ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မတ် ၂၉ ရက်နေ့က အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦး ချုံခို တိုက်ခိုက်ခံရသဖြင့် သေဆုံးသွားသည်ဟု ဒေသခံများက ပြောကြသည်။
မွန်းတည့် ၁၂ နာရီခန့်က တောင်ပြို-ကြိမ်ချောင်းကားလမ်းတွင် ကင်းလှည့်နေစဥ် အာရကန်လွတ်မြောက်ရေးအဖွဲ့ (ARSA) က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။
“မြို့ပြင်အနီးမှာ ကင်းလှည့်တာမှာ ဖြစ်သွားတာပါ” ဟု ၎င်းက ဆိုသည်။
အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်၊ ARSA အဖွဲ့အမည် စာတန်းထိုးထားသည့် ရုပ်သံမှတ်တမ်း တွင် ချုံများကြားမှလက်နက်ကိုင်တချို့ အဆက်မပြတ်ပစ်ခတ်နေသည်ကို တွေ့ရပြီး AA တပ်ဖွဲ့ဝင် ၂ ဦးမှာ ၎င်းတို့စီးလာသည်ဟုယူဆရသည့် ဆိုင်ကယ်အနီးလဲကျနေသည်ကို တွေ့ရသည်။
ထို့နောက် AA တပ်ဖွဲ့ဝင်များက အဆိုပါနေရာပတ်ဝန်းကျင်ကို လိုက်လံနယ်မြေရှင်းလင်းသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရိုဟင်ဂျာလက်နက်ကိုင်များဖြစ်သော ARSA နှင့် RSO (ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့) တို့၏ အန္တရာယ်ကြောင့် မောင်တောဒေသခံများ သတိဖြင့်သွားလာနေရသည်ဟု အထက်ပါသတင်းရင်းမြစ် က ပြောသည်။
“အမြဲတမ်းစိုးရိမ်နေရတယ်။ အစစအရာရာ သတိနဲ့နေရတယ်။ အသွားအလာကအစပေါ့။ ဘယ် အချိန်ဝင်တိုက်ခိုက်မလဲဆိုတာ သတိနဲ့နေရတယ်”ဟု ၎င်းက ဆိုသည်။
ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသည်ဆိုသောကိစ္စနှင့်ပတ်သက်၍ AA ၏ တုံ့ပြန်ပြောဆိုချက် မရသေးပေ။
ထိုပစ်ခတ်မှုအပြီး မောင်တောမြို့နယ်မြောက်ပိုင်းဒေသတစ်ခုလုံးကို AA က ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားကြောင်း ရိုဟင်ဂျာမြန်မာသတင်းဌာနဖြစ်သော The Arakan Express News က ကြိမ်ချောင်းရွာဒေသခံများကို ကိုးကား၍ ယမန်နေ့က သတင်းဖော်ပြထားသည်။
ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့များဖြစ်သော မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို သာမက ARSA အပါအဝင် ရိုဟင်ဂျာလက်နက်ကိုင် ၃ ဖွဲ့ကိုပါ ရင်ဆိုင်တိုက်ခိုက် နေရသည်ဟု AA က ၂၀၂၄ အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
AA တပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမှာ မကြာသေးမီက လှုပ်ခဲ့သောငလျင်ကြောင့် တော် လှန်ရေးအဖွဲ့များ စစ်ရေးရပ်တန့်ထားချိန်တွင် စစ်ရေးအမြတ်ယူခြင်းဟု စစ်ရေး၊ နိုင်ငံရေးဆောင်းပါး များရေးလေ့ရှိသူ စာရေးဆရာ ကျော်လင်း(ရောင်စုံ)က မှတ်ချက်ပြုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘူးသီးတောင်နှင့်မောင်တောဒေသတို့၌ ရိုဟင်ဂျာအများစု နေထိုင်ကြ ပြီး ထိုဒေသများ၌ AA လက်လှမ်းမမှီသေးသော နေရာတချို့နှင့် တောထူထပ်သောတောင်တန်းများ ထဲတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ အခြေစိုက်လှုပ်ရှားကြသည်။
ထိုတပ်များက အရပ်သားများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ပြန် ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ဆက်တိုက်ကျူးလွန်နေသည်ဟု AA ဘက်က ပြောထားသည်။

AA ကလည်း ဒေသခံပျောက်ဆုံးမှုများရှိပါက ရိုဟင်ဂျာရွာများကို လာရောက်ကာ ဖမ်းဆီးစစ်ဆေးမှု များရှိကြောင်း၊ ARSA,RSO အဖွဲ့ဝင်များ ရှိမရှိ စစ်ဆေးတတ်ကြောင်း၊ ရိုက်နှက်မေးမြန်းမှုများ လည်း ရှိကြောင်း မောင်တောဒေသခံများက ပြောကြသည်။
ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို စစ်ကောင်စီ အပါအဝင် မြန်မာအစိုးရအဆက်ဆက်က နိုင်ငံသားအဖြစ်သတ်မှတ်ရန် အစဉ်တစိုက်ငြင်းဆန်ထားကြသည်။ စစ်တပ်သည် ၎င်းတို့ကို နိုင်ငံတကာက ခေါ်ဆိုသည့် ရိုဟင်ဂျာအမည်ကိုပင် လက်မခံဘဲ ဘင်္ဂါလီဟုသာ အစဉ်တစိုက် သုံးနှုန်းတတ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခု၊ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း မောင်တောမြို့၊ ကြိမ်ချောင်းမှ တောင်ပြိုသို့ ဈေးသွားဝယ်သော အရပ်ဘက်ခရီးသည်ကားတစ်စီး ပစ်ခတ်ခံရရာ အင်အား ၂၅ ဦးခန့်ရှိ ARSA တပ်ဖွဲ့ဝင်များလက်ချက်ဖြစ်သည်၊ ကားပေါ်ပါလာသူ ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု AA ဘက်က ဆိုသည်။
ယမန်နှစ် ဒီဇင်ဘာ ၈ ရက်နေ့က လက်ကျန်စစ်စခန်းကို AA က သိမ်းပိုက်ပြီးနောက် မောင်တောမြို့ အပါအဝင် ၁၆၈ မိုင်ရှည်လျားသော မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုပါ AA က ထိန်းချုပ်ထားသည်။
ရခိုင်မြောက်ပိုင်းနယ်စပ်ဒေသများဖြစ်သော မောင်တော၊ ဘူးသီးတောင်မြို့များတွင် လှုပ်ရှားနေသည့် ARSA အဖွဲ့၏ ခေါင်းဆောင် အာတာဥလာအဘူအမား ဂျွန်နွန်နီ အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က မတ်လလယ်တွင် ဖမ်းဆီးခဲ့သည်။
ခေါင်းဆောင်နှင့် ၆ ဦးမှာ ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှု၊ အကြမ်းဖက်လှုပ်ရှားမှုများကြောင့် ထိန်းသိမ်းရခြင်းဖြစ်သည်ဟု Dhaka Tribune သတင်းဌာနက ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲအရာရှိ ၁ ဦးကို ကိုးကား၍ သတင်းဖော်ပြထားသည်။
ARSA နှင့် RSO တို့ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာရေးအတွက် စုံစမ်းစစ်ဆေးအရေးယူပေးရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Fortify Rights က မတ် ၁၈ ရက်နေ့တွင် အစီရင်ခံစာတစ်ခု ထုတ်ပြန်ပြီး တောင်းဆိုခဲ့သည်။
မြို့နယ် ၁၇ မြို့နယ်နှင့်ဖွဲ့စည်းထားသော ရခိုင် ပြည်နယ်တွင် AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို လည်း သိမ်းပိုက်ထားသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် ရှိနေသည့် မြို့နယ် ၃ ခုအနက် စစ်တွေနှင့်ကျောက်ဖြူတွင်လည်း တိုက်ပွဲဖြစ်ပွားလာရာ တိုက်ပွဲမရှိသည့်မြို့မှာ မာန်အောင်မြို့တစ်ခုသာကျန်တော့သည်။



