အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်တွင် ဇူလိုင်လအတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ၁၇ ဦးသေဆုံး၊ ၇၄ ဦးဒဏ်ရာရ

စစ်တပ်သည် AA ထိန်းချုပ်နယ်မြေများထဲမှ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော(ဝီရဌာနီ)၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဂွနှင့် သံတွဲ မြို့နယ်တို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဂွ၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် ထိခိုက်မှု အများဆုံးဖြစ်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသောနယ်မြေတို့၌ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇူလိုင်လ တစ်လတည်းတွင် စစ်သုံ့ပန်း လေးဦးနှင့် အရပ်သား ၁၃ ဦး သေဆုံးပြီး၊ အရပ်သား ၇၄ ဦးဒဏ်ရာရခဲ့သည်။

စစ်တပ်သည် AA ထိန်းချုပ်နယ်မြေများထဲမှ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော(ဝီရဌာနီ)၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဂွနှင့် သံတွဲ မြို့နယ်တို့ကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဂွ၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် ထိခိုက်မှု အများဆုံးဖြစ်ပေါ်ခဲ့သည်။

သံတွဲနှင့် ဂွတို့ကို စစ်တပ်က ဗုံးအဆက်မပြတ်ကြဲနေခြင်းမှာ ၎င်းနှင့်နယ်မြေထိစပ်နေသော ဧရာဝတီတိုင်းအတွင်း မြို့နယ်တို့တွင် အာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားနေသောကြောင့်ဟု သံတွဲမြို့နယ်မှ အသက် ၄၅ နှစ်အရွယ် သံတွဲဒေသခံအမျိုးသားတစ်ဦးက သုံးသပ်သည်။

“ဧရာဝတီမှာ သူတို့စစ်ရှုံးနေတဲ့အတွက် ဒီဘက်ကို နယ်မြေချင်းထိစပ်နေလို့ အဓိက ကြဲတဲ့သဘောပဲ။ ပြည်သူလူထုကို သတ်ပြနေတာ။ ပြည်သူတွေ ထိတ်လန့်နေကြတယ်”ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် စစ်စခန်းသုံးခုထက်မနည်းကို AA ကတိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေသောကြောင့် ထိုသို့ဗုံးကြဲတိုက်ခိုက်နေခြင်းဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

“အရပ်သားနေထိုင်တဲ့နေရာတွေကို AA နေထိုင်တယ်ဆိုပြီး သီးသန့် ဝါဒဖြန့်ပြီးတော့ အရပ်သားတွေကို ဒုက္ခပေးနေတာ” ဟု ၎င်းကဆိုသည်။

ဇွန် ၂၄ က သံတွဲမြို့ကို လေကြောင်းဖြင့်ဗုံးကြဲမှု​ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ ။ဓာတ်ပုံ-AA

ဇူလိုင်လအတွင်း စစ်တပ်၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်တွင် စစ်သုံ့ပန်း ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံ့ပန်း လေးဦးသေဆုံးသည်။ ဘူးသီးတောင်တွင် ဒေသခံ တစ်ဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရသည်။

ဂွမြို့နယ်တွင် လေးဦးသေဆုံး၊ ကိုးဦးဒဏ်ရာရရှိပြီး တောင်ကုတ်မြို့နယ်တွင် ငါးဦးသေဆုံး ၂၂ ဦး ဒဏ်ရာရရှိသည်။ ပေါက်တော(ဝီရဌာနီ) တွင် နှစ်ဦးဒဏ်ရာရပြီး ပုဏ္ဏားကျွန်းတွင် သုံးဦးဒဏ်ရာရသည်။

အလားတူ သံတွဲမြို့နယ်တွင် ၂၂ ဦးဒဏ်ရာရ၊ သုံးဦးသေဆုံးသွားပြီး နေအိမ် ၃၀ ထက်မနည်းပျက်စီး ဆုံးရှုံးမှုရှိခဲ့ကြောင်း Myanmar Now က ပြုစုထားသည့် စာရင်းများအရ သိရသည်။

စစ်လေယာဥ်များသည် ကောင်းကင်ပေါ်တွင် အမြဲတမ်း ပျံသန်းသွားလာနေသောကြောင့် ဗုံးကြဲချမည်ကို စိုးရိမ်နေရကြောင်း ကျောက်တော်မြို့နယ်မှ အသက် ၂၈ အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။

“လေယာဥ်တွေက အချိန်တိုင်းလိုလိုသွားလာနေကြတယ်။ ခရီးသည်တင် လေယာဥ်လား၊ ဂျက်လေယာဥ်လား မသိဘူး။ လေယာဥ်အသံကြားတာနဲ့ ကြောက်နေရပြီ။ ဗုံးချရင် ဘာမှမတတ်နိုင်ဘူး။အသက်လုံခြုံမှုဘာမှမရှိဘူး”ဟု ၎င်းကဆိုသည်။

ထိုသို့ လေကြောင်းအန္တရာယ်ရှိနေသောကြောင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရာတွင်လည်း အခက်အခဲများရှိကြောင်း ထိုအမျိုးသမီးကပြောသည်။

“စျေးမှာဆိုင်ရောင်းနေတုန်း လေယာဥ်လာရင် ဆိုင်ကိုပစ်ထားခဲ့ပြီး ထွက်ပြေးရတယ်။ လေယာဥ်သံကို နားစွင့်နေရလို့ အလုပ်လုပ်ရတာလည်းအဆင်မပြေဘူး။ ပင်ပန်းကြတယ်”ဟု ၎င်းကဆိုသည်။

စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဒေသတွင်  ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သေဆုံးသူ ၈၃ ဦး၊ ဒဏ်ရာရရှိသူ ၁၈၇ ဦးရှိခဲ့ပြီး ၆၅ ဦးဖမ်းဆီးခံရကြောင်း AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO) က ဇူလိုင်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA)နှင့် စစ်တပ်သည် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့်ကျောက်ဖြူတို့တွင်တိုက်ပွဲ ဖြစ်ပွားနေ သည်။ ချင်းပြည်နယ်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး စသည့် AA လှုပ်ရှားရာနေရာများတွင်လည်း စစ်တပ်နှင့်တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button