သတင်း

မောင်တောမြို့လူပျောက်မှုအတွက် AA က ရွာသူရွာသား ၇၀၀ ခန့်ကို စစ်ဆေး

ငါးဖမ်းသွားသူ ၂ ဦး ပျောက်ဆုံးမှုအတွက် AA က ရွာသား အများအပြားကို ရိုက်နှက် စစ်ဆေးကာ ၁၀၀ ကျော်ကို တစ်လနီးပါး ချုပ်နှောင်ခဲ့သည်၊ ၁၇ ဦးကို ဆက်ဖမ်းထားဖွယ်ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး အာရက္ခ တပ်တော်  (AA) က ကျီးကန်းပြင်ကျေးရွာမှ ရာနှင့်ချီသောရွာသားများကို  ဖမ်းဆီးစစ်ဆေးခဲ့ကာ  ထိုအထဲမှ ၁၇ ဦးကို ဆက်လက် ထိန်းသိမ်းထားကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။ 

ဩဂုတ် ၃ ရက်နေ့တွင် ရွာသို့ ရောက်လာသူ AA တပ်ဖွဲ့ဝင် ၅၀ ကျော်က  ရွာသူရွာသား ၇၀၀ ခန့်ကို စာသင်ကျောင်းအတွင်း စုစည်းထိန်းသိမ်းလိုက်ပြီး ည ၁၀ နာရီခန့်အထိ ရိုက်နှက်စစ်ဆေးခဲ့သည်၊ ထို့နောက် အမျိုးသမီးများနှင့် ကလေးများကို လွှတ်ပေးလိုက်ပြီး အမျိုးသား ၂၃၄ ဦး ကို ဆက်လက် ဖမ်းထားခဲ့သည်ဟု  ပြန်လွတ်လာသူ အမျိုးသား ၂ ဦးက ဆိုသည်။ 

ပျောက်ဆုံးနေသည်ဆိုသည့် ရခိုင် ၂ ဦးကို အခြားလက်နက်ကိုင်အဖွဲ့က  ခေါ်ယူသွားခြင်း ရှိမရှိ၊  ရွာတွင် စစ်ကောင်စီထံမှ  စစ်သင်တန်း တက်ရောက်သူများနှင့် အခြားလက်နက်ကိုင်အဖွဲ့ဝင်များ  ရှိမရှိ မေးမြန်းသည်ဟု သိရသည်။ 

ကျောင်းတွင် ထိန်းသိမ်းခံနေရသူများထဲမှ  တချို့ကို မောင်တောမြို့နှင့် ၄ မိုင်အကွာရှိ AA သိမ်းပိုက် ထားသော  အမှတ် (၂) နယ်ခြားစောင့် တပ်ခွဲ (နခခ-၂)  ထဲသို့ ပို့ဆောင်ကာ ထပ်မံစစ်ဆေးခဲ့သည်ဟု အထက်ပါ အမျိုးသားနှစ်ဦးက ပြောကြသည်။ 

ထိုအမျိုးသားများထဲမှ အသက် ၃၅ နှစ် အရွယ်  မိုဟာမက်အာယုဖ်က  နခခ-၂ ကို လေတပ်ဗုံးကြဲစဉ် ထွက်ပြေးလွတ်မြောက်လာသည်ဟု ပြောသည်။

အသက် ၂၉ နှစ် အရွယ် အာဗ်ဒူရော်ဟိမ်ကမူ ရွာတွင် စစ်ဆေးခံရပြီး ပြန်လွတ်လာသည် ဟု ပြောသည်။

ဖမ်းဆီးခံရမှု လွတ်မြောက်လာသည့် မိုဟာမက်အာယုဖ် တွင် ဒဏ်ရာအမာရွတ်တချို့။ (ဓာတ်ပုံ- ⁨Mohammed Zonaid⁩)

ဩဂုတ် ၁၅ ရက်နေ့တွင် သက်ကြီးပိုင်း အမျိုးသား ၅၃ ဦး ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရွာသားများကို ဆက်လက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ 

ဖမ်းဆီးခံထားရသည့် ရွာသားများကို မိသားစုဝင်တို့က တစ်နေ့လျှင် နှစ်ကြိမ် အစားအစာ ပို့ရကြောင်း သိရသည်။ 



ဩဂုတ် ၂၇ တွင် RU ဟု အများက ခေါ်ကြသည့် AA အကြီးအကဲတစ်ယောက် ထိုစခန်းသို့ ရောက်ရှိလာပြီး နောက်ပိုင်းတွင် ရိုက်နှက် စစ်ဆေးခြင်းများ  မပြုလုပ်တော့ကြောင်း မိုဟာမက်အာယုဖ် က ပြောသည်။ 

ယင်းည ၈ နာရီခန့်တွင် AA အရာရှိက မိုဟာမက် အာယုဖ် အပါအဝင် ရွာသား ၈ ဦးကို ကားနှင့် ခေါ်သွားပြီး   နခခ-၂ စခန်းထဲသို့  ပို့လိုက်သည်၊  ထိုစခန်းတွင် ၁ နာရီ ကျော် စစ်ဆေးခံခဲ့ရသည်ဟု  သိရသည်။

စခန်းတွင် စစ်သားများနှင့်ရိုဟင်ဂျာများကို သီးခြားစီခွဲ၍ ချုပ်နှောင်ထားသည်၊  စစ်သား အရေအတွက် မသိရသော်လည်း ရိုဟင်ဂျာများမှာ ၁၅၀ ခန့် ရှိနိုင်သည်၊  AA တပ်ဖွဲ့ဝင် ၂၀၀ ကျော် ရှိနိုင်သည်ဟု သူက ဆက်လက်ပြောပြသည်။ 



ထိုသို့ ရွာသား ၈ ဦးကို နခခ-၂ သို့ခေါ်ဆောင်သွားသည့်နေ့မှာပင် AA  က အာဗ်ဒူရော်ဟိမ် အပါအဝင် ၉၂ ဦးကို ရွာစာသင်ကျောင်းမှ ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ 

“ကျွန်တော်တို့ထဲက ၈ ယောက်ကို သူတို့ နခခ(၂) ကို ယူသွားခဲ့ပြီး၊ ကျွန်တော်ပါ ၉၂ ယောက်ကို လွှတ်ပေးခဲ့ပါ တယ်” ဟု အာဗ်ဒူရော်ဟိမ်က ပြောသည်။ 

အာဗ်ဒူရော်ဟိမ်သည် မောင်တောမြို့နယ်၊ သီဟိုဠ်ကျွန်းအုပ်စု၊ ဟာဘီကျေးရွာခံ ဈေးဆိုင်ဖွင့်ထားသူ ဖြစ်ကာ တိုက်ပွဲများပြင်းထန်လာ၍ တိမ်းရှောင်ကြရန် AA က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့အပြီး ဇွန် ၁၈ ရက်တွင် ကျီးကန်းပြင်ရွာသို့ မိသားစုဝင် ၁၃ ဦးနှင့်အတူရောက်ရှိနေထိုင်ရာမှ ဖမ်းဆီးစစ်ဆေးခံရခြင်း ဖြစ်သည်။

ဩဂုတ်လကုန်တွင်  စာသင်ကျောင်း၌ ထိန်းသိမ်းထားသူများအနက်မှ  အများအပြားကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ၉ ဦးကို နခခ -၂ သို့ ခေါ်ဆောင်သွားကြကြောင်း သူက ဆိုသည်။

“ ၃၁ ရက်နေ့ ထပ်မံ ၉ ယောက်ကို ယူသွားခဲ့ပြီး၊ ၇၀ ယောက်ကို လွှတ်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးတွင် AA က ၎င်းနှင့်မိသားစုကို လှဖိုးခေါင်ကြားစခန်းသို့ ပို့ဆောင်ခဲ့သည်၊  ယင်းနောက်  အာဗ်ဒူရော်ဟိမ်လည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသည်ဟု ဆိုသည်။

နခခ- ၂ လေကြောင်းမှ တိုက်ခိုက်ခံရပြီး သေဆုံးသွားသူတို့၏ ရုပ်အလောင်း မှတ်တမ်းပုံကို  AA က ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၉ ရက်ညပိုင်းတွင် အဆိုပါ နခခ-၂ နေရာကို လေကြောင်းမှ ပစ်ခတ်တ်ိုက် ခိုက်ခဲ့၍ စစ်သုံ့ပန်းများနှင့် ဖမ်းဆီးထားသူ ၅၀ ကျော် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း AA က နောက်တစ်နေ့တွင် ထုတ်ပြန်သည်။  စက်တင်ဘာ ၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ်ရှိ စစ်သုံ့ပန်းများ ဆေးကုသသော နေရာတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့၍  စစ်သုံ့ပန်း ၇ ဦး သေဆုံးထားသည်ဟု ဆိုသည်။

သေဆုံးသွားသူများထဲတွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သားများ၊  စစ်ကောင်စီဘက်တော်သားများ၊ စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသူများ ပါဝင်သည် ဟု AA က ဆိုသည်။ ထိုအထဲတွင် စစ်သုံ့ပန်းအရေအတွက် မည်မျှပါဝင်သည်ကို AA က ထုတ်ဖော်ခြင်း မရှိသေး ပေ။  

ထိုနေ့က ဗုံးကြဲမှုကြောင့် ရုပ်ရုပ်သဲသဲဖြစ်နေမှုကို အခွင့်ကောင်းယူပြီး ကျီးကန်းပြင်ရွာမှ မိုဟာမက်အာယုဖ်နှင့် အခြားတစ်ဦး၊ ကြိမ်ချောင်းရွာမှ ၂ ဦး  ထွက်ပြေးလွတ်မြောက်လာကြသည်။

ည ၉ နာရီခန့်အချိန်တွင်  လေယာဉ်တစ်စီး ရောက်ရှိလာပြီး  စခန်းထက်ပျံဝဲကာ ပြန်သွားသည်၊ မကြာမီ လေယာဉ်ထပ်ရောက်လာပြီး ဗုံး ၂ လုံး ကြဲချခဲ့သည်ကို ကြုံတွေ့ခဲ့ရသည်ဟု မိုဟာမက်အာယုဖ်က ပြောပြသည်။ 

“(လေယာဉ်လာလို့) AA က အကုန်ပြေးသွားပြီ။ အဆောင်တစ်ခု ပြိုသွားတယ်။ နောက် ၁၀ မိနစ် အကြာမှာ ၃ ခု ကြဲသွားတယ်” ဟု ၎င်းက ဆိုသည်။  

“စစ်တပ် ရှိတဲ့နေရာလည်းကျတယ်။ ရိုဟင်ဂျာတွေ ရှိတဲ့နေရာလည်း ကြဲချတယ်။ (လူ) ဘယ်လောက် သေလဲ မသိဘူး။ အပြင်ကို ပြေးထွက်ပြီး သွားခဲ့တယ်။ အဲဒီအချိန် လေယာဉ်က ပြန်သွားပြီ။ အဲအချိန် AA တွေက ကား ၃ စီးနဲ့ ပြန်ရောက်လာတယ်။ မင်းတို့ ဒီမှာနေ…ထပ်ပြေးရင် သေနတ်ဖောက်မယ် ပြောတယ်” ဟု  ၎င်းက ဆိုသည်။

ဗုံးကြဲခံရပြီး အလောင်းအများအပြား ပြန့်ကြဲနေသည်ကို တွေ့မြင်ခဲ့ရသည်၊  AA တပ်ဖွဲ့ ဝင်များ အများအပြား ထပ်ရောက်မလာမီ ၎င်းတို့ ထွက်ပြေးခဲ့သည်ဟု  ၎င်းက ပြောသည်။



ကျီးကန်းပြင်ရွာဘက်သို့ ထွက်ပြေးခဲ့သော်လည်း ပြန်ဖမ်းဆီးခံရမည်စိုး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားအထိ အရောက်သွားခဲ့သည်၊ ဒဏ်ရာများကို ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

နခခ-၂ ဗုံးကြဲခံရပြီးနောက် တွေ့ရသည့် မြင်ကွင်းတစ်ခု (ဓာတ်ပုံ – AA)

ကျီးကန်းပြင်ရွာမှ ဖမ်းဆီးခံရသူများသည် သာမန်အရပ်သားများသာဖြစ်သည်ဟု အာဗ်ဒူရော်ဟိမ်က ပြောသည်။

“ နခခ -၂ ကို သွားတဲ့သူတို့က (ဆက်လက်ဖမ်းခံနေရသူ ၁၇ ဦးက) သာမန် လူထုတွေ ဖြစ်ပြီး ၊ လေကြောင်းတိုက်ခိုက်မှု သေဆုံးတဲ့အထဲ သူတို့ ပါ၀င်နိုင်ပါတယ်။ အခုထိ သူတို့ ရဲ့ မိသားစုတွေက ဆက်သွယ်လို့ မရသေးဘူးလို့ သိရပါတယ်”  ဟု သူက ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ တုံ့ပြန်ချက်ရရှိရန် AA အဖွဲ့ကို  ၃ ကြိမ် ဆက်သွယ်မေးမြန်းထားသော် လည်း ဖြေကြားခြင်း မရှိသေးပေ။ 

အသက် ၄၂ နှစ်အရွယ် နုရ်ဆော်လီခါ ဆိုသည့် အမျိုးသမီးကလည်း  သူ၏ မိသားစုဝင်တချို့   ဩဂုတ် ၂၃ ရက်နေ့တွင် ဖမ်းဆီးခံရပြီး နခခ-၂ တွင် ရောက်နေသည်ဟု ပြောသည်။ 

နခခ-၂ ဗုံးကြဲခံရမှုတွင် AA ထုတ်ပြန်သော ရုပ်သံများ၌ မိသားစုဝင်တို့၏ပုံ တွေ့ရကြောင်း၊ နောက်ဆက်တွဲအခြေအနေကို AA က အသိမပေးသေးသဖြင့်  စိတ်ပူပန်နေရကြောင်း ထိုအမျိုးသမီး က ဆက်ပြောသည်။ 

သူ၏ သားဖြစ်သူ ၁‌၇ နှစ်အရွယ် ရော်ဘီအုလ်ဟာဆောန်၊ ဆေးဆိုင်ဖွင့်ထားသူ ၄၈ နှစ်အရွယ် ခင်ပွန်း ဇူရုလ်ဟောက်၊ မောင်ဖြစ်သူ ကျောင်းဆရာ AH ကာမာလ် (ခေါ်) အာမတ်ကာမာလ်တို့ ဖြစ်သည် ဟု သိရသည်။ 

ထိုအမျိုးသမီး၏ ပြောဆိုချက်နှင့်ပတ်သက်၍လည်း သီးခြားအတည်ပြုချက်မရသေးပေ။

တစ်ကျော့ပြန် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ရိုဟင်ဂျာများသည် နတ်မြစ်ကို ဖြတ်ကူးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးကာ ဒုက္ခသည်စခန်းများတွင်နေထိုင်နေကြရသည်။ (ဓာတ်ပုံ- ⁨Mohammed Zonaid⁩)

အခြေအနေ ရှုပ်ထွေးနေသည့် မောင်တော

AA သည် ဩဂုတ်လဆန်းတွင် မောင်တောမြို့နယ်ကို အပြီးသတ်ရနိုင်ရေး ထိုးစစ် အရှိန်မြှင့်လိုက်ပြီး တိုက်ပွဲများ ယခုရက်ပိုင်းအထိ ပြင်းထန်နေသည်။

၂၀၁၇ ခုနှစ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသဖြင့် နိုင်ငံတကာ၏ အာရုံစိုက်မှုခံရသည့် မောင်တောဒေသ လတ်တလောတိုက်ပွဲ များသည် အခြားမြို့တိုက်ပွဲများထက် ပိုမို ရှုပ်ထွေးလျက် ရှိနေသည်။

မောင်တောမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့  စစ်သင်တန်းပေး လက်နက်တပ်ဆင်ထား သည့် ရိုဟင်ဂျာလက်နက်ကိုင်များ၊ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာ သွေးစည်းညီ ညွတ်ရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာတပ် (ARA) တို့၏ အင်အားကို ရယူကာ ထိုးစစ် ကို ခုခံနေကြသည်ဟု AA ဘက်က ပြောထားသည်။ 

AA က မောင်တောမြို့ထဲမှပြည်သူများ အမြန်ဆုံးထွက်ခွာကြရန် ဇွန်လ ၁၆ ရက်တွင် အသိပေးထား သည်။ 

သို့သော် စစ်ကောင်စီတပ်၏ မြို့ဝင်မြို့ထွက်ပိတ်ပင်ထားမှုကြောင့် ထွက်ခွင့်မရသူများ ရှိသေးသလို အခြား ​ဒေသများသို့ စစ်ဘေးရှောင်ရန်ထွက်ခွာသွားပါက စားဝတ်နေရေးခက်ခဲမည်ကို စိုးရိမ်သူ၊  မိမိ အိုးအိမ်များကို မစွန့်ခွာလိုသူများ မြို့ထဲတွင်ဆက်လက်နေထိုင်နေကြခြင်းဖြစ်သည်ဟု မောင်တော ဒေသခံတစ်ဦးက ဩဂုတ် နောက်ဆုံးပတ်တွင် Myanmar Now ကို ပြောထားသည်။

AA ကမူ ယင်းတို့၏ ထုတ်ပြန်ချက်ကို မလိုက်နာဘဲ ပေကပ်ကပ်လုပ်နေသူများတွင် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင် မွတ်ဆလင်များ ပါဝင်သည်ဟု သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မောင်တောမြို့နယ် ပင်လယ်ကမ်းခြေတစ်နေရာတွင် လက်နက်ကြီး၊ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ရိုဟင်ဂျာ ၂၀၀ ခန့် သေဆုံးသွားပြီး ထိုလုပ်ရပ်မှာ AA လက်ချက်ဖြစ်သည်ဟု ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှားသူများက စွပ်စွဲထားကြသည်။

AA ကမူ ထိုဖြစ်ရပ်မှာ ၎င်းတို့နှင့်မည်သို့မျှ သက်ဆိုင်မှုမရှိကြောင်း၊ ထိုအဖြစ်အပျက်အတွက် ဝမ်းနည်းရကြောင်း သြဂုတ် ၇ ရက်တွင်ထုတ်ပြန်သည်။ လက်ရှိတွင် မောင်တောမြို့ထဲတွင် ပိတ်မိနေသော ပြည် သူ ၂၀,၀၀၀ ကျော်ကို ကယ်ထုတ်ထားသည်ဟုလည်း AA က ဆိုသည်။ 

မောင်တောဒေသကို ရပါက နယ်စပ်တစ်လျှောက် AA ထိန်းချုပ်နိုင်မည်ဖြစ်ကာ လက်ရှိတွင် AA က မြို့ပေါ်  ထိန်းချုပ်ထားကာ လက်ကျန် နခခ-၅ ကို ပိတ်ဆို့ထားရာ လေတပ်က ဩဂုတ် နောက်ဆုံးပတ် တွင် ၁ ကြိမ်၊  စက်တင်ဘာအတွင်း ၂ ကြိမ်   ဗုံးကြဲထားသည်။

အောက်တိုဘာ ၁ ရက်က မောင်တောမြို့နယ်တွင် မိုင်းရှင်းလင်းရေးလုပ်နေသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-APM)

Show More

Related Articles

Back to top button