သတင်း

အင်းဝအပ်ချုပ်ဆိုင်အမှု ဒီဇင်ဘာ ၁၅ တွင် အပြီးသတ်အမိန့်ချမည်

ရန်ကုန် – အသက်မပြည့်သေးသည့် အိမ်ဖော်မိန်းကလေးနှစ်ဦးကို နှစ်ရှည်လများ အိမ်တွင်းပိတ်လှောင်ကာ နှိပ်စက်ခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် ရန်ကုန်မြို့ လမ်း ၄ဝ ရှိ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ခြောက်ဦး၏အမှုကို လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်သည်။

အမှုစစ်ဆေးမှု တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သော ၎င်းအမှုအတွက် နှစ်ဖက်အပြီးသတ်လျှောက်လဲချက်ကို နှစ်ဖက်ရှေ့နေများက ဒီဇင်ဘာ ၁ ရက်နေ့တွင် တင်သွင်းခဲ့ကြသည်။

“အခု လျှောက်လဲချက်တင်ပြီးပြီ ဆိုတော့ ၁၅ ရက်နေ့ကို အမိန့်ချမယ်” ဟု ခရိုင်တရားသူကြီး ဒေါ်အေးအေးသန်းက တရားခွင်အတွင်း ပြောသည်။

ယခင်ရုံးချိန်းများနှင့် မတူဘဲ ယခုအပတ်ရုံးချိန်းတွင် အင်းဝဆိုင်မိသားစု၏ ဆွေမျိုးသားချင်းများ စုံလင်စွာ တရားခွင်သို့ ရောက်ရှိလာကြသည်။

“အမိန့်ချပြီးရင် ကလေးတွေနဲ့တွေ့ဖို့ မသေချာလို့ ဒီနေ့ပဲ ကလေးတွေကို ခေါ်တွေ့လိုက်တယ်။ အမျိုးတွေလည်း အစုံလာတယ် ” ဟု တရားခံမိသားစုမှ မသီရိလတ်က ပြောသည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာမှာ ကျန်းမာရေး မကောင်းသောကြောင့် တရားခွင်သို့ လာရောက်နိုင်ခြင်းမရှိဘဲ တရားရုံးအချုပ်ခန်းတွင်သာ ကျန်နေခဲ့သည်။

အမိန့်ချမှတ်မည့်နေ့တွင် ဒေါ်တင်သူဇာ တရားခွင်သို့ လာရောက်၊ မရောက် ဆိုသည်မှာ တရားသူကြီး၏ ဆုံးဖြတ်ချက်အတိုင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ယမန်နှစ်က စတင်စစ်ဆေးခဲ့သော ယင်းအမှုသည် ရုံးချိန်းပေါင်း ၈ဝ ဝန်းကျင်ခန့် ရှိလာပြီး အပြီးသတ် အမိန့်ချတော့မည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေမိကြောင်း မိသားစုဝင်များက ပြောသည်။

“အမိန့်ချတော့မယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားတယ်။ ဘယ်လိုချမလဲမသိဘူးလေ ” ဟု မသီရိလတ်က ပြောသည်။

ယမန်နှစ်က လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းရသည်အထိ လှုပ်ခတ်ခဲ့သော အဆိုပါအမှုကို တရားသူကြီးနှစ်ဦး ပြောင်းလဲ စစ်ဆေးခဲ့ပြီး အမှုတွင်ပါဝင်သော အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ခြောက်ဦးကို ကလေးသူငယ်ပုဒ်မ၊ လူကုန်ကူးမှုပုဒ်မ၊ အပြင်းအထန်နာကျင်စေမှုပုဒ်မ နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မများဖြင့် အသီးသီး တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၇ မေလ ၂၅ ရက်နေ့တွင် အသီးသီး စွဲချက်တင်ထားပြီးဖြစ်သည်။

စွဲဆိုထားသည့် ပုဒ်မများအနက် ကလေးသူငယ်ဥပဒေ ၆၆(ဃ) အရ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ၂ နှစ်အထိ ထောင်ဒဏ်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင်ဒဏ် နှစ် ၂ဝ၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၃၅ အရ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဆက်စပ် ဖတ်ရှုရန်

ရန်ကုန်မှ အိမ်အကူ ကလေးနှစ်ဦး လပေါင်းများစွာ နှိပ်စက်ခံရ

အိမ်အကူကို မနှိပ်စက်ခဲ့ကြောင်း အင်းဝမိသားစုဝင်တစ်ဦး တရားရုံးတွင်ထွက်ဆို

လူ့အခွင့်အရေးကော်မရှင်အပေါ် အရေးယူမှုကို အမတ်များ စောင့်ကြည့်နေ

Show More

Related Articles

Back to top button