ပြည်တွင်းငွေကြေးဈေးကွက်တွင် ယနေ့ (သြဂုတ် ၁၂) အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၂၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းလျက်ရှိပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး ခြောက်လကျော်အကြာတွင် တန်ဖိုး ၂၉ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာသည်။
ယနေ့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ရည်ညွှန်းနှုန်း ၁ ဒေါ်လာ ၁၆၅၀ ကျပ်ဖြင့် ဈေးဖွင့်သော်လည်း ပြင်ပငွေလဲလှယ်ရေးဈေးကွက်၌ ၁ ဒေါ်လာ ၁၇၂၀ ကျပ်အထိ ဈေးပေါက်ခဲ့ကြောင်း ငွေလဲကောင်တာများထံမှ စုံစမ်းသိရှိရသည်။
ထိုနှုန်းသည် အမေရိကန်ဒေါ်လာကို နှုန်းရှင်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ၁၀ နှစ်ကျော်အတွင်း အမြင့်ဆုံးပေါက်ဈေးဖြစ်ပြီး တစ်နည်းအားဖြင့် ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းခြင်းဖြစ်ကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက ပြောသည်။
စစ်တပ်က အာဏာမသိမ်းမီ ဇန်နဝါရီ ၂၉ ရက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၁၃၃၇ ကျပ်ပေါက်ဈေး ရှိခဲ့ရာမှ စစ်အာဏာသိမ်းပြီး ခြောက်လကျော်အကြာတွင် ၁ ဒေါ်လာအပေါ် ကျပ်ငွေတန်ဖိုး ၃၈၃ ကျပ်အထိ ကျဆင်းခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ခြောက်လကျော်အတွင်း ၂၈ ဒသမ ၆၅ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
“အခုကာလမှာ ဒေါ်လာက အဝယ်လိုက်တယ်။ ပြီးတော့ ဈေးကလည်း နေတိုင်းအတက်ပဲရှိနေတယ်” ဟု ကမာရွတ်မြို့နယ်မှ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
ပြင်ပပေါက်ဈေးအရ ၁ ဒေါ်လာ ၁၇၂၀ ပေါက်ဈေးရှိနေချိန် ပုဂ္ဂလိကဘဏ်အချို့၌ ၁၆၅၉ ကျပ်ဖြင့် ဈေးအဖွင့်ပြသော်လည်း အဆိုပါနှုန်းထားဖြင့် လက်တွေ့ရောင်းချပေးခြင်း မရှိဟု သိရသည်။
ထို့ပြင် နေစဉ်အချိန်နှင့်အမျှ ဒေါ်လာဈေးမြင့်တက်နေသောကြောင့် ငွေလဲကောင်တာအများစုမှာ ဈေးဖွင့်ပေးနိုင်ခြင်း မရှိတော့ကြောင်း ငွေလဲကောင်တာများထံမှ သိရသည်။
ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းလာခြင်းမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်တော့သဖြင့် ကျပ်ငွေအပေါ် ပြည်သူများ၏ယုံကြည်မှုနည်းလာခြင်းနှင့် ဘဏ်များမလည်ပတ်နိုင်ခြင်းကြောင့် ဒေါ်လာနှင့် ရွှေကို ပိုမိုစုဆောင်းလာခြင်း၊ စီးပွားရေးကျဆင်းကာ နိုင်ငံခြားဝင်ငွေလျော့နည်းလာခြင်းများကြောင့်ဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။
ကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ယခု ဩဂုတ်လအတွင်း ဒေါ်လာ ၁၃ သန်းကို ငါးကြိမ်ခွဲ ရောင်းချခဲ့သည်။ သို့သော် နေ့စဉ် ဒေါ်လာဈေးမြင့်တက်နေဆဲဖြစ်သည်။
ကျပ်ငွေတန်ဖိုးတက်စေရန် စစ်ကောင်စီက ဖေဖော်ဝါရီလမှ သြဂုတ်လ ဒုတိယပတ်အထိ ဒေါ်လာ ၁၀၃ သန်းကျော် ထုတ်ရောင်းခဲ့သည်ဟု ကြေညာခဲ့သည်။ ထိုသို့ ဗဟိုဘဏ်က ဒေါ်လာများထုတ်ရောင်းသော်လည်း ဈေးကွက်ထဲကို မရောက်ရှိဟု ငွေလဲလုပ်ငန်းဆောင်ရွက်သူများက ပြောသည်။
“သူတို့က တစ်နေ့ ဘယ်လောက်ရောင်းတယ်လို့သာ ကြေညာတာ တကယ်လိုချင်ရင် ဘဏ်တွေမှာ ဒီဈေးနဲ့ ဝယ်လို့မရဘူး။ ဈေးကွက်ထဲကိုလည်း မရောက်ဘူး။ သူတို့ရောက်စေချင်တဲ့သူဆီပဲ ရောက်တာ” ဟု ကျောက်တံတားမြို့နယ်မှ ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်မှုအရ ပြီးခဲ့သည့် ဇူလိုင်လမှာ ဒေါ်လာအများဆုံးထုတ်ရောင်းခဲ့ကာ ဒေါ်လာ ၃၆ သန်းကို ၁ ဒေါ်လာလျှင် အနည်းဆုံး ကျပ် ၁၆၂၅ မှ အမြင့်ဆုံး ၁၆၄၅ ကျပ်ဖြင့် ဒေါ်လာ ၃၆ သန်းရောင်းချခဲ့သည်။
ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာသည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းက ယမန်နေ့တွင်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁,၅၈၈,၀၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ယနေ့တွင် အခေါက်ရွှေဈေးကို ဈေးဖွင့်ပေးနိုင်ခြင်း မရှိဘဲ ဈေးကွက်အတွင်း ရွှေပေါက်ဈေးမှာလည်း ယနေ့ ၁,၆၀၅,၀၀၀ ရှိခဲ့သည်။
မြန်မာကျပ်ငွေတန်ဖိုး ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း လက်ရှိ ၆ ရာခိုင်နှုန်းအထိ ရှိနေရာမှ နောက်ခြောက်လတွင် သိသိသာသာမြင့်တက်လာနိုင်သည်ဟု ဇူလိုင် ၂၆ ရက် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ဆိုသည်။
ထို့ပြင် စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ရောဂါမည်သော နှစ်ထပ်ကွမ်းဘေးဆိုးကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ နှစ်ဆမြင့်တက်လာနိုင်သည်ဟုလည်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။