သတင်း

စစ်ကိုင်းတိုင်းတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ၊ အုပ်ချုပ်ရေးမှူးတစ်ဦး နုတ်ထွက် 

စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့ (ဇွန်) နံနက်ပိုင်းက အသတ်ခံခဲ့ရပြီး တစ်ချိန်တည်းမှာပင် ခင်ဦးမြို့နယ်တွင်လည်း စစ်ကောင်စီ၏ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နုတ်ထွက်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် တန့်ဆန်မြို့ ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းမှာ ယနေ့နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့သည်ဟု တန့်ဆည်မြို့ရှိ လူမှုကူညီရေးအသင်းဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်က ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းသည် တန့်ဆည်မြို့တောင်ဘက်အစွန်ရှိ အထက်တန်းကျောင်းဖွင့်ရန် သွားရောက်စဉ် ကျောင်းအနီးရှိ အရက်ဆိုင်ရှေ့တွင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“စာသင်ကျောင်းကို သွားဖို့  သီရိကန် (ရေကန်) ဘက်ကနေ ပတ်လာတဲ့သူတွေက ပစ်သွားတာလို့ ပြောတယ်။ သူ (ဦးရဲထွန်း) ကျောင်းဖွင့်အရေး၊ ကျောင်းတက်ဖို့အရေးအတွက် ကမကထလုပ်နေတာ။ သူက အတိုင်အတောထူတတ်တဲ့လူ” ဟု အထက်ပါ မြို့ခံလူမှုကူညီရေးအသင်းဝင်က ပြောသည်။ 

သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူ ဦးရဲထွန်းသည် ဦးသိန်းစိန်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် နောက်တစ်ကြိမ် အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ကြောင်း သိရသည်။

ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း၊ ရဲစခန်းသို့ ဝင်ထွက်သွားလာနေသည့် ဒလန်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများကို ထပ်မံဒုက္ခပေးပါက ရှေ့လူသွားရာလမ်းအတိုင်း ဖြောင့်ဖြောင့်တန်းတန်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ဆိုသော အဖွဲ့က လူမှုကွန်ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ 

အုပ်ချုပ်ရေးမှူး ဦးရဲထွန်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အထက်တန်းကျောင်းအနီးတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများပြုလုပ်နေသည်ဟု မြို့ခံလူမှုကူညီရေးအသင်းဝင်က ပြောသည်။

ယမန်နေ့(ဇွန် ၁) ညပိုင်းကလည်း တန့်ဆည်မြို့မှ ၅ မိုင်အကွာရှိ နဘက်ကြီးရွာစာသင်ကျောင်း မီးလောင်ကျွမ်းခဲ့သည့်နည်းတူ တန့်ဆည်မြို့ရဲစခန်းအတွင်းရှိ အိမ်ထောင်သည်လိုင်းခန်းတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ 

တန့်ဆည်မြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံခဲ့ရသည့် ယနေ့နံနက်ပိုင်းတွင် တန့်ဆည်မြို့နှင့် ခရီးအကွာအဝေး မိုင် ၃၀ ခန့်ရှိ ခင်ဦးမြို့နယ်တွင် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတစ်ဦး နုတ်ထွက်ခဲ့သည်။

စစ်ကောင်စီ၏ ​ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးအောင်သန်းဇော်သည် ကျန်းမာရေးအခြေအနေ၊ မိသားစုအခြေအနေများကြောင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းမရှိပါသဖြင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုပါရန် မြို့နယ်အုပ်ချုပ်ရေးဖွဲ့ထံ တင်ပြခဲ့သည်။ 

စစ်ကောင်စီက ခန့်အပ်ထားသော ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည့်အတွက် နုတ်ထွက်ခြင်းဖြစ်နိုင်ကြောင်း ခင်ဦးမြို့ခံအချို့က ဆိုသည်။ 

Show More

Related Articles

Back to top button