အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့နယ်မှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး နုတ်ထွက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦး ထွက်စာတင်ကာ နုတ်ထွက်သွားကြောင်း ရွာခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်၌ လောင်းရှည်၊ ရွာတန်းကျေးရွာတို့မှ ဒလန်ဟု နာမည်ထွက်သူ ၄ ဦး ဓားဖြင့်ခုတ်ခံရပြီးနောက် လောင်းရှည်ကျေးရွာအုပ်စုဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးမင်းအောင် ဩဂုတ် ၈ တွင် နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်။

“သူ(ဦးမင်းအောင်)က စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး၊ လက်ရှိ ရွာက အေးဆေးဖြစ်နေပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒလန်နှစ်ယောက် ဓားခုတ်ခံရတယ်၊ အဲ့ဒီရှေ့နှစ်ရက်ကလည်း အခြားရွာက ဒလန်သားအဖ ၂ ဦး ခုတ်ခံရလို့ သေတယ်။ အဲ့ဒါကြောင့် နုတ်ထွက်တယ်လို့ ထင်တယ်”ဟု လောင်းရှည်ရွာသားတစ်ဦးက ဆိုသည်။

ဒေသခံများ ဆန္ဒမဲပေးရွေးချယ်ထားသည့် ယခင်အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီကို ဆန္ဒပြမှုကြောင့် ဧပြီလအတွင်း ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရပြီးနောက် အသက် ၅၀ အရွယ် ဦးမင်းအောင်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသည့် ခင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ ဦးမင်းအောင်က တင်ပြထားသည့် စာတစ်စောင်တွင် ကျန်းမာရေးအခြေအနေ၊ မိသားစုအခြေအနေများကြောင့် ကျေးရွာအုပ်စုဥက္ကဋ္ဌတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ခြင်း မရှိသည့်အတွက် နုတ်ထွက်ခွင့်ပြုရန် တင်ပြထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်၌ လောင်းရှည်ကျေးရွာအတွင်းမှ စစ်ကောင်စီသတင်းပေး (ဒလန်) ဟု ယူဆရသူ ၂ ဦး ဓားဖြင့် ခုတ်ခံခဲ့ရပြီး ဆေးရုံတင်ခဲ့ရကာ နှစ်ရက်အကြာ ၎င်းရွာမှ တစ်မိုင်ခွဲခန့်အကွာရှိ ရွာတန်းကျေးရွာမှ ဒလန်ဟု နာမည်ထွက်သူ သားအဖ ၂ ဦး ဓားဖြင့် ခုတ်သတ်ခံရသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် အာဏာသိမ်းစစ်တပ်က ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေးအတွက် စစ်တပ်ထောက်ခံသူများ၊ ပနံသင့်သူများကို အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခဲ့ရာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ(PDF)၊ ဒလန်ရှင်းလင်းရေးအဖွဲ့များက မေလဆန်းမှစ၍ ၎င်းတို့ကို သတ်ဖြတ်ရှင်းလင်းခဲ့ကြသည်။ 

ထို့နောက် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ကြသော​ အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ခဲ့ကြသည်။ 

ဇွန် ၂ တွင် တန့်ဆည်မြို့၊ ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် တစ်နေ့တည်းမှာပင် ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာအုပ်စုဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်သည် မိသားစု၊ ကျန်းမာရေးအကြောင်းပြကာ နုတ်ထွက်စာတင်ခဲ့သည်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနုတ်ထွက်ရန် ပုလဲမြို့နယ် PDF ၏ သတိပေးစာထွက်ပြီးနောက် သြဂုတ်လဆန်းမှစ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၅ ဦးခန့် ထွက်စာတင်ခဲ့ကြသည်။

ခင်ဦးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ကြသည်ဟု သတင်းများကြားသိရပြီး Myanmar Now အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

ခင်ဦး ကျေးလက်ဒေသများတွင်လည်း အာဏာသိမ်းစစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ 

စစ်ကောင်စီတပ်က အရပ်သားများကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖမ်းလိုသူကို ရှာမတွေ့လျှင် မိသားစုဝင်ကို ဓားစာခံဖြစ် ဖမ်းဆီးခြင်း၊ PSI ရုပ်သံစလောင်း ကြည့်ရှုခွင့်ပိတ်ပင်ခြင်း စသည့် ဖိနှိပ်မှုများ အဆက်မပြတ်လုပ်လျက်ရှိသည်။

ထိုသို့ ဖိနှိပ်ရာတွင် စစ်ကောင်စီက ဒလန်များ၊ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများကို အသုံးချလျက်ရှိရာ ထိုအသုံးချခံများမှာ PDF ကဲ့သို့သော အဖွဲ့များ၏ ပစ်မှတ်ဖြစ်လာသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button