အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းဝအပ်ချုပ်ဆိုင်ရှင်များ အပြီးသတ်လျှောက်လဲချက် မတင်နိုင်သေး

ရန်ကုန် – တစ်နှစ်ကျော်ကြာ စစ်ဆေးလျက်ရှိသော ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်မှ ကလေးအလုပ်သမားများအမှုတွင် ဆိုင်ရှင်များ၏အပြီးသတ်လျှောက်လဲချက်ကို ကြားနာရန် ဒီဇင်ဘာ ၁ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း နိုဝင်ဘာ ၂၃ တွင် သိရသည်။

ဆိုင်ရှင်တစ်ဦးဖြစ်သည့် ဦးတင်မင်းလတ်က ၎င်း၏ ရှေ့နေက ဆက်လက် အကျိုးဆောင်ပေးခြင်း မရှိတော့သည့်အတွက် လျှောက်လဲချက်ကို ထောင်တွင်းမှာပင် ရေးသားခဲ့ကြောင်း၊ ထောင်ပိုင်၏ အတည်ပြုလက်မှတ်မရရှိသေးသဖြင့် တရားရုံးသို့ ယူဆောင်လာနိုင်ခြင်းမရှိသေးကြောင်း ပြောပြသည်။

“ထောင်ပိုင်လက်မှတ်ထိုးပြီးမှ လျှောက်လဲချက်တင်လို့ရမယ်လို့ ပြောတယ်” ဟု ဦးတင်မင်းလတ်က တရားခွင်မှ အထွက်တွင် သတင်းထောက်များကို ပြောသည်။

အင်းဝမိသားစုဝင် ၆ ဦးအတွက် ရှေ့နေ ၅ ဦးက လိုက်ပါဆောင်ရွက်ပေးခဲ့ရာ ဒေါ်တင်သူဇာ၊ ဦးကိုလတ်၊ ဦးတင်မင်းလတ်တို့အတွက် တရားလွှတ်တော်ရှေ့နေ ဦးမျိုးညွန့်၊ ဦးသန်းမြင့်တို့က လွန်ခဲ့သည့် လအနည်းငယ်ခန့်မှစ၍ လိုက်ပါဆောင်ရွက်ပေးခြင်းမရှိတော့ကြောင်း သိရသည်။

ရှေ့နေဦးသန်းမြင့်က အကျိုးဆောင်ခ အပြည့်အ၀ မရရှိသေးသောကြောင့် လိုက်ပါ ဆောင်ရွက်မှု မပြုတော့ခြင်းဖြစ်သည်ဟု ပြောသည်။

အခြား ၃ ဦးဖြစ်သော ဦးရာဇာထွန်း၊ မစုမွန်လတ်၊ မသီရိလတ် တို့အတွက် လျှောက်လဲချက်မှာ အဆင်သင့်ဖြစ်နေသောကြောင့် ၎င်းတို့၏ ရှေ့နေများက သီးခြားလျှောက်လဲချက်ပေးလိုသော်လည်း တရားသူကြီးက ခွင့်မပြုပေ။

“လျှောက်လဲချက်ဆိုတာ တစ်ချိန်တည်းမှာပဲ လျှောက်လဲရမှာပါ” ဟု ခရိုင်တရားသူကြီး ဒေါ်အေးအေးသန်းက တရားခွင်အတွင်း ပြောသည်။

တရားသူကြီး နှစ်ယောက် ပြောင်းလဲ စစ်ဆေးခဲ့သည့် ဤအမှုကို ယမန်နှစ်က စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင် ၆ ဦးသည် အိမ်အကူမိန်းကလေးနှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့ကို ကာလကြာရှည် ပိတ်လှောင်ထားခြင်း၊ ရိုက်နှက်ညှဉ်းပန်းခြင်း၊ လုပ်ခလစာ အပြည့်အဝမပေးခြင်း စသည့် စွဲချက်များဖြင့် ရင်ဆိုင်နေရပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button