
ပြည်တွင်းငွေကြေးဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၈၀၀ ကျပ်အထက်သို့ ပထမဆုံးအကြိမ်ရောက်ရှိလာပြီး ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအား များနေဆဲဖြစ်ကြောင်း ပြည်တွင်းရှိ ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းမီ ဇန်နဝါရီ ၂၉ ရက်တွင် ၁ ဒေါ်လာ ၁၃၃၇ ကျပ်သာ ပေါက်ဈေးရှိခဲ့သော်လည်း အာဏာသိမ်းပြီး ခြောက်လခွဲအကြာတွင် ကျပ် ၁၈၀၀ ကျပ်ကို ကျော်လွန်သည်အထိ မြင့်တက်လာကာ ယနေ့ ဩဂုတ် (၁၇) တွင် ၁ ဒေါ်လာ ၁၈၀၅ ကျပ်အထိ ဈေးပေါက်ခဲ့သည်။
အမေရိကန်ဒေါ်လာဈေးနှင့် နှိုင်းယှဉ်ပါက စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ခြောက်လကျော်အကြာတွင် ကျပ်ငွေတန်ဖိုး ၃၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။ အမေရိကန်ဒေါ်လာကို နှုန်းရှင်သတ်မှတ်ခဲ့သည့် ၁၀ နှစ်ကျော်အတွင်း အမြင့်ဆုံးပေါက်ဈေးဖြစ်သလို မှောင်ခိုဈေးကွက်တွင်လည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးဒေါ်လာဈေးနှုန်း ဖြစ်လာသည်။
“ဈေးကွက်ထဲမှာ ဒေါ်လာက ရောင်းတဲ့သူ သတ်မှတ်ဈေးဖြစ်နေတယ်။ လိုတဲ့သူက သူလိုအပ်တဲ့ ပမာဏအပေါ်မှာ ဈေးကြည့်ပြီး ဝယ်နေရတယ်။ ကြိုက်ရောင်းကြိုက်ဝယ်သဘောမျိုး ဖြစ်နေတယ်”ဟု ကမာရွတ်မြို့နယ်မှ ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်ရန် လာမည့် တနင်္လာနေ့ (ဩဂုတ် ၂၃ရက်)တွင် ဒေါ်လာများကို ၁၆၅၀ ကျပ်ဖြင့် ထုတ်ရောင်းမည်ဟု ဆိုသည်။ ဆေးဝါး၊ စက်သုံးဆီနှင့် စားအုံးဆီလုပ်ငန်းများအတွက် ရောင်းချပေးမည်ဖြစ်ပြီး အများပြည်သူကို ရောင်းချမည့် ငွေလဲကောင်တာများမပါဝင်သေးဟု စစ်ကောင်စီဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က မီဒီယာအချို့ကို ပြောကြားထားသည်။
“ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတာ ဆင့်ပါးစပ်နှမ်းပက်သလိုပဲ။ မလုံလောက်နိုင်ပါဘူး။ သူတို့မှာတောင် ဒေါ်လာလိုနေတာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဒေါ်လာဈေး ၁၈၀၀ ကျပ်အထိ မြင့်တက်လာချိန်တွင် ဒေါ်လာဈေးကျစေမည်ဆိုသော သတင်းအချက်အလက်အမှားများလည်း လူမှုကွန်ရက်တွင် ဖြန့်ဝေလာသည်ကို တွေ့ရသည်။
အွန်လိုင်းဒေါ်လာအရောင်းအဝယ်ဂရုများတွင် ဗဟိုဘဏ်တွင်လည်း ဒေါ်လာအမြောက်အမြားရှိကြောင်းနှင့် ဒေါ်လာဈေးများ မကြာခင်ကျဆင်းတော့မည်ဖြစ်ကြောင်း စသည့် သတင်းအမှားကို Facebook အကောင့်တုများဖြင့် ရေးသားဖြန့်ဝေလျက်ရှိသည်။
ဒေါ်လာဈေးအပြောင်းအလဲ မြန်နေခြင်းကြောင့် ငွေလဲကောင်တာများတွင်လည်း ဒေါ်လာအရောင်းအဝယ်ဈေးနှုန်းများကို တရားဝင်ကြေညာာနိုင်ခြင်း မရှိသည့်အပြင် ပြည်တွင်းဘဏ်များကိုလည်း စစ်ကောင်စီက ဩဂုတ် ၁၆ ရက်မှ ၂၂ ရက်အထိ ကိုဗစ်အကြောင်းကြချက်ဖြင့် ပိတ်ခိုင်းထားသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာဈေးကျဆင်းစေရန် ခြောက်လခွဲအတွင်း အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်ကို ထုတ်ရောင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထိုသို့ရောင်းချရာတွင် ပြင်ပပေါက်ဈေးထက် နိမ့်သော ၁ ဒေါ်လာလျှင် အနိမ့်ဆုံး ကျပ် ၁၆၂၅ မှ အမြင့်ဆုံးကျပ် ၁၆၅၀ အထိ ဈေးနှုန်းဖြင့် ရောင်းချခဲ့သည်။
ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာပြီး ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၇ သိန်းအထိ မြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် ၁,၆၆၄,၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်ဖွင့်ထားသည့် ဒေါ်လာဈေးနှုန်းဖြင့် တွက်ချက်ကာ အခေါက်ရွှေတစ်ကျပ်သားကို ၁,၆၅၀,၀၀၀ ကျပ်ဖြင့် ယနေ့အတွက် ရည်ညွှန်းဈေးဖွင့်လှစ်ခဲ့သည်။