက်စက်မှုများကြောင့် ရိုဟင်ဂျာလူမျိုး သိန်းနှင့်ချီ  အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရသောဖြစ်ရပ်နှင့် ပတ်သက်ပြီး  လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဖြင့် ဂမ်ဘီယာနိုင်ငံက  ကမ္ဘာ့တရားရုံး (International Court of Justice – ICJ) တွင် တရားစွဲဆိုထားသောအမှုကို ကမ္ဘာသိ စတင်ကြားနာစစ်ဆေးခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကြာမြင့်မည့် တရားစီရင်ခန်းသည် နယ်သာလန်နိုင်ငံ ဟိတ်မြို့ရှိ ICJ တရားရုံးရှေ့မှောက်တွင် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့မှ နှစ်ဖက်ကိုယ်စားလှယ်များ၊ ရှေ့နေများက စွဲချက်တင် လျှောက်လဲခြင်းနှင့် ပြန်လည်ချေပခြင်းတို့ကို လုပ်ဆောင်ကြမည်ဖြစ်သည်။ 

တရားစီရင်မှု ပထမအကျော့ ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ပြီး ဂမ်ဘီယာဘက်က လေးရက်ကြာ လျှောက်လဲခဲ့ပြီး၊ ဇန်နဝါရီလ ၁၆ ရက် ၊ ၁၉ ရက် နှင့် ၂၀ ရက်နေ့တို့တွင် မြန်မာဘက်က ပြန်လည်ထုချေ လျှောက်လဲခဲ့သည်။ ယင်းနောက် ICJ တရားသူကြီးများသည် အမှုနှင့် တိုက်ရိုက်ပတ်သက်သော သက်သေများကို ဇန်နဝါရီလ ၂၁ ရက် ၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင်  တံခါးပိတ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်၍ အများပြည်သူသို့ ထုတ်လွှင့်ပြသမည် မဟုတ်ပါ။ တရားစီရင်ရေးလုပ်ငန်းစဉ်၏ နောက်ဆုံးပိုင်းအဖြစ် ဒုတိယအကျော့ လျှောက်လဲချက်များ ရှိလာမည် ဖြစ်ရာ ဇန်နဝါရီလ ၂၆ ရက် – ၂၉ ရက်နေ့အထိ ဂမ်ဘီယာနှင့် မြန်မာနှစ်ဖက်လုံးက အပြီးသတ် လျှောက်လဲကြမည် ဖြစ်သည်။   

ICJ တရားစီရင်ခန်း၏ ဗဟိုချက်တွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များက ဖြစ်ပွားခဲ့သော အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး လက်နက်ကိုင်အဖွဲ့ (Arakan Rohingya Salvation Army – ARSA) က ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှုများ၊ အထူးသဖြင့် မြန်မာစစ်တပ်၏ ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး” (Clearance Operation) စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာလူမျိုး ခုနစ်သိန်းကျော် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရပြီး၊ အရေအတွက် အတိအကျမသိနိုင်သော သေဆုံးမှုများ၊  ကျေးရွာများစွာ မီးရှို့ ဖျက်ဆီးခံခဲ့ရမှု ဖြစ်စဉ်တို့က အဓိက ဖြစ်သည်။ သို့ရာတွင် “ရိုဟင်ဂျာ” ဆိုသည့် အမည်နာမနှင့် သမိုင်းဆိုင်ရာနောက်ခံ အချက်အလက်များက ထိုပြဿနာအပေါ် အရိပ်မဲကြီး ထိုးကျနေပုံကိုလည်း အထင်အရှား တွေ့မြင်ရသည်။

ICJ တရားသူကြီးများသည် တရားစီရင်မှုလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ကမ္ဘာသိထုတ်လွှင့်ပြသလျက် ရှိသည်။ ထို့အပြင် ဂမ်ဘီယာနှင့် မြန်မာ နှစ်ဖက်လျှောက်လဲချက်များကို ICJ ၏ အင်တာနက်စာမျက်နှာတွင် အများပြည်သူ လေ့လာနိုင်ရန် စာဖိုင်များ အပြည့်အစုံ ဖြန့်ဝေထားခြင်းဖြင့် တရားစီရင်မှု၏ ပွင့်လင်းမြင်သာသောစံနှုန်းကို ICJ က ကျင့်သုံးလျက်ရှိကြောင်း သိသာထင်ရှားစေသည်။  

မိုင်ထောင်ချီဝေးကွာသော နိုင်ငံနှစ်ခု၏ တရားရင်ဆိုင်ပွဲ

ဂမ်ဘီယာသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာထောင်ချီ ကွာလှမ်းသော အနောက်အာဖရိက နိုင်ငံငယ်တစ်ခု ဖြစ်သည်။ ထိုနိုင်ငံငယ်လေးက အရှေ့တောင်အာရှဒေသက မြန်မာနိုင်ငံကို အဘယ်ကြောင့် ICJ တွင် တရားစွဲခွင့် ရှိနေပါသနည်း။

ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့သည် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ပြဋ္ဌာန်းခဲ့သော Convention on the Prevention and Punishment of the Crime of Genocide ကို လက်မှတ်ထိုးထားကြသော အဖွဲ့ဝင်နိုင်ငံများ ဖြစ်နေသည့်အချက်က ယနေ့ တွေ့မြင်နေရသော တရားရင်ဆိုင်မှု ဖြစ်ပေါ်လာခြင်း၏ ဆက်နွယ်မှု ဖြစ်သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှု ကွန်ဗင်းရှင်းသည် ဒုတိယကမ္ဘာစစ်အပြီး၊ နာဇီ ဂျာမဏီအာဏာရှင် ဟစ်တလာက ဂျူးလူမျိုး ခြောက်သန်းကို သတ်ဖြတ်သုတ်သင်ရှင်းလင်းမှုကဲ့သို့သော အမှုကြီးများ ထပ်မံမဖြစ်ပေါ် စေရန် တားဆီးကာကွယ်ရေးအတွက် ပထမဆုံး ပြဋ္ဌာန်းခဲ့သော နိုင်ငံတကာကွန်ဗင်းရှင်းလည်း ဖြစ်သည်။ 

ကွန်ဗင်းရှင်း၏ ပုဒ်မ ၉ တွင် အဖွဲ့ဝင်နိုင်ငံများအကြား လူမျိုးသုဉ်းသတ်ဖြတ်မှု ကွန်ဗင်းရှင်းကို အဓိပ္ပာယ်ဖွင့် ဆိုခြင်း၊ ကျင့်သုံးခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ပုဒ်မ ၃ တွင်ဖော်ပြထား သော အချင်းအရာတစ်ခုခုကို ကျူးလွန်ကြောင်း အငြင်းပွားမှု ဖြစ်ခဲ့လျှင်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံတစ်ခုက အခြား အဖွဲ့ဝင်နိုင်ငံတစ်ခုကို တရားစွဲဆိုခွင့်ရှိသောကြောင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် တရားစွဲခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၃ တွင် နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးစု သို့မဟုတ် ဘာသာရေးအရ လူအုပ်စုတစ်ခုကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်စုလုံးအား လူမျိုးသုဉ်းသတ်ဖြတ်မှုဟု သတ်မှတ်သော အချင်းအရာ (၅) မျိုးကို ဖော်ပြထားပြီး၊ ၎င်းတို့မှာ (၁) သတ်ဖြတ်ခြင်း၊ (၂) ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းကို အပြင်းအထန် ထိခိုက်နာကျင်စေခြင်း၊ (၃) ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှုများကို အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြင့် ရပ်တည် ရှင်သန်နိုင်မှု ခက်ခဲအောင်လုပ်ဆောင်ခြင်း၊ (၄) ကလေးမွေးဖွားမှုဆိုင်ရာ တားမြစ်ချက်များ ထုတ်ပြန်ခြင်း နှင့် (၅) အခြား လူအုပ်စုတစ်စုထံသို့ ကလေးငယ်များကို အတင်းအကျပ်လွှဲပြောင်းပေးခြင်းတို့ ဖြစ်သည်။ 

ဂမ်ဘီယာ၏ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှုနှင့် ဆက်နွယ်သော သက်သေအထောက်အထားများကို အချိန်ကာလအားဖြင့် ခြောက်နှစ်ကြာ စစ်ဆေးလာခဲ့ပြီးနောက် ICJ သည် ယခုအခါ တရားစီရင်မှုကို စတင်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ခြောက်နှစ်ကြာကာလအတွင်း မြန်မာကို တရားစွဲမှုတွင် ဂမ်ဘီယာဘက် ရပ်တည်၍ ပူးပေါင်းပါလာသော နိုင်ငံ (၁၁) နိုင်ငံရှိသည်။ ထိုနိုင်ငံများသည် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ မော်လဒိုက်၊ ဆလိုဗေးနီးယားနှင့် ကွန်ဂိုနိုင်ငံတို့ ဖြစ်သည်။ အဆိုပါ ၁၁ နိုင်ငံကလည်း ၎င်းတို့၏ လေ့လာတွေ့ရှိချက်များကို ICJ တရားရုံးတော်သို့ တင်သွင်းခဲ့ကြသည်။

စွဲချက်တင်သူ ဂမ်ဘီယာအစိုးရနှင့် ခုခံချေပသူ မြန်မာစစ်ကော်မရှင်

ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားစီရင်ခန်း ပထမနေ့တွင် ဂမ်ဘီယာနိုင်ငံ၏ကိုယ်စားလှယ် ရှေ့နေချုပ်နှင့် တရားရေးဝန်ကြီး Mr. Dawda Jallow က စတင်လျှောက်လဲခဲ့သည်။ ၂၀‌၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးများကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း၊ မုဒိမ်းပြုကျင့်ခဲ့ခြင်း၊ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း၊ သိန်းနှင့်ချီသော ရိုဟင်ဂျာလူမျိုးများ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရခြင်း စသည့် လုပ်ရပ်များကို မြန်မာစစ်တပ် ဆောင်ရွက်ခဲ့ခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ရှိရှိ (Genocidal Intent) ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဂမ်ဘီယာက အဓိက စွဲချက်တင်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလက မောင်တောမြို့အနီး မီးလောင်ထားသော ကျေးရွာတစ်ရွာ၏ မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ – Myanmar Now)

ဂမ်ဘီယာနိုင်ငံ၏ စွဲချက်တင်မှုအတွက် သက်သေအထောက်အထားများမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော United Nations Fact-Finding Mission (FFM) ၏ အစီရင်ခံစာများနှင့် ၎င်းကို ဆက်ခံသော International Investigative Mechanism for Myanmar (IIMM) ကို အဓိက ကျောရိုး ပြုထားပြီး၊ အသက်ရှင်လွတ်မြောက်လာသော ရိုဟင်ဂျာလူမျိုးများ၏ သက်သေထွက်ဆိုချက်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာများ ဖြစ်သည်။  ဂမ်ဘီယာနိုင်ငံသည် ထိုအမှုအခင်းကို ကိုယ်တိုင်ကြုံတွေ့ရခြင်း မဟုတ်သဖြင့် FFM ၏ အစီရင်ခံစာကို အဓိက အားကိုးအားထားပြုရသည်မှာ ထင်ရှားပါသည်။  

Mr. Dawda Jallow က  ဂမ်ဘီယာနိုင်ငံသည် စစ်အာဏာရှင်စနစ်အောက် ဆယ်စုနှစ် နှစ်ခုအကြာ နေထိုင်ဖြတ်သန်းခဲ့ရပြီး၊ စစ်အစိုးရက ပေးခဲ့သော ဆင်းရဲဒုက္ခများကို ခံစားဖူးသော သမိုင်းကြောင်းရှိသဖြင့် ကမ္ဘာ့ဘယ်နေရာဒေသတွင်ဖြစ်ဖြစ် လူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန် တာဝန်ဝတ္တရားရှိသည်ဟု ယူဆ၍ မြန်မာနိုင်ငံသည် ရိုဟင်ဂျာလူမျိုးများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းအပေါ် တရားစွဲခြင်းဖြစ်သည်ဟု  လျှောက်လဲချက်ပေးသည်။

အဆိုပါ ရက်စက်မှုများ ကျူးလွန်သူတို့ အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေသည့် သံသရာ စက်ဝန်းထဲမှ မြန်မာနိုင်ငံ ရုန်းမထွက်သေးကြောင်း၊   ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်ရန် အမိန့်ပေးခဲ့သော စစ်တပ်၏ခေါင်းဆောင် မင်းအောင်လှိုင်သည် ပိုမိုအတင့်ရဲလာပြီး၊ အရပ်သား အစိုးရကိုပင် အာဏာသိမ်း၍ ယခုအခါ ရိုဟင်ဂျာလူမျိုးများသာမက နိုင်ငံအနှံ့ရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးသည် စစ်တပ်၏ အကြမ်းဖက်မှုများနှင့် ရက်စက်သတ်ဖြတ်မှုများကို ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း လျှောက်လဲခဲ့သည်။

ရခိုင်ပြည်နယ်ထဲက မင်းကြီး၊ ချွတ်ပျင်နှင့် မောင်နု ရိုဟင်ဂျာကျေးရွာများတွင် စစ်တပ်၏ “နယ်မြေရှင်းလင်းရေး” (Clearance Operations) စစ်ဆင်ရေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး၊ အသက်ရှင်လွတ်မြောက်လာသည့် ရိုဟင်ဂျာ သုံးဦးကိုလည်း မျက်မြင်သက်သေများအဖြစ် ICJ တရားသူကြီးများက တံခါးပိတ်စစ်ဆေးသွားမည် ဖြစ်သည်။  

ဇန်နဝါရီလ ၁၆ ရက်နေ့ မြန်မာနိုင်ငံက ခုခံချေပရမည့်အလှည့် ရောက်ရှိလာချိန်တွင် ဂမ်ဘီယာ၏ စွဲချက်များကို စစ်ကော်မရှင်၏ ကိုယ်စားလှယ် ကိုကိုလှိုင်က “ဒီအမှုကို ဆုံးဖြတ်ရာမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင် ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုများကို ချန်လှပ်ထားလို့ မရပါ။ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် “နယ်မြေရှင်းလင်းရေး” (Clearance Operations) များ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါတယ်” ဟု ချေပသည်။ 

“ဒီနေရာမှာ အထူးရှင်းပြလိုတာကတော့ ဒီအသုံးအနှုန်းဟာ စစ်ဘက်ဆိုင်ရာ အသုံးအနှုန်း (Term of military art) တစ်ခုသာဖြစ်ပြီး၊ သောင်းကျန်းမှုနှိမ်နင်းရေး သို့မဟုတ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ရည်ညွှန်းပါတယ်။ ဒီအသုံးအနှုန်းကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုမှု ရှိပါတယ်။ ဂမ်ဘီယာအနေနဲ့ တိကျမှုမရှိတဲ့ အချက်အလက်များကို အခြေခံပြီး တရားရုံးကို ဆုံးဖြတ်ချက်ချစေရန် ကြိုးပမ်းနေပါတယ်” ဟု သူက ဆက်လက်ခုခံချေပခဲ့သည်။

သို့သော် ICJ တရားသူကြီးများရှေ့တွင် ကိုကိုလှိုင်က “ပဋိပက္ခများရဲ့ နောက်ဆက်တွဲအနေနဲ့ သေဆုံးမှုများရှိခဲ့ပြီး၊ လူအများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ အခြားသော လက်နက်ကိုင် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများ၊ မြန်မာနိုင်ငံရဲ့ အခြားဒေသများတွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်များ ကဲ့သို့ပင် ဒေသခံပြည်သူများအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်” ဟု ဝန်ခံထွက်ဆိုခဲ့သည်။  

မြန်မာဘက်က ချေပလျှောက်လဲချက်တွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကာလ  ရခိုင်ပြည်နယ် နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများသည် ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကို စစ်တပ်က တုံ့ပြန်သော အကြမ်းဖက်မှုနှိမ်နှင်းသည့် စစ်ဆင်ရေးသာ ဖြစ်ပြီး၊ ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားသကဲ့သို့ လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းမရှိကြောင်း အဓိက ငြင်းဆိုသည်။ ၎င်း၏ ငြင်းဆိုချက်ကို သက်သေပြသည့်အနေဖြင့် လတ်တလော ကျင်းပလျက်ရှိသော ရွေးကောက်ပွဲတွင် ရိုဟင်ဂျာလူမျိုး ၁၅၄,၀၄၉ ဦး မဲပေးခဲ့ကြောင်း လျှောက်လဲခဲ့ သည်။ 

ဤအမှုတွင် ဂမ်ဘီယာနိုင်ငံဘက်က “ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းကို သုံးစွဲပြီး၊ မြန်မာဘက်မှ ရိုဟင်ဂျာလူမျိုး မရှိကြောင်း၊ “ဘင်္ဂါလီ” လူမျိုးသာရှိကြောင်း ထွက်ဆိုသည်။ ဤအမှု၏ အငြင်းပွားဖွယ်အဖြစ်ဆုံးမှာ  လူမျိုးအမည်ဆိုင်ရာ ပြဿနာ ဖြစ်သည်။ ကိုကိုလှိုင်၏ လျှောက်လဲချက် အပြည့်အစုံကို စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းတွင် ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြခဲ့ရာတွင်လည်း ဘင်္ဂါလီ ဟုသာ သုံးနှုန်းဖော်ပြသည်။ အဆိုပါ လူမျိုးအမည် ပြဿနာကို ICJ တရားသူကြီးများ မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်း ဆိုသည့်အချက်က စိတ်ဝင်စားဖွယ်ကောင်း လှပါသည်။

ရှင်းလင်းသော ရက်စက်မှု သက်သေများအပေါ် ရှုပ်ထွေးသော ဥပဒေဆိုင်ရာ ငြင်းဆိုချက်များ

ဂမ်ဘီယာနှင့် မြန်မာ နှစ်နိုင်ငံကိုယ်စားလှယ်များက ICJ တရားသူကြီးများ ရှေ့မှောက်တွင် အသီးသီး လျှောက်လဲချက်များ ပေးခဲ့ကြပြီးနောက်၊ ၎င်းတို့၏ လျှောက်လဲချက်များအပေါ် ဥပဒေဆိုင်ရာ သက်သေပြချက်များကို နှစ်ဖက် ရှေ့နေအဖွဲ့တို့က ဥပဒေရေးရာစွဲချက်များနှင့် ငြင်းဆိုချက်များကို အသေးစိတ် တင်ပြခဲ့ကြသည်။

မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေအဖွဲ့၏ အဓိက ချေပချက်သည် ဂမ်ဘီယာနိုင်ငံက စွပ်စွဲသူဖြစ်သောကြောင့် စွပ်စွဲချက် မှန်ကန်ကြောင်း သက်သေပြရန်တာဝန် (Burden of Proof)  ရှိပြီး၊ ICJ ကို တင်ပြခဲ့သော သက်သေ အထောက်အထားများသည် FFM ၏ အစီရင်ခံစာပါ အချက်များဖြစ်၍ ခိုင်မာမှုမရှိကြောင်း ငြင်းဆိုခဲ့သည်။ 

မြန်မာ ရှေ့နေအဖွဲ့၏ လျှောက်လဲချက်များတွင် ဖြစ်စဉ်တစ်ခုချင်းအလိုက် ဂမ်ဘီယာနိုင်ငံက ICJ သို့ တင်သွင်းထားသော အထောက်အထားများကို သက်သေအထောက်အထားမြောက်ခြင်း မမြောက်ခြင်း ဆိုသည့် ဥပဒေဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များကို အဓိက အားကိုးအားထားပြု ငြင်းဆိုခဲ့ကြကြောင်း လေ့လာတွေ့ရှိရသည်။

စင်စစ် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာလူမျိုးများကို ပစ်မှတ်ထား ပြီး၊ ၎င်းတို့နေထိုင်သော ကျေးရွာအများအပြားကို စစ်တပ် က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းနှင့် အစုအပြုံလိုက် သတ်ဖြတ်ပြီး မြေမြှုပ်ထားခြင်း၊ သိန်းနှင့်ချီထွက်ပြေးမှုများ ဖြစ်ပွားခဲ့ခြင်းတွင် မြန်မာပြည်သူများသာမက၊ ကမ္ဘာကြီးကပါ ခေတ်မီဆက်သွယ်ရေး နည်းပညာများကြောင့် ဂြိုဟ်တုမြေပုံများ၊ ဓာတ်ပုံများနှင့် ရုပ်သံမှတ်တမ်းများ တွေ့မြင်ကြားသိခွင့် ရခဲ့ကြသည်။ 

သို့သော် ကလေးများအပါအဝင် ရိုဟင်ဂျာလူမျိုးများကို အစုအပြုံလိုက် အိမ်တစ်ခုထဲ ပိတ်လှောင်ပြီး၊ မီးရှို့သတ် ဖြတ်ခြင်း၊ လည်ပင်းကို ဓားဖြင့် လှီးဖြတ်သတ်ခြင်း၊ အမျိုးသမီးများကို အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့ခြင်းစသည့် စွပ်စွဲ ချက်များသည် ထိုဖြစ်ရပ်များကို ကိုယ်တွေ့မြင်တွေခဲ့ရပြီး အသက်ရှင်လွတ်မြောက်လာသူ အချို့ကို FFM က စုံစမ်းမေးမြန်းမှုအပေါ် အခြေခံ ထွက်ဆိုထားသော အချက်အလက်များ ဖြစ်သည်။ ထိုအချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့ က ငြင်းဆိုထားပြီး၊ ရှေ့နေများကလည်း သက်သေအထောက်အထား မခိုင်မာဟု ငြင်းဆိုထားသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြုလုပ်မည့် တံခါးပိတ်ကြားနာစစ်ဆေးမှုတွင် ဂမ်ဘီယာဘက်က တင်သွင်းသော မျက်မြင် သက်သေ သုံးဦး၏ ထွက်ဆိုချက်များက မြန်မာကိုယ်စားလှယ်အဖွဲ့၏ ငြင်းဆိုချက်ကို ချေဖျက်နိုင်ခြင်း ရှိ မရှိ ဆိုသည်မှာ ယခု ICJ တရားစီရင်ခန်း၏ အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ရှိနေပါလိမ့်မည်။  

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် ဖြစ်စဉ်များသည် ယနေ့ကာလ နိုင်ငံအနှံ့တွင် တွေ့မြင်နေရသော စစ်တပ်က အာဏာသိမ်းမှုကိုဆန့်ကျင်သော ရပ်ရွာများကို အကြမ်းဖက်မှုနှိမ်နင်းရေး ခေါင်းစဉ်တပ်၍ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးသည့် လုပ်ရပ်များနှင့် ဆင်တူသည်။ ထို့အပြင် ကျေးရွာများကို ဝင်ရောက်စီးနင်းစဉ် အရပ်သားပြည်သူများကို ဥပဒေမဲ့သတ်ဖြတ်ခြင်း (Extrajudicial Killings) များနှင့် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများသည် နိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။ စစ်တပ်၏ ရက်စက်မှုများကြောင့် ရိုဟင်ဂျာလူမျိုး ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ရသလို၊ အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ သုံးသန်းကျော် နိုင်ငံအတွင်း စစ်ပြေး ဒုက္ခသည်များအဖြစ် ထွက်ပြေးနေရသည်။ 

သို့သော် မတူညီသောအချက်သည် ၂၀၁၇ ခုနှစ် ရခိုင် ပြည်နယ်ဖြစ်စဉ်တွင် ရိုဟင်ဂျာလူမျိုး တစ်မျိုးတည်းကို ပစ်မှတ်ထား ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူမျိုးသုဉ်းသတ်ဖြတ်မှု ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက လိုက်နာခြင်း မရှိ၊ ချိုးဖောက်ခဲ့သည် ဟု ဂမ်ဘီယာနိုင်ငံက ICJ တွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။ 

စစ်ကော်မရှင်သည် ICJ တရားရင်ဆိုင်မှု ရှုံးနိမ့်ပါက နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုအမှုဖြင့်ပင် ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခံရပြီး ကြီးစွာအကျိုးသက်ရောက်လိမ့်မည် ဖြစ်သည်။ ICJ တွင် လတ်တလောရင်ဆိုင်နေရချိန် ပြည်တွင်း၌ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပလျက်ရှိပြီး စစ်ကော်မရှင်က ရွေးကောက်ခံအစိုးရအသွင် ပြောင်းလဲရန် ကြိုးစားနေသည်။ ထို့ကြောင့် ထိုရွေးကောက်ပွဲကို မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်နေသော အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး (အာဆီယံ) က အသိအမှတ်ပြုလက်ခံမည် မဟုတ်ကြောင်း မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏အာဏာတည်မြဲရေးနှင့် တရားဝင်ရေးအတွက် ရုရှားနှင့် တရုတ်နိုင်ငံကဲ့သို့ အင်အားကြီးနိုင်ငံကြီးများ၏ အကာအကွယ်ပေးမှုကို အလွန်အမင်းလိုအပ်နေခြင်း ဖြစ်သည်။ အကယ်၍ ICJ က ချမှတ်လိုက်သော စီရင်ချက်ကို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရန် ငြင်းဆန်လျှင်၊ ထိုအမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ ရောက်ရှိသွားနိုင်ပြီး၊ လုံခြုံရေးကောင်စီ၏ အရေးယူမှုကို ဗီတိုအာဏာသုံးပိုင်ခွင့်ရှိသော အမြဲတမ်းအဖွဲ့ဝင် ရုရှားနှင့် တရုတ်နိုင်ငံတို့၏ အကာအကွယ်ပေးမှုရရှိရန် အရေးကြီးပါသည်။ ထိုနှစ်နိုင်ငံ၏ အကျိုးစီးပွားများကို မြန်မာနိုင်ငံထဲတွင် လွတ်လပ်စွာ တိုးချဲ့ခွင့်ပေးခြင်းဖြင့် မင်းအောင်လှိုင်က တိုင်းပြည်၏ အချုပ်အခြာအာဏာ လွတ်လပ်မှုနှင့် အပေးအယူလုပ်ထားသည်မှာ သေချာပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။

Related Articles

Back to top button