
ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့များဖြစ်သော မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ကိုသာမက ရိုဟင်ဂျာလက်နက်ကိုင် ၃ ဖွဲ့ကိုပါ ရင်ဆိုင်တိုက်ခိုက်နေရသည်ဟု အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီကတည်းက ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်မြို့ဖြစ်သော မောင်တောကို သိမ်းနိုင်ရန် AA က စတင်တိုက်ခိုက်ခဲ့ပြီး ယခုအချိန်တွင် မောင်တောမြို့ပေါ်ကို ထိန်းချုပ်ထားကာ စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) တစ်ခုသာ ကျန်တော့သည်။
စစ်ကောင်စီလေတပ်ကလည်း မောင်တောကို လက်မလွှတ်ရရေးအတွက် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေရာ ဒေသခံများလည်း သေဆုံးထိခိုက်နေသည်။
မောင်တောဒေသအတွင်း မွတ်ဆလင်လက်နက်ကိုင်များ အခိုင်အမာစခန်း ပြုလုပ်၍ လှုပ်ရှားနေသော ကြောင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေး အခက်တွေ့စေသည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုဒေသများ၌ AA လက်လှမ်းမမှီသေးသော နေရာတချို့နှင့် တောထူထပ်သောတောင်တန်းများထဲတွင်
ARSA (ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်) ၊ ARA (အာရ်ကန်ရိုဟင်ဂျာတပ်မတော်)၊ RSO (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့) တို့က တပ်စခန်းများ အခိုင်အမာ တည်ဆောက်ကာ တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထိုတပ်များက အရပ်သားများအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ဆက်တိုက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။
ထိုအဖွဲ့များက စစ်ကောင်စီနှင့်အတူ တိုက်ခိုက်နေသည်၊ ထိုအဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ နယ်စပ်နှစ်ဘက်လုံးရှိလူထုအတွက် များစွာစိုးရိမ်ဖွယ်ဖြစ်သည်ဟု AA က ပြောသည်။
AA ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ထိုအဖွဲ့များ၊ စစ်ကောင်စီတပ်တို့၏ တုံ့ပြန်ချက်ကို ရယူ ဖော်ပြနိုင်ခြင်း မရှိသေးပေ။
ထိုအဖွဲ့အစည်းများမှာ ထိုဒေသတွင် နယ်မြေကျွမ်းကျင်သောအဖွဲ့များ ဖြစ်သည်။

အောက်တိုဘာ ၁၉ ရက် မွန်းတည့်ချိန်မှ စတင်၍ ဘူးသီးတောင်မြို့နယ်၊ ခရုချောင်းကျေးရွာ အနောက်မြောက်ဘက်ရှိ တောင်တန်းတွင် AA နှင့် ARSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
၅ ကြိမ် တိုက်ပွဲဖြစ်ပြီးနောက် ARSA စခန်း ၄ ခု၊ စစ်ကောင်စီ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်၊ ရုပ်အလောင်းတချို့ တွေ့ရသည်ဟု AA ထုတ်ပြန်ချက်အရသိရသည်။
AA သည် ဒေသခံပျောက်ဆုံးမှုများနှင့်ပတ်သက်၍ ရိုဟင်ဂျာရွာများကို လာရောက်ကာ ဖမ်းဆီး စစ်ဆေးမှုများရှိကြောင်း၊ ARSA,RSO အဖွဲ့ဝင်များ ရှိမရှိ စစ်ဆေးတတ်ကြောင်း ကျီးကန်းပြင်ရွာမှ ဒေသခံ ၂ ဦးက Myanmar Now ကို ပြောထားသည်။
ဩဂုတ်လဆန်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး AA က ကျီးကန်းပြင်ကျေးရွာမှ ရာနှင့်ချီသော ရိုဟင်ဂျာရွာသားများကို ဖမ်းဆီးစစ်ဆေးခဲ့ကာ ထိုအထဲမှ ၁၇ ဦးကို ဆက်လက် ထိန်းသိမ်းထားသည်။
ရိုဟင်ဂျာအများစုနေထိုင်ရာ မောင်တော၊ ဘူးသီးတောင်ဒေသ ပဋိပက္ခ
ရခိုင်မြောက်ပိုင်းနေရာအများစုသည် AA ၏ ထိန်းချုပ်မှုအောက် ရောက်နေခဲ့သော်လည်း ရိုဟင်ဂျာအများစုနေထိုင်ကြသော မောင်တောဒေသကို AA မထိန်းနိုင်သေးပေ။
ကပ်လျက် ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီး ဖြစ်သော်လည်း ယခုနှစ် မတ်လအတွင်းက ရာနှင့်ချီ သော ရိုဟင်ဂျာများက AA ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီက ထိုဒေသအတွင်း လူငယ်၊ လူရွယ်အများအပြားကို စစ်သင်တန်းပေးခဲ့သည်။
ဒေသတွင်းအခြေအနေ ရှုပ်ထွေးနေသော ထိုနှစ်မြို့နယ်တွင် စစ်တပ်က လူမျိုးရေးပဋိပက္ခများဖြစ်ရန် ရိုဟင်ဂျာများကို အသုံးချနေသည်ဟု ဒေသခံတချို့က ယူဆကြသည်။
ဘူးသီးတောင်အပါအဝင် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များကို စစ်ကောင်စီအပါအဝင် မြန်မာအစိုးရအဆက်ဆက်က နိုင်ငံသားအဖြစ် သတ်မှတ်ရန် အစဉ်တစိုက် ငြင်းဆိုထားသည်။ စစ်တပ်သည် ၎င်းတို့ ကို နိုင်ငံတကာက ခေါ်ဆိုသည့် ရိုဟင်ဂျာ အမည်ကိုပင် လက်မခံဘဲ ဘင်္ဂါလီဟုသာ အစဉ်တစိုက် သုံးနှုန်းတတ်သည်။
သို့သော်လည်း စစ်သင်တန်းပေးကာ လက်နက်များတပ်ဆင်ပေးခဲ့သည်။
ဘူးသီးတောင်တွင် စစ်တပ်က မွတ်ဆလင်များကို လက်နက်များ တပ်ဆင်ပေးကာ ရခိုင်မုန်းတီးရေး လုပ်ဆောင်နေကြောင်း AA ပြောခွင့်ရသူက ဧပြီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“အခုလိုစစ်ပွဲပြင်းထန်နေတဲ့အချိန်မှာ ARSA နှင့် ARA အကြမ်းဖက်အုပ်စုတွေဟာ စစ်ကောင်စီဆီမှာ သင်တန်းတက်၊ စစ်ကောင်စီကတပ်ဆင်ပေးတဲ့လက်နက်တွေယူ၊ စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျွန်တော်တို့ကို တိုက်ခိုက်နေတာရှိပါတယ်”
ARSA, RSO, ARAတို့သည် မောင်တော၊ဘူးသီးတောင်တိုက်ပွဲတို့တွင် စစ်ကောင်စီနှင့်ပူးပေါင်းတိုက်ခိုက် လျက်ရှိသည်ဟု AA က ယခင်ကပင်ပြောဆိုထားသည်။
ထိုအဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများကိုပြန်ပေးဆွဲကာ စစ်ကောင်စီနှင့်အတူ တိုက်ပွဲဝင်ရန် မောင်တောမြို့သို့ပြန်ပေးဆွဲမှုများရှိခဲ့ကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသည့် ရိုနေဆန်းလွင်၊ ဦးထွန်းခင်တို့ပါဝင်သည့်အဖွဲ့ပေါင်း ၁၀၀ ကျော်က သြဂုတ် ၂၃ တွင်ထုတ်ပြန်ခဲ့သည်။
အဆိုပါအဖွဲ့များသည် ရာဇဝတ်ဂိုဏ်းများဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်များကို အပြင်းထန်ဆုံး ရှုတ်ချသည် ဟု ဆိုသည်။
“သူတို့ဟာ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းကို ကိုယ်စားမပြုသလို ကိုယ်စားလုပ်ဆောင်တာ မရှိကြောင်း” ထုတ်ပြန်ချက်တွင်ရေးထားသည်။
ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာအမျိုးသားတစ်ဦးက ထိုလက်နက်ကိုင်အဖွဲ့များကို အသိအမှတ် မပြုကြောင်း Myanmar Now ကိုပြောသည်။
“AA လက်အောက်မှာနေတာတော့ အရင်ကထက်ကောင်းတယ်။ အိမ်တွေလည်းဆောက်ခွင့်ရတယ်။ ဗလီတွေလည်းဆောက်ခွင့်ရတယ်”ဟု ၎င်းက ဆိုသည်။
ဘူးသီးတောင်မြို့နယ်ကို အာရက္ခတပ်တော်ဟု အမည်ပြောင်းထားသည့် ရက္ခိုင့်တပ်တော် AA က အလုံးစုံသိမ်းပိုက်ထားပြီး မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တစ်ခုတည်းသော လက်ကျန် တပ်စခန်းဖြစ်သော နခခ-၅ ကို အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိသည်။
အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်များတွင် နေ့စဉ် ရက်ဆက် ဖြစ်ပွားလျက်ရှိနေသကဲ့သို့ တောင်ကုတ် မြို့ပတ်ဝန်းကျင်၌လည်း တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
ရခိုင်ဒေသတွင် ၂၀၁၂ ခုနှစ်၌ လူမျိုးရေးပြဿနာများ ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်လည်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်မြောက်ပိုင်းမှ နေအိမ် ထောင်နှင့်ချီ မီးလောင်ခဲ့ပြီး ရိုဟင်ဂျာသိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။
