လူငယ် နှစ်ဆယ်ခန့်က ဓာတ်ပုံနှစ်ဆယ်ကျော်ကို လှည့်လည်ကြည့်ရှုနေကြသည်။ ပုံအများစုမှာ ကျေးလက်သဘာဝ ကျေးလက်အငွေ့အသက်တို့ လွှမ်းခြုံနေပြီး ကျေးလက်တွင် နေထိုင်ဖူးသူတို့အတွက်တော့ လွမ်းမောစရာမြင်ကွင်းများပင်ဖြစ်သည်။
ရန်ကုန်မြို့ ၄၄လမ်းရှိ မြန်မာဒိဋ္ဌ ရုံးခန်းတွင် ပြုလုပ်သော “လွမ်းမောတမ်းတဖွယ်အိမ်ပြန်လမ်း” အမည်ရှိ မှတ်တမ်းဓာတ်ပုံပြပွဲကို ဖန်တီးသူမှာ မယုယုမြင့်သန်း ဖြစ်သည်။ ရန်ကုန်အခြေစိုက် မှတ်တမ်းဓာတ်ပုံဆရာ မယုယုမြင့်သန်းသည် ဓာတ်ပုံသမားတို့ အရင်းအမြစ် ဖွံ့ဖြိုးစေရန် ကူညီနေသည့် အဖွဲ့အစည်းဖြစ်သော မြန်မာဒိဋ္ဌတွင် လုပ်ကိုင်လျက်ရှိသည်။
ဓာတ်ပုံတို့မှာ ရန်ကုန်မြို့ရှိ နာမည်ကြီး အပ်ချုပ်ဆိုင်တစ်ဆိုင်တွင် အိမ်အကူအဖြစ်လုပ်ကိုင်ရင်း နှစ်ရှည်လများ ပိတ်လှောင်၊ နှိပ်စက်ခံရသူ အိမ်အကူမိန်းကလေး မစန်းကေခိုင်၏ ငယ်ဘဝဖြတ်သန်းရာ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ဘောလုံးကွင်းကျေးရွာလေးတွင် အခြေပြုရိုက်ကူးထားခြင်းဖြစ်သည်။
မစန်းကေခိုင် ဆေးကုသမှုခံယူလျက်ရှိရာ ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်တွေ့ဆုံတိုင်း ကြားရတတ်သည်မှာ အိမ်ပြန်ချင်သည့်အကြောင်းအရာများ ဖြစ်နေသည်ဟု မယုယုမြင့်သန်းက ပြောသည်။
“သူငယ်ငယ်လေးကတည်းက သူ့မှာရွေးချယ်ခွင့်မရှိဘူး။ တစ်ခါတလေတော့ သူ့ကို ပေးရွေးချယ်စေချင်တယ်။ သူ့အိမ်ပြန်လည်ချင်တယ်ဆိုရင်လည်း ခဏတဖြုတ် ပေးပြန်စေချင်တယ်” ဟု မစန်းကေခိုင် နှင့် ပတ်သက်ပြီး မယုယုမြင့်သန်းက ပြောသည်။
အိမ်အကူမိန်းကလေး မစန်းကေခိုင်အား နှစ်ရှည်လများ ပိတ်လှောင်ထားမှု၊ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ခြောက်ဦးကို ပုဒ်မလေးခုဖြင့် တရားစွဲဆိုထားပြီး ယနေ့အချိန်အထိ အမှု ပြီးပြတ်ခြင်းမရှိသေးပေ။
နှိပ်စက်ခံရသည့် ဒဏ်ရာများကို ခွဲစိတ်ကုသပြီးနောက် မစန်းကေခိုင် ဆေးရုံဆင်းရပြီဖြစ်သော်လည်း အမှု မပြီးပြတ်ခင်စပ်ကြား ၄င်း၏လုံခြုံရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ဦးစီးဌာနက စီစဉ်ပေးသည့် နေရာတစ်ခုတွင် သောင်တင်နေရသည်။ မိသားစုနှင့် နွေးနွေးထွေးထွေးနေထိုင်လိုသော မစန်းကေခိုင်၏ အိပ်မက်တို့မှာ ယနေ့အချိန်အထိ အလှမ်းကွာဝေးနေဆဲဖြစ်သည်။
South East Asian Photography Masterclass နှင့်လက်တွဲ၍ ဓာတ်ပုံမှတ်တမ်းတစ်ခု ရိုက်ကူးဖို့ ကြိုးစားရာမှ မစန်းကေခိုင် နှင့် ပတ်သက်၍ ရိုက်ကူးရန် အကြောင်းဖန်လာကြောင်း မယုယုမြင့်သန်းက ပြောသည်။
ငယ်စဉ်ကတည်းက မိဘများ၏ ရိုက်နှက်ဆုံးမခြင်းကို အသက်အရွယ်တော်တော်ကြီးသည်အထိ ခံခဲ့ရသောကြောင့် မစန်းကေခိုင် ကြုံတွေ့ခဲ့ရသည်များကို ခံစားနားလည်မိသည်ဟု ၄င်းက ဆိုသည်။
“အရိုက်ခံရတာ မကြိုက်ဘူး။ ကလေးတွေကို ရိုက်နှက် ဆုံးမတာမျိုးကို မကြိုက်ဘူး။ ကျောင်းသူဘဝမှာလည်း ကျွန်မ နာကြည်းမှုလေးတွေရှိတယ်။ မိဘနဲ့ သားသမီးကြားမှာလည်း ကျွန်မမှာ အဖုအထစ်လေးတွေရှိခဲ့တယ်။ အဲဒါကြောင့်မို့လို့ ဒါကိုရိုက်ဖို့ ရွေးချယ်ဖြစ်တာ” ဟု မယုယုမြင့်သန်းက ပြောသည်။
မစန်းကေခိုင်သည် ၁၁ နှစ်အရွယ်ကတည်းက စတင်ပြီး မိဘများ၏ စားဝတ်နေရေးအား တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းရန်အတွက် အင်းဝအပ်ချုပ်ဆိုင်တွင် ငါးနှစ်ကျော်ကြာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ရသည်။
အိမ်ရှင်များက မစန်းကေခိုင် အား နှစ်ရှည်လများ အိမ်တွင်းပိတ်လှောင်ထားခြင်းနှင့် လက်ချောင်းများအားလိမ်ချိုးခြင်း၊ ကတ်ကြေးဖြင့်ထိုးခြင်း၊ မီးခြစ်ဖြင့်ရှို့ခြင်းများ စသဖြင့်နည်းမျိုးစုံနှင့် နှိပ်စက်ခဲ့သည်ဟု ယမန်နှစ်က ကော့မှူးမြို့နယ် ဘောလုံးကွင်းကျေးရွာတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောပြသည်။
လက်ဆစ်များထိခိုက်ကျိုးပဲ့ကာ သူ၏လက်များမှာလည်း လိမ်ကောက်နေသည်။ ခန္ဓာကိုယ်အနှံ့ ကတ်ကြေးဖြင့်ထိုးနှက်ခံရသည့် ဒဏ်ရာ၊ အမာရွတ်များဖြင့် ပြည့်နှက်နေသည်။ ရရှိလာသည့် ဒဏ်ရာများကို ရန်ကုန်ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။
ယနေ့အချိန်တွင်တော့ လူမှုဝန်ထမ်းဦးစီးဌာန လေ့ကျင့်ရေးကျောင်းတွင် နေထိုင်ပြီး အပ်ချုပ်ပညာ သင်ယူနေသည့် ၄င်း၏အဖြစ်ချင်ဆုံးဆန္ဒမှာ ဘောလုံးကွင်းကျေးရွာရှိ မိသားစုရှိရာအိမ်သို့ အမြန်ဆုံး ပြန်လိုခြင်းဖြစ်နေသည်။
အသက် ၁၁ နှစ်အရွယ်မှစ၍ သူဖြစ်ချင်သည့် အရာများကို မေ့ထားပြီး မိသားစု စားဝတ်နေရေးအခြေအနေရ မိဘများစေညွှန်းရာကို လုပ်ကိုင်ခဲ့ရသည့် မစန်းကေခိုင် အတွက် သူဖြစ်ချင်တာတွေကိုလည်း ခွင့်ပြုသင့်သည်ဟု မယုယုမြင့်သန်းက ဆိုသည်။
“သူ့ဘဝမှာ အခုအချိန်အထိကို ရွေးချယ်ခွင့်မရှိသေးဘူး။ တစ်ခါတလေကျရင်လည်း သူ့ရဲ့ အသံလေးကို နားထောင်ကြည့်စေချင်တယ်” ဟု ၄င်းက ပြောသည်။
ဓာတ်ပုံပြပွဲသို့ လာရောက်ကြည့်ရှုသူများထဲတွင် ကံ့ကော်ပညာရေးစင်တာမှ ကျောင်းသား၊ကျောင်းသူများလည်း အပါအဝင်ဖြစ်သည်။ ကျောင်းသူတစ်ဦးဖြစ်သူ မသဥဇာလင်းထက်က သူနှင့် သက်တူရွယ်တူ မိန်းကလေးတစ်ဦး နှစ်ရှည်လများ နှိပ်စက်ခံရခြင်းအတွက် ကိုယ်ချင်းစာမိသည်ဟုပြောသည်။
“ကိုယ်သာသူ့နေရာမှာဆိုရင် ခံစားနိုင်မှာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်တောင် တစ်ခုခု လုပ်မိချင် လုပ်မိမှာ” ဟု ၄င်းက ပြောသည်။
ပြပွဲတွင်ပြသထားသော ဓာတ်ပုံများကို ဓာတ်ပုံစာအုပ်ပြုလုပ်ကာ မစန်းကေခိုင် အတွက် လက်ဆောင်ပေးသွားမည်ဟု မယုယုမြင့်သန်းက ပြောသည်။
“ကျွန်မတို့ဆီမှာ သူနဲ့ပတ်သက်တဲ့ ဓာတ်ပုံပြပွဲလေး လုပ်မယ် ဆိုတာကိုတော့ သူသိတယ်။ သူကတော့ သူ့ဓာတ်ပုံတွေ ကြည့်ရမယ်ဆိုတော့ ပျော်နေတယ်” ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိသော ကလေးလုပ်သားများစွာထဲမှ အိမ်အကူလုပ်သားများသည် နံရံ၏ အနောက်ဘက်တွင်ရှိနေသော သူများနှင့်တူပြီး စာနယ်ဇင်းသမားတို့၏ ဖော်ထုတ်မှုကြောင့်သာမဟုတ်လျှင် ၄င်းတို့ ခံစားနေရသည်များကို တစ်ပါးသူတို့ ကြားသိမြင်နိုင်မည် မဟုတ်ကြောင်း ၄င်းက ပြောသည်။
“သူ့လိုပဲ အိမ်မပြန်နိုင်တဲ့သူတွေလည်း အများကြီးရှိသေးတယ် ဆိုတာကို လူတွေကို သိစေချင်တယ်။ နောက်ပြီး သူ့လိုအဖြစ်ဆိုးတွေကိုလည်း မဖြစ်စေချင်ဘူး” ဟု ပြပွဲတွင် ဓာတ်ပုံများဖန်တီးသူ မယုယုမြင့်သန်းက ပြောလိုက်သည်။ ။
(ပြပွဲကို ရန်ကုန်မြို့လယ်ရှိ ပြခန်းဖြစ်သော အမှတ် ၄၉၊ ၄၄ လမ်းတွင် နိုဝင်ဘာ ၄ အထိ ပြသသွားမည်ဟု သိရသည်)