အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုလဲမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၅ ဦး ထွက်စာတင်

စစ်ကောင်စီကို တော်လှန်နေသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် သြဂုတ်လဆန်းမှစ၍ ထွက်စာတင်ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၅ ဦးခန့် ရှိလာကြောင်း ကာယကံရှင်တစ်ဦးနှင့် ဒေသခံများထံမှ သိရသည်။ 

အုပ်ချုပ်ရေးယန္တရား၏ ဒေါက်တိုင်ဖြစ်သည့် အုပ်ချုပ်ရေးမှူးများနုတ်ထွက်ရန် ပုလဲမြို့နယ် PDF က ဇူလိုင် ၂၉ တွင် သတိပေးစာထုတ်ပြန်ပြီးနောက် ထိုသို့ ထွက်စာတင်ကြခြင်း ဖြစ်ကြောင်း ထိုအဖွဲ့နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“နုတ်ထွက်တာက လောလောဆယ် ကျွန်တော့်ဆီကို စာရွက်နဲ့ မျက်မြင်တွေ့ရတာ ၁၅ ယောက် ရှိသွားပြီ။ တချို့ကလည်း တင်ပြီးတဲ့အကြောင်း၊ လိုင်းပေါ်ကို ရေးလိုက်တာ။ ကျန်တာတွေကလည်း ရှိလာမှာပါ”ဟု ထိုအမျိုးသားက ပြောသည်။ 

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အကာအကွယ်မပေးသော၊ ပြည်သူလူထုကို အနိုင်ကျင့်သော စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိတော့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“တာဝန်သာ ထမ်းဆောင်နေရတာ။ အကာအကွယ်မရှိတော့ကျတော့ ပြည်သူတွေအပေါ်မှာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ကိစ္စတွေ ဆက်ကျူးလွန်နေတော့ ကျွန်တော်တို့က ဆက်ပြီး တာဝန်ထမ်းဆောင်နေခဲ့ရင် ပြည်သူတွေမျက်နှာကို ကျွန်တော်တို့ကြည့်ရမယ်။ ပြည်သူတွေနဲ့ ရပ်တည်ရမယ်။ စကစရဲ့ စေခိုင်းမှုကို ဆက်လက် တာဝန်ထမ်းဆောင်နိုင်စွမ်း မရှိတော့လို့ နုတ်ထွက်တာပါ” ဟု ထွက်စာတင်ထားသူ ၎င်းကျေးရွာအုပ်ချုပ်ရေးမှူးက Myanmar Now ကို ယနေ့တွင် ပြောသည်။ 

၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဒေသခံ လူထု၏ ရွေးကောက်တင်မြှောက်မှုဖြင့် အုပ်ချုပ်ရေးမှူးရာထူး ရရှိခဲ့ဖူးသူ ဖြစ်သည်။ 

ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ဩဂုတ် ၁ ရက်စွဲဖြင့် စာတင်ခဲ့သော်လည်း အကြောင်းပြန်ကြားမှုမရှိသေးဟု ၎င်းက ဆိုသည်။

အနယ်နယ်မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအများအပြား မေလဆန်းမှစ၍ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ 

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ခြင်းမရှိပါက သက်ညှာမှုမရှိဘဲ အရေးယူသွားမည်ဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

“အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရားကို ပါဝင်ကူညီလည်ပတ်ဖို့ ကြိုးစားသူဟာလည်း ပြည်သူအားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ပြည်သူတွေရဲ့ဆန္ဒအတိုင်း သုတ်သင်ရှင်းလင်းရမယ်”ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Myanmar Now ကို ဖြေကြားသည်။  

သြဂုတ် ၁ နောက်ဆုံးထား နုတ်ထွက်ကြရန် အချိန်ပေးခဲ့သော်လည်း ဩဂုတ် ၈ အထိ သက်တမ်းတိုးမြှင့်ပေးထားသည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူနှစ်ဦးက ပြောသည်။ 

ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ စာရင်းအရ ကျေးရွာပေါင်း ၁၈၉ ရွာရှိသည့် ပုလဲမြို့နယ်တွင် ချင်ပြစ်၊ ကန်ဒေါင့်၊ မရိုးတုန်း၊ ပိတောက်ကုန်း စသည့်ရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၅ ဦးခန့် နုတ်ထွက်စာတင်ထားကြောင်း၊  အများစုမှာ ကျန်းမာရေးအရ နုတ်ထွက်လိုကြောင်း တင်ပြထားကြခြင်းဖြစ်ကြောင်း PDF နှင့် နီးစပ်သူများထံမှ သိရသည်။ 

ထိုသို့ နုတ်ထွက်ကြသော်လည်း လက်ရှိကြားကာလတွင် ပြည်သူအချင်းချင်း အပြန်အလှန်ကူညီစောင့်ရှောက်မှုဖြင့် ရှေ့ဆက်သွားမည်ဖြစ်သည့်အတွက် အခက်အခဲမရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်လပိုင်းမှစ၍ ပုလဲမြို့နယ်တွင် စစ်ကောင်စီသတင်းပေးအဖြစ် အမည်ထွက်နေသူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဩဂုတ် ၂ တွင် အလားတူ စစ်ကိုင်းတိုင်း၊ မြို့တော် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သည် ကိုဗစ်နိုင်တင်းရောဂါကြောင့် တာဝန် ဆက်လက်ထမ်းဆောင်နိုင်ခြင်း မရှိတော့သည့်အတွက် နုတ်ထွက်ခွင့်တောင်းထားသည့်စာ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသော်လည်း ထိုစာမှာ စစ်မှန်ခြင်းရှိမရှိ သီးခြားအတည်မပြုနိုင်သေးပေ။  

အာဏာသိမ်းစစ်ကောင်စီသည် ၆ လကျော်ကြာသည်အထိ အုပ်ချုပ်ရေးယန္တရား ကောင်းစွာလည်ပတ်နိုင်ခြင်း မရှိဘဲ အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရခြင်း၊ ရုံးများဖောက်ခွဲခံရခြင်းတို့နှင့်  ကြုံတွေ့နေရပြီး အုပ်ချုပ်ရေးမှူးများကလည်း နုတ်ထွက်စာတင်နေကြသည်။

ဇွန် ၂ တွင် တန့်ဆည်မြို့ ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး ယင်းနေ့မှာပင် ခင်ဦးမြို့နယ်တွင်လည်း စစ်ကောင်စီခန့်  ကျေးရွာအုပ်ချုပ်ရေးမှူး နုတ်ထွက်ခဲ့သည် ။ 

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်ရာတွင် အစောဆုံးမြို့ဖြစ်သည့် ကလေးမြို့တွင်လည်း ပြီး ခဲ့သည့် ဇွန်လ၌ ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးသည် မိသားစုအရေးကိစ္စ အကြောင်းပြ၍ နုတ်ထွက်စာတင်ခဲ့သည်။ 

ဇူလိုင် ၄ ၌ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင်လည်း အနည်းဆုံး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၈ ဦးခန့် တာဝန်မှ နုတ်ထွက်ရန် တင်ပြခဲ့ကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button